ဖော်ရွေတတ်တဲ့ကောင်လေးကို ရည်းစားတော်မိသောအခါ

ဖော်ရွေတတ်တာတော့ ကောင်းပါရဲ့… သို့သော်… 

ဘယ်ပရဟိတကိစ္စမဆို သူပါတယ်၊ ဘယ်နေရာသွားသွား သူ့အသိတစ်ယောက်မဟုတ် တစ်ယောက်နဲ့ အမြဲတွေ့တွေ့နေရတယ်၊ သူ့သူငယ်ချင်းတွေထဲမှာ ယောကျာ်းလေးရယ်၊ မိန်းကလေးရယ်မရှိ။ အကုန်ပေါင်းတယ်။ ကူလည်းတအားကူညီတော့ မိန်းကလေးတွေကလည်း ဖက်လဲတကင်းပေါင်းကြရော။ ဘယ်ပွဲမဆို သူကလည်းမပါမဖြစ် ဟိုကခေါ်ဒီကခေါ်နဲ့။ ကိုယ်ဒီစာကိုဖတ်နေတုန်း ကိုယ့်ရည်းစားကို မျက်လုံးထဲ ထီးထီးကြီးမြင်နေလား? ဒါဆိုရင်တော့ ယောင်းချစ်သူက အရမ်းဖော်ရွေတတ်တာပဲနော်။ ဒီလိုဖော်ရွေတတ်တဲ့ ကောင်လေးကို ချစ်သူတော်မိတဲ့အခါ…

(၁) စိတ်မချ သဝန်တိုတာ ၂ ဆဖြစ်ရတယ်။

သဘာဝကိုက သဝန်အရမ်းတိုတတ်ပါတယ်ဆိုမှ သူက အဲ့လို ဖော်ဖော်ရွေရွေ ရင်းရင်းနှီးနှီးဆက်ဆံနေ၊ ဟိုကလည်း အရမ်းကြီးတွေ ခင်နေတဲ့အခါ ကိုယ်ရဲ့သဝန်တိုတဲ့ လယ်ဗယ်က နှစ်ဆလောက်တက်ပြီလေ။ တစ်ချို့ကလည်း ခင်တာက နည်းနည်းအတင်းရောနေတာက များများဆိုတော့ ကိုယ်က မချိသွားဖြဲနဲ့ ပုံမှန်ထက်ပိုပြီး သဝန်တိုရတာပေါ့။

Related Article >>> ကိုယ့်ရဲ့ex နောက်တစ်ယောက်အသစ်ရသွားတဲ့အခါ ဘယ်လိုလုပ်မလဲ

(၂) သူခြေများသလောက် ကိုယ်လိုက်ရတယ်။

ခြေများတယ်ဆိုတာ သွားစရာပွဲတွေ၊ နေရာတွေ တအားကို များနေတာကို ပြောချင်တာပါ။ တစ်ယောက်တည်း လွှတ်လိုက်ဖို့ကလည်း ဘယ်သူတွေများ ဘာတွေလာလုပ်နေမလဲ ဆိုတဲ့စိတ်နဲ့ ကိုယ်ကလိုက်ရပြန်ရော။ တွေ့သမျှလူကို ပြုံးပြရ၊ နှုတ်ဆက်ရနဲ့ ကြာတော့လည်း ကိုယ်မသိတဲ့ပတ်ဝန်းကျင်တစ်ခုကို မသိတဲ့ကြားထဲက ဆက်ဆံနေရတာဆိုတော့ ပင်ပန်းလာတာပေါ့။

(၃) သူအားနာနေလို့ ကိုယ့်အပေါ်မသိတတ်တဲ့ ကိစ္စတစ်ချို့ကို နားလည်ပေးရတယ်။

သူများထက် ဖော်ရွေတတ်တဲ့လူတွေက သူများထက် ပိုပြီးအားနာတတ်တဲ့ လူတွေဆိုတော့ တစ်ချို့ သူများကိုအားနာရင်း ကိုယ်ကခါးပါသွားတဲ့ အကွက်တွေကို သူတို့ကတော့ မသိလိုက်ဘာသာဖြစ်ပေမဲ့ ကိုယ်ကကျပြန်တော့ ထိခိုက်ရင် ထိခိုက်သလို ‘ဒါ ငါ့ကိုထိခိုက်သွားပြီ’ လို့ မြင်လိုက်တာပဲလေ။ ဒါပေမဲ့ ကိုယ်ကသာ ထိခိုက်နေတာ သူကဘာမှမဖြစ်ဘူးဆိုတော့ တစ်ချို့သေးသေးလေးတွေကို လျှော်ပေးရင်း လျှော်ပေးရင်း ကိုယ်ပါရောယောင်ပြီး ခါးတွေပါကုန်ရော။ ဒါမဲ့လည်း ချစ်တာကိုး နားလည်ပေးရမှာပေါ့လေ။

(၄) မိတ်ဆွေအပေါင်းအသင်း ကိစ္စတွေနဲ့ ရန်ဖြစ်ရတဲ့အခါ ကိုယ်ကပဲအမြဲအလျှော့ပေးရတယ်။

တစ်ခါတလေတော့ သူ့အပေါင်းအသင်းထဲမှာ အလိုက်လုံးဝမသိတတ်တဲ့ လူမျိုးတွေနဲ့ တွေ့ရတဲ့အခါ ဒီပြဿနာက စတော့တာပါပဲ.. အဲ့လိုလူမျိုးတွေနဲ့ ပတ်သက်ဆက်ဆံနေရင်း ကိုယ်သည်းခံနိုင်တဲ့ အတိုင်းအတာထက်ကျော်သွားပြီး ရန်တွေဖြစ် စကားများကြရင်လည်း ကိုယ်ကပဲ အမြဲအလျှော့ပေးရပါတယ်။ မလျှော့ရင်လည်း ခဏခဏရန်ဖြစ်ပြီး သတ်ဖြတ်နေကြရုံပဲ ရှိတာမလား။

Related Article >>> အရက်မသောက်၊ ဆေးလိပ်မသောက်၊ မိန်းမမရှုပ်တဲ့လူမျိုးဟာ အိမ်ထောင်ဖက်ကောင်းဖြစ်နိုင်ပါ့မလား

ကဲ ကိုယ့်ချစ်သူက ဒီလိုဆိုမှတော့ ကိုယ်ကလည်း ရေလိုက်ငါးလိုက် လုပ်ရုံပေါ့ ယောင်းရယ်။ သူ့မှာလည်း ကောင်းကွက်လေးတွေတော့ ရှိပါတယ်။ အပေါင်းအသင်းမိတ်ဆွေ တိုးတယ်၊ တစ်ခါတလေ စိတ်အနှောင့်အယှက်ဖြစ်ရပေမဲ့ တစ်ခါတလေတော့ သူ့ရဲ့ကူညီတတ်တဲ့အကျင့်လေးက ကြည်နူးစရာလေးဖြစ်နေပြန်ရောလေ။ တခြား အကျိုးလိုလို့ ညောင်ရေလာလောင်းမယ့် ပျိုကညာလက်ထဲကလည်း ကိုယ်ပြောတတ်ဆိုတတ်ရင် အေးဆေးကိုင်တွယ်လို့ရပါတယ် ဟုတ်တယ်မလား။ ဒါကြောင့် သူကဒီလိုလူမျိုးဆိုရင် သူ့ရဲ့အရှိကို အရှိတိုင်းလက်ခံပြီး နားလည်ပေးလိုက်ပါ။ တစ်ချို့သော ကိစ္စတွေကျ အရမ်း ထိခိုက်နေပြီလို့ ခံစားနေရရင်တော့လည်း လေချိုအေးလေးသွေးပြီး ချော့ပြောပေါ့။ ဒါဆိုရင်တော့ ယောင်းတို့ အချစ်ရေးက အဆင်ပြေပါလိမ့်မယ်လို့။

Hnin Ei Oo (For Her Myanmar)

No Comments Yet

Leave a Reply

Your email address will not be published.