အချစ်ဆုံးသူငယ်ချင်းနဲ့ ကတောက်ကဆဖြစ်ကြရင်….

ဒီလိုနဲ့ပဲ ပြေလည်သွားပေါင်း မနည်း 😀

အချစ်ရဆုံးသူငယ်ချင်းတွေနဲ့ ကတောက်ကဆမဖြစ်ဖူးသူတွေ ရှိလားဗျို့… အက်ဒမင်နဲ့ အက်ဒမင့် BFF တို့ကတော့ တကျက်ကျက်ပဲ….

ရန်ဖြစ်တယ်ဆိုတာလည်း သဘာဝကျပါတယ်။ အမေတစ်ယောက်တည်းကနေ မွေးတဲ့ မောင်နှမအရင်းခေါက်ခေါက်တွေတောင် စိတ်တူကိုယ်တူမရှိတာ ဒီလိုသွေးမတော် သားမစပ်တဲ့ လူတွေ သူငယ်ချင်း ဖြစ်ကြတဲ့အချိန်မှာ အချိန်တိုင်းတည့်နေတာမျိုးတော့ ရှိမယ်မထင်မိပါ။

ကဲ ဒီလိုဆို အက်ဒမင်နဲ့ အက်ဒမင့် BFFတို့ ရန်ဖြစ်ရင် ဘယ်လိုဖြေရှင်းကြလဲဆိုတာကို နည်းနည်းလေးဖောက်သည်ချပေးမယ်နော်…

  • ပြဿနာတိုင်းကို အရမ်း အလေးအနက်မထားဘူး

ရှိပါတယ်.. တော်တော်ကြီးမားတဲ့ ပြဿနာတွေ။ ဒါပေမဲ့ ကိစ္စတိုင်း ဖြစ်လာတဲ့ပြဿနာတိုင်းကို အရမ်းအလေးအနက် ထားလွန်းရင်လည်း ရှင်းမရတဲ့အထိ ဖြစ်တတ်ပါတယ်။ အက်ဒမင်ပြောချင်တာ ပေါ့ပေါ့တန်တန်လေးဖြေရှင်းဖို့ ပြောနေတာမဟုတ်ဘူးနော်။ အရမ်းကြီး အတွေးခေါင်ပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်မယ့် အတွေးတွေ မတွေးမိဖို့ပါ။

  • ပြဿနာဖြစ်ဖြစ်ချင်း ထိပ်တိုက်ရှင်းတယ်။

တစ်ခါတလေ ပြဿနာဖြစ်ဖြစ်ပြီးချင်း သွေးအေးအောင် အချိန်ပေးလိုက်တာကလည်း တဖြည်းဖြည်းပိုဝေးသွားစေတဲ့ အချက်ပါပဲ။ သူကတော့ ငါ့ကိုဒီလိုပြောတယ် ဒါသူ့စိတ်ထဲမှာ ဒီလိုရှိနေလို့ပေါ့ စသည်ဖြင့် သွေးအေးဖို့အချိန်ယူလိုက်တာဟာ အတွေးလွန်ဖို့ အချိန်ပေးလိုက်သလိုဖြစ်ဖြစ်သွားတတ်ပါတယ်။ အဲ့လိုဆို သူကဒီလိုပြောတုန်းက ငါကဒီလိုပြန်ပြောလိုက်ရမှာ စသည်ဖြင့် မပြီးနိုင်တဲ့အတွေးတွေ ဝင်သွားတဲ့အချိန်မှာ ပြီးသင့်တဲ့ပြဿနာက မပြီးတော့ဘဲ ဆွဲဆန့်နေသလို ဖြစ်နေမှာပါ။

Related Article >> အချစ်ဆုံးသူငယ်ချင်းတွေ လမ်းခွဲပြတ်စဲကြတဲ့အခါ

  • ငါသာ သူ့နေရာမှာဆိုရင်ဆိုတဲ့ အတွေးနဲ့ လေးစားမှုရှိပေးပါ။

တစ်ခါတလေ ကိုယ့်နေရာကနေကြည့်ရင် နားမလည်နိုင်ပေမဲ့ သူဆိုတဲ့နေရာလေးမှာ ဝင်ကြည့်လိုက်တော့လည်း နားလည်ပေးသွားနိုင်တာမျိုးတွေ ရှိပါတယ်။ အဓိကကတော့ ထိပ်တိုက်ရှင်းပြီဆိုရင်လည်း သူ့ဘက်က ဖြေရှင်းချက် ခံယူချက်ကိုလည်း ကိုယ်ကလေးစားမှုနဲ့ နားထောင်ပေးဖို့လိုပါတယ်။ ကိုယ်ကချည်းပဲ မှန်တယ်ဆိုပြီး ကိုယ်ပြောတာပဲ နားထောင် လုပ်လို့မရဘူးလေနော်။

  • အကြာကြီးစိတ်ဆိုးစိတ်ကောက်မလုပ်ပါနဲ့။

မိန်းကလေးသူငယ်ချင်းအတော်များများ ကတောက်ကဆဖြစ်တဲ့အခါ စိတ်ဆိုးစိတ်ကောက်ပြီး မခေါ်မပြော၊ အကောင့်တွေလဲ Unfollow လုပ် ဒီလိုကောက်ကြတာများပါတယ်။ တကယ်တမ်း ဒီလိုလုပ်တာက ပြဿနာကိုဘယ်လိုဖြေရှင်းရာရောက်လို့လဲဆိုတာ အက်ဒမင်တကယ်စဉ်းစားမရပါ။ ကြာလာတာနဲ့အမျှ မခေါ်မပြောနေရာက တဖြည်းဖြည်းနဲ့ဝေး နောက်ဆုံးသူစိမ်းတွေတောင်ဖြစ်တဲ့အထိတွေ ဖြစ်တာတော့ တကယ်မကောင်းပါဘူး ယောင်းတို့ရေ…

Related Article >> သူငယ်ချင်းကောင်းဆိုသည်မှာ

  • ဒီ ရင်းနှီးမှုကို ပြန်လည်ဆန်းစစ်ပါ။

သူနဲ့ ခင်မင်ရင်းနှီးမှုက ဘဝမှာ ဘယ်လောက်တောင်အရေးပါခဲ့ပြီလဲ?? အတူရှိတဲ့အမှတ်တရတွေ၊ ဖြစ်ရပ်တွေကို ဒီပြဿနာလေးတစ်ခုနဲ့ အဆုံးသတ်နိုင်တာလား?? သူတို့မရှိတဲ့နောက်ပိုင်း ငါ့ဘဝမှာရော နေပျော်မှာလား?? စသည်ဖြင့် တွေးကြည့်လိုက်ပါ။ အဖြေတစ်ခုမဟုတ်တစ်ခု ထွက်လာပါလိမ့်မယ်။ ကိုယ်မှားနေခဲ့ရင်လည်း တောင်းပန်ဖို့ ဝန်မလေးပါနဲ့။ ကိုယ်ကမှန်နေခဲ့ရင်လည်း မှားနေတဲ့လူကိုခွင့်လွှတ်ဖို့ အဆင်သင့်ဖြစ်နေပါစေ။

ဒီအချက်တွေက ကိုယ်နဲ့ကိုယ့် BFF ဘယ်လောက်ကတောက်ကဆတွေပဲရှိရှိ ရေရှည်ထိ နှစ်ကိုယ့်တစ်စိတ်နေသွားနိုင်မယ့် နည်းလမ်းလေးတွေပါ။

ယောင်းလေးတို့လည်း ကိုယ့်သူငယ်ချင်းနဲ့ ဘယ်လောက်အဖုအထစ်လေးတွေပဲရှိရှိ နားလည်မှုရှိပြီး ရေရှည်လက်တွဲနိုင်ကြပါစေလို့ ဆုတောင်းရင်း…..

Thu ( For Her Myanmar )

No Comments Yet

Comments are closed