မိန်းကလေးတွေဘက်က ထုတ်မပြောရဘဲ အလိုလိုသိစေချင်ကြတဲ့ အချက် (၅)ချက်

နံပါတ်စဉ်အားလုံးက ကိုယ့်ကိုများ စောင်းချိတ်ပြီး ရေးသလားမှတ်ရတယ်။

‘နင်တို့မိန်းကလေးတွေကလေ နားလည်ရတာအရမ်းခက်တာပဲ’ ဒါသူတို့ယောကျာ်းတွေရဲ့ ပြောစကား။ မိန်းမမာယာ သဲကိုးဖြာတဲ့။ အမယ် စကားပုံတွေနဲ့ ကိုးကားပြီး မိန်းမတွေစိတ်က ခန့်မှန်းရခက်တယ်ဆိုပြီး ပြောကြသေးတာ။ ဒါပေမဲ့ ဒီအချက်လေး (၅) ချက်သိထားရင်တော့ ‘သြော် ဒီလောက်ကြီးလည်း နားလည်ရမခက်ပါဘူး’ ဆိုပြီးဖြစ်သွားပါလိမ့်မယ်။ ဘာအချက်တွေလဲ ဆိုတော့… 

(၁) ကိုယ်စိတ်ကောက်တဲ့ကိစ္စကို မပြောဘဲသိစေချင်တယ်။

သဲလေး ဘာဖြစ်နေလဲလို့မေးတဲ့အချိန် ဘာမှမဖြစ်ဘူးလို့ ဆူဆူဆောင့်ဆောင့်နဲ့ ပြန်ဖြေတဲ့အခါ စိတ်ကောက်နေပြီဆိုတာကို မပြောဘဲ သဘောပေါက်ထားပါ။ ဘာလို့ကောက်နေတာလဲလို့ မေးရင်လည်း နင်လုပ်ထားတာ နင်သိပေါ့ဆိုတဲ့ အဖြေမျိုးပဲပြန်ရမှာမို့ ကိုယ့်ရဲ့ တစ်နေ့တာလုံးမှာ ဘာလုပ်ခဲ့လဲဆိုတာကို ပြန်စဉ်းစားပြီး ခပ်ပြေပြေအနမ်းလေးနဲ့ မြန်မြန်ချော့လိုက်ပါ။

(၂) ရန်ဖြစ်ရင် အရင်ပြန်စခေါ်စေချင်တယ်။

ရန်ဖြစ်ကြတဲ့အချိန် ဘယ်သူမှားမှားမှန်မှန် သူ့ဘက်က အရင်စချော့တာကို ခံချင်ပါတယ်တဲ့။ ကိုယ်က ကွဲမယ်ပြဲမယ် ပြန်မလာဘူးလို့ ပါးစပ်ကပြောနေတဲ့အချိန် သူ့ဘက်က နင်မရှိရင်ငါမနေနိုင်ပါဘူး။ ငါကနင့်ကိုအရမ်းချစ်တာပါ ဘာညာဆိုပြီး ဘေးနားမှာ တဂျီဂျီနဲ့ ပြောစေချင်ပါတယ်။ အဲ့လိုပြောနေတဲ့ အချိန်မှာမှ အင်း ငါကတော့သိပ်စိတ်ဆိုးနေတာ ဒါပေမဲ့ မကြည့်ရက်လို့ဆိုပြီး အကျောကြီးနဲ့ ပြန်ပျော့ပေးရတာမျိုးကို ကျေနပ်နေတာမျိုးပေါ့။

Related Article >>> အရေးမပါတဲ့ အတိတ်နွံထဲက ဘယ်လိုရုန်းထွက်ရမလဲ?

(၃) ဖုန်းပိတ်ထားလည်း မစ်ကောတွေတစ်ထောကြီးဝင်နေတာကို မြင်ချင်တယ်။

သူ့ဘက်ကကျတော့ ဖုန်းတစ်ခါဆက်လို့ ပိတ်ထားရင် မဆက်စေချင်လို့ ပိတ်ထားတယ်၊ အကြောင်းတစ်ခုခုရှိလို့နေမှာပေါ့တို့ဆိုပြီး ထပ်ပြီးမဆက်တော့ပေမဲ့ ကိုယ်တွေကတော့ ပိတ်ထားရဲ့နဲ့ အဲ့လိုအတင်းကာရောဆက်ထားတာကို ဖုန်းဖွင့်တဲ့အချိန်မှာ မြင်ချင်ကြတာပါ။ ကိုယ်က ဒီလောက် အဆက်အသွယ်ဖြတ်ထားတာတောင်မှ မရမကပြန်ဆက်သွယ်တယ်ဆိုတော့ ကိုယ့်ကိုအလေးထားပြီး တန်ဖိုးထားရာရောက်တယ်လို့ မှတ်ယူထားတာကြောင့်လေ။ (ဖုန်းလေးကို တစ်ချက်လေး တိကနဲဖိ ကောလေးဝင်တာနဲ့ ပြန်ချ၊ နောက်ကျတော့ နောက်ကောင်မလေးနဲ့ ကြူနေရင်း ဖုန်းမအားတာကို သဲလေးဆီ ဖုန်းဆက်နေလို့ပါဆိုပြီး ဂျင်းသိပ်လည်း ကိုယ်သိတာမှတ်လို့။ :3 )

Related Article >>> မသိဘူး… ဖုန်းပိတ်ထားလည်းဆက် -_-

(၄) နှစ်ပတ်လည်တွေ၊ မွေးနေ့ တွေကို အမြဲသတိရစေချင်တယ်။

ကိုယ်တို့ရဲ့ နှစ်ပတ်လည်ရက်ကိုတော့ အမြဲစာကျက်သလို တစ်ရေးနိုးထမေးလည်း ဒိုင်းကနဲဖြေနိုင်အောင် အလွတ်သာကျက်ထားပါ။ ဒါမှမဟုတ် ရုတ်တရက်မေ့နေတယ်ဆိုရင်လည်း ဒီနေ့ဘာနေ့လဲလို့မေးတာနဲ့ ဦးနှောက်က ပြေးနေပါစေနော်။ ဒီနေ့ ဘယ်နှစ်ရက်နေ့လေ ဘာနေ့လေလို့ သွားပြန်ပြောမိရင်တော့ စိတ်ကောက်ပြီလို့သာ မှတ်လိုက်ပါတော့။ အဲ့လို ကောက်တာကိုမှ ဘာမှန်းမသိသေးဘူးဆို ကိုယ့်ဘဝကိုယ် အဆုံးထိသာ တွေးလိုက်ပါတော့ ဘဒိုတို့ရေ… 

(၅) စားချင်တာကို မပြောဘဲဝယ်ကျွေးစေချင်တယ်။

ကိုကိုရေ… ချစ်လေ ဒါလေးစားချင်လိုက်တာလို့ ပြောလိုက်တာနဲ့ ကိုယ်အဲ့မုန့်တွေနဲ့ အိမ်အောက်ရောက်နေပြီ ချစ် ဆိုတာမျိုးလေး လိုချင်တာပေါ့နော် 😛 နောက်တာပါ။ အဲ့လောက်ကြီးတော့ တော်ရုံဘယ်လုပ်ပေးနိုင်မလဲနော်… နောက်ပြီး အပြင်သွားရင်လည်း ကိုယ်က ဘာစားချင်လိုက်တာလို့ မပြောဘဲ ကိုယ့်စိတ်ထဲမှာ ရှိနေတာကို အလိုလိုသိစေချင်တာမျိုးပေါ့။ စားချင်တာလေးများ အလိုက်တသိ ဝယ်ကျွေးခံရရင် လမင်းကြီးပမာ မျက်နှာလေးကို ပြုံးလို့ပျော်လို့။ တိုက်ဆိုင်သွားတာပဲဖြစ်ဖြစ်၊ ဘာပဲ ဖြစ်ဖြစ်ပေါ့လေ… 

ဒီအချက် (၅) ချက်ကိုသိရင်တော့ အပေါ်ကပြောထားတဲ့ သိပ်နားလည်ရခက်ပါတယ် ဆိုတဲ့ ကိစ္စတွေကို တစ်ဝက်လောက် အလိုလိုသဘောပေါက်သွားမှာပါ။ ဒါပေမဲ့ ယောင်းတို့ကလည်း တစ်ခုပြန်သတိထားပေးရမှာက သူကကိုယ်မဟုတ်လို့ ကိုယ့်စိတ်တွေကို အလုံးစုံ အရမ်းသိတတ်နေမှာ မဟုတ်ပါဘူးနော်။ ကိုယ့်စိတ်ကို သူဝင်ဖတ်လို့ ရတာလည်း မဟုတ်လေ… အဲ့တော့ တစ်ခါတလေလည်း ပြဿနာမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေကို လျှော်ပေးပြီး စိတ်အရမ်းကောက်တာလေးတွေ လျှော့ပါလို့။ သူကလည်း ကိုယ့်စိတ်ကို နားလည်ဖို့ကြိုးစား ကိုယ်ကလည်းစိတ်ကောက်တာလေး လျှော့လိုက်ရင် ဒီထက်ချစ်စရာကောင်းတဲ့ အချစ်ရေးလေးဖြစ်လာပါလိမ့်မယ်လို့ :* 

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed