မိန်းကလေးတွေ ကိုယ့်ချစ်သူကို ထားသွားရတဲ့ အကြောင်းအရင်း (၅) ချက်

ကိုကိုတွေကလည်း တကယ်လမ်းခွဲမှ မေးခွန်းတွေမေးမယ့်အစား ကိုယ့်ချစ်သူကောင်မလေးကို ဒီလိုအပြုအမူတွေ မလုပ်မိဖို့သတိထားရမယ်နော်။

ယောက်ျားလေးတွေက ၁၀၀% ကနေ စချစ်ပြီး မိန်းကလေးတွေက ၅၀%ကနေ စချစ်တယ်တဲ့.. တကယ်လည်း ဟုတ်မယ်ထင်တယ်နော်.. နှင်းတို့ မိန်းကလေးတွေက စချစ်တုန်းကတော့ ချစ်ချင်သလို မချစ်ချင်သလိုပေမဲ့ ကြာလာလေလေ နှောင်ကြိုးတွေ ပိုခိုင်လာလေလေဖြစ်ပြီး ဒီလူမှမရှိတော့ရင် ကိုယ့်ဘဝကြီးလည်း အဓိပ္ပာယ်မရှိတော့သလို ခံစားလာရတာမဟုတ်လား? ဒီလောက်တောင် ချစ်တတ်တဲ့ မိန်းကလေးတွေ၊ အချိန်ကြာလာလေလေ နက်ရှိုင်းလာလေလေဖြစ်တဲ့ သံယောဇဉ်တွေကို ရုတ်တရက်ဖြတ်ချပြီး ဘာကြောင့်များ သူတို့ အသည်းနစ်အောင်ချစ်ရတဲ့သူတွေကို ထားခဲ့ကြတာတဲ့လဲ? အကြောင်းရင်းတွေကတော့… 

(၁) အထီးကျန်လွန်းလို့ပါ။

အမြဲတမ်း တအီအီချွဲနေတာမျိုးမဟုတ်ဘဲ တစ်နေ့လုံးနေမှ စကားတစ်ခွန်းတောင် မပြောဖြစ်ဘူးဆိုရင်တော့ ဒီအချစ်ရေးအကြောင်း ပြန်စဉ်းစားဖို့လိုနေပါပြီ။ တစ်ယောက်တစ်နယ်စီ ခြားနေတာမျိုးမဟုတ်ဘဲ တစ်ယောက်တည်း အမြဲသွားလာနေရတာမျိုး၊ ရုံးပိတ်ရက်မှာတောင်မှ အကြောင်းအမျိုးမျိုးပြပြီး ကိုယ့်ကို လာမတွေ့နိုင်တာတွေဆိုရင်တော့ သူမလေးရင်ထဲ တစ်မျိုးတစ်မည်တွေ စဉ်းစားနေလောက်ပါပြီ။ အစပိုင်းတော့ ကိုယ့်ကိုတဂျီဂျီနဲ့ ဂျီတိုက်ချင်နေပေမဲ့ နောက်ပိုင်း ဘာတစ်ခွန်းမှ မပြောတော့ဘူးဆိုရင်တော့ သူမလေး သိပ်ကိုအထီးကျန်ပြီး ထွက်သွားဖို့ပြင်ဆင်နေပြီဆိုတာ ၅၀% လောက်သေချာနေပါပြီ။

Related Article >>> သင့်အချစ်ရေးအတွက် ဒီလိုသူငယ်ချင်းမျိုးတွေ ရှိနေပြီလား ?

(၂) အသိအမှတ်ပြုမခံရလို့။

ဘယ်သူမဆို ကိုယ်အားထုတ်ထားတဲ့ အရာတစ်ခုကို အသိအမှတ်ပြုခံချင်ကြမှာပါပဲ။ ဥပမာ – သူမလေးက ကိုယ်စားစေချင်လွန်းလို့ ဝယ်လာတဲ့ အစားအစာကို ကိုယ့်ဆီ တကူးတကလာပို့ပေးတဲ့အခါ ကိုယ်က သူ့အရှေ့မှာ စားသောက်ပြီး ချီးကျူးစကားမပြောတဲ့အပြင် မင်းကွာ ဒီလောက်နေပူတာကို ဘာညာနဲ့ စိုးရိမ်ဒေါသစကား ပြောမိတဲ့အခါ သူ့အပေါ်ကို အသိအမှတ်မပြုဘူး ထင်တဲ့စိတ်နဲ့ စိတ်ထိခိုက်သွားမှာပါ။ ဒါကြောင့် သူမလေးတစ်ခုခု ထူးထူးခြားခြားအားထုတ်ပြီး လုပ်ပေးတဲ့အခါ အမြဲအသိအမှတ်ပြုပေးဖို့ မမေ့ပါနဲ့။

(၃) ဘဝမှာကြီးကြီးမားမား ပြောင်းလဲမှုတွေကြုံရလို့။

အရင်တုန်းကတော့ ကိုယ်မှမရှိရင် မနေနိုင်ပါဘူး။ သေရပါလိမ့်မယ် စသည်ဖြင့် သေးသေးသောသောကအစ သည်းသည်းလှုပ်ခဲ့ပေမဲ့ အချိန်ကြာလာတဲ့အချိန် ကိုယ့်ကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်တဲ့အချိန်မှာ အကြီးကြီးတွေ ရှော့ခ်ဖြစ်သွားတတ်ပါတယ်။ ဒီလိုပြောလို့ ကိုယ်ပါအလုပ်ဖျက်ပြီး အမြဲအချိန်ပြည့် ဂရုစိုက်ပေးဖို့ ပြောတာမဟုတ်ပေမဲ့ သူမလေးတို့အတွက် အချိန်တန်ရင် တန်ဖိုးကြီးလက်ဆောင်တွေ ပေးနေမယ့်အစား ရတဲ့အချိန်လေးမှာ နွေးထွေးကြင်နာမှုလေးပေးရင် သူမလေးအနေနဲ့လည်း ‘သူအရမ်းပြောင်းလဲသွားပါလား’ ဆိုတဲ့အတွေးဝင်ခဲ့တောင် ပြန်ကာဖို့ အကြောင်းအရင်းလေးတွေ ရှိနေမှာပါ။

Related Article>>> ပညာသားပါသော သဝန်တိုနည်းပေါင်းချုပ်

(၄) ကိုယ့်လက်တွဲဖော်က ခန့်မှန်းရအရမ်းလွယ်နေလို့။

လူ့ဘဝဆိုတာ တသမတ်တည်း အမြဲရှိမနေပါဘူး။ ဒါပေမဲ့ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် တသမတ်တည်းရှိနေတဲ့ဘဝမှာ ထားနေပြီဆိုရင်တော့ ဒီလူရဲ့ဘဝကို ခန့်မှန်းရအရမ်းလွယ်သွားပြီး တိုးတက်မလာတဲ့ အနေအထားတစ်ခုကို ငြီးငွေ့သွားတတ်ပါတယ်။ အဲဒီအချိန်မှာ သူမလေးက အစွမ်းကုန်ကြိုးစားပြီး တက်လမ်းကို ထိုးဖောက်နေတဲ့အချိန် လက်တွဲဖော်က ဘာမှဆက်ဖြစ်မလာရင်တော့ ထားသွားဖို့ အခွင့်အလမ်းများပါတယ်။

(၅) စိတ်ဓာတ်ကျတိုင်း ကိုယ့်အနားမရှိလို့။

လူတစ်ယောက်မှာ ဘဝရဲ့အောင်မြင်နေချိန် အတူပျော်ပေးမယ့်အဖော် လိုအပ်သလို ကျရှုံးချိန်မှာလည်း ကိုယ့်လက်ကိုဆွဲပြီး တွဲခေါ်ပေးမယ့် အားပေးဖော်တစ်ယောက် လိုအပ်ပါတယ်။ အကယ်၍ ကိုယ့်လက်တွဲဖော်က ပျော်စရာအချိန်မှာတော့ အတူပျော်ပေးပြီး ကျရှုံးနေချိန် စိတ်ဓာတ်တအားကျတဲ့အချိန်မှာ အားမပေးဘဲ “ပြောသလိုမှ မလုပ်တာကိုး.. ဒီလို ဒီလိုမှ မဖြစ်တာကိုး … အစောတည်းက ပြောသားပဲ ဘာညာ ” ဆိုပြီး အပြစ်တင်နေရင်ကတော့ စိတ်ဒဏ်ရာ ပိုပေးသလိုဖြစ်ပြီး ဝေးသည်ထက် ဝေးသွားနိုင်ပါတယ်။

လူနှစ်ယောက်တည်ဆောက်ထားတဲ့ ဆက်နွယ်ခြင်းတစ်ခုကို တစ်ယောက်က ပုံမှန်လို့ထင်နေတဲ့အချိန် တစ်ဘက်လူက အဆုံးသတ်ဖို့ဆုံးဖြတ်လိုက်တဲ့အခါ ဒီအဆုံးသတ်ခြင်းဟာ နှစ်ယောက်လုံး နာကျင်ဖို့ ဖြစ်လာတာပါပဲ။ ကိုယ်ကိုယ်တိုင်ကစလို့ အနာခံလိုက်တယ်၊ အဆုံးသတ်လိုက်တယ်ဆိုတာ သူ့နာကျင်ခြင်းကို တစ်ဘက်လူများသတိထားမိလေမလားဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အချိန်မနှောင်းခင် အရာရာကို အမြဲသတိထားနေဖို့ လိုပါလိမ့်မယ်နော်။

ယောင်းတို့ရဲ့ အချစ်ရေးမှာလည်း ခိုင်မာတဲ့ နှောင်ကြိုးလေးတွေနဲ့ လှပတဲ့ ချစ်ခြင်းတရားတွေ ဖန်ဆင်းနိုင်ကြပါစေ…. 

Hnin Ei Oo (For Her Myanmar)

 Refrence Link : Power of Positivity , Elite Daily

No Comments Yet

Leave a Reply

Your email address will not be published.