အပြုံးလေးတစ်ပွင့်ရဲ့ တန်ဖိုး

 

အပြုံးဆိုတာဟာ အင်မတန် အစွမ်းကြီးတဲ့အရာပါ

ယောင်းတို့ရေ Golden Land လို့ ကမ္ဘာကသိတဲ့ တို့မြန်မာနိုင်ငံက ဘာအတွက် နာမည်ကြီးလဲသိလား… အပြုံးလေ၊ ဖော်ရွေတဲ့၊ ကူညီတတ်တဲ့ အပြုံးလေးတွေပေါ့။

အက်ဒမင်ဆို ကလောသွားလည်တုန်းက အရမ်းသဘောကျ။ လူတွေက ပြုံးနေတာပဲ။ ကူလည်း ကူညီတတ်တယ်။ ဒါပေမဲ့ တို့တွေရန်ကုန်မှာတော့ မသိလည်းပဲ ပြုံးပြတတ်တဲ့အကျင့် မရှိတော့တာ ကြာပေါ့။ အက်ဒမင်လည်း ပြုံးမပြတတ်ပါဘူး။ အစခံရမှာစိုးလို့ မျက်နှာကို တမင်တောင်ပုတ်ထားသေးတာ။

ရယ်တယ်ပြုံးတယ်ဆိုတာ မွေးကတည်းက သင်ပေးစရာမလိုဘဲ တတ်တဲ့အရာ။ ဒါပေမဲ့လည်း အသက်တွေ ကြီးလာတာနဲ့အမျှ ဘဝရဲ့ထုထောင်းမှုအောက်မှာ အရယ်အပြုံး နည်းလာကြတယ်။ အပြုံးနဲ့အတူ ပျော်ရွှင်မှုတွေလဲ လျော့နည်းလာတယ်။

တကယ်တော့ အပြုံးဆိုတာဟာ အင်မတန် အစွမ်းကြီးတဲ့အရာပါ။ ပြုံးလိုက်ပြီဆိုတာနဲ့ ရမယ့်ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ ယောင်းတို့တော့ အခုဆောင်းပါးဖတ်နေရင်း ပြုံးမနေဘူးထင်တယ်နော်။ ဒါဆို ပြုံးကြည့်လိုက်ပါယောင်းရေ။

Related Article >>> အပြုံးနဲ့ပဲ လမ်းခွဲရအောင်

အခုပြုံးလိုက်တော့ ဘာသတိထားမိလဲ။

ပထမဦးဆုံးအနေနဲ့ကတော့ မျက်နှာပေါ်က ကြွက်သားလေးတွေ၊ အကြောလေးတွေ ပြေလျော့သွားတယ်လေနော်။ ခံစားမိလားဟင်။ အဲ့လိုပြေလျော့သွားစေတာမို့ ယောင်းတို့မျက်နှာလေးကို ပိုပြီးကြည်လင်၊ အရွယ်တင်စေပါတယ်တဲ့။

နောက်တစ်ခါကျ မျက်နှာအမူအရာက စိတ်ခံစားမှုအပေါ် သက်ရောက်မှုရှိတယ်တဲ့။ အဲ့တော့ ပြုံးလိုက်ပြီဆို စိတ်ကပါလိုက်ပြီး အေးချမ်းသွားတယ်ဆိုပဲ ယောင်းရဲ့။ (အက်ဒမင်ကတော့ ဒီစာကို အခုပြုံးပြုံးလေးနဲ့ရေးနေတယ်။ အလုပ်တွေရှုပ်လွန်းတာ စိတ်ညစ်လွန်းလို့။ ပြုံးကြည့်နေတော့လဲ မဆိုးဘူး။ ခါတိုင်းလို ဒေါသကုမ္မာရ်ဖြစ်မနေဘူးတော့။ ဂျင်းမဟုတ်ဘူးယောင်းရေ။ ပြုံးတာအကျိုးရှိတယ်။)

အပြုံးဟာ ကိုယ့်စိတ်ခံစားချက်ကိုမှ မဟုတ်ဘဲ၊ တခြားသူရဲ့ ခံစားချက်ကိုပါ သက်ရောက်နိုင်စွမ်းရှိပါတယ်။ တစ်ယောက်ယောက်ကို ပြုံးပြလိုက်ကြည့်ပါလား။ အဲ့လူက ပြန်မဲ့ပြမှာ မဟုတ်ဘူးလေ။ အက်ဒမင်ကိုယ်တိုင်လည်း အဲ့အချက်ကို တတ်နိုင်သလောက် ကျင့်သုံးပါတယ်။ ဘတ်စ်ပေါ်မှာ စပယ်ရာက ပိုက်ဆံအမ်းတာအစ ပြုံးပြလိုက်တယ်။ ကားငှားစီးတော့လဲ ကားဆရာကြီးကို ကျေးဇူးတင်ပါတယ်ဆိုပြီး ပြုံးပြတယ်။ အပြုံးလေးတစ်ချက်ဟာ ပေါင်းသင်းဆက်ဆံရေးမှာ အရမ်းကောင်းတဲ့ အထောက်အကူတစ်ခုမို့ပါ ယောင်းရေ။

တစ်ခုထူးဆန်းတာက ပြုံးလိုက်ရင် ကျန်းမာရေးအတွက်ပါကောင်းတယ်တဲ့။ ပြုံးနေတဲ့သူဟာ သွေးဖိအားကျတယ်။ ကိုယ်ခံအားကောင်းတယ်။ နာတာရှည်ရောဂါဖြစ်နိုင်တဲ့နှုန်းပါ ကျတယ်တဲ့ ယောင်းရဲ့။

ဆိုတော့ကာ အပြုံးက ယောင်းတို့ကို လှလဲလှစေတယ်။ ပျော်လဲပျော်စေတယ်။ ကျန်းလဲကျန်းမာစေတယ်လေ။ ကဲဘာလိုသေးလဲ။

ဒါကြောင့်မို့ ယောင်းတို့ရေ… ပြုံးပြုံးလေးသာ နေနေလိုက်ပါနော်။

Khine (For Her Myanmar)

Reference : Huffpost 1 | Huffpost 2 | Scientific | Socialpsych

Khine
Khine

Writer

အသက်သာကြီးလာတယ် လူကြီးစိတ် ကောင်းကောင်းမပေါက်သေးတဲ့ အပျိုကြီးမမပါ။ အိုပါးတို့ခေတ်က ကြိုက်လာလိုက်တဲ့ ကေပေါ့ကို အခုသားသားတို့ ခေတ်ထိ ကိုယ့်အသက်ကိုယ်မေ့ပြီး ကြိုက်နေဆဲပါ။ Knowledge, English learning, career နဲ့ relationship အပိုင်းတွေ အရေးများပါတယ်။

error: Content is protected !!