ဟောင်းပေမဲ့ကောင်းနေဆဲ သင်္ကြန်ဇာတ်ကား (၂) ကား

သင်္ကြန်ဆို ဒီရုပ်ရှင်တွေ မျှော်ရတာ အမော..

သင်္ကြန်ရောက်ဖို့ ရက်ပိုင်းလောက်ပဲလိုတော့တယ်နော်။ နေရာတိုင်းမှာလည်း သင်္ကြန်သီချင်းတွေကြားနေရပြီ။ မဏ္ဍပ်တွေလည်း အများကြီးထွက်လာပြီဆိုတော့ သင်္ကြန်ပိုးကထကြွနေလောက်ပြီလေ။ ဒါပေမဲ့ နှင်းလို အိမ်တွင်းအောင်းမယ့် ယောင်းယောင်းလေးတွေအတွက် ဟောင်းပေမဲ့ကောင်းနေဆဲ သင်္ကြန်ဇာတ်ကားလေး (၂) ကားအကြောင်း ပြောပြမယ်နော်… 

 

သင်္ကြန်မိုး

သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားကြီး ရဲ့ဇာတ်ဝင်တေးတွေက အခုချိန်ထိ မဏ္ဍပ်တွေမှာ ဖွင့်ကြသေးတယ်နော်။ ၁၉၈၅ ခုနှစ်ကနေ ခုချိန်အထိ လူအများရဲ့ရင်ကို လှုပ်ခါနေနိုင်သေးတဲ့ ရုပ်ရှင်ပေါ့။ မင်းသားကြီး နေအောင်၊ ဇင်ဝိုင်း၊ ဇော်ဝမ်း နဲ့ မင်းသမီးကြီး ခင်သန်းနု၊ မေသန်းနု၊ သီတာသိမ့် တို့နဲ့အတူ မန္တလေးသူ၊ မန္တလေးသားတို့ကလည်း မေတ္တာနှင့်ပါဝင်ကူညီသရုပ်ဆောင်ထားပါတယ်။ စန္ဒယားကိုငြိမ်းမောင်နဲ့ ခင်ခင်ထားတို့ဟာ သင်္ကြန်မှာစတွေ့ခဲ့ကြပြီး အချင်းချင်းသံယောဇဉ်တွေနဲ့ အချစ်တစ်ခုကို တည်ဆောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုချစ်မောင်ရဲ့ နွမ်းပါးမှုက သူတို့နှစ်ယောက်ကြား တံတိုင်းဖြစ်လာခဲ့ပြီး နောက်ဆုံးနှစ်ယောက်တစ်ဘဝကို အတူတည်ဆောက်ဖို့ ခိုးရာလိုက်တဲ့အချိန် အကြောင်းအမျိုးမျိုးကြောင့် ကိုငြိမ်းမောင်က လာမခေါ်နိုင်တဲ့အခါ ခင်ခင်ထား ခမျာ အရှက်ကြီးရှက်ပြီး မိဘသဘောတူတဲ့လူနဲ့ လက်ထပ်လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ မင်္ဂလာပွဲမှာ ကိုငြိမ်းမောင်အဖွဲ့ကို တီးဝိုင်းအနေနဲ့ခေါ်ပြီး ဘာတွေဆက်ဖြစ်မှာလဲ? သူတို့ရဲ့ အိမ်ထောင်ကိုယ်စီနဲ့ ကလေးအသီးသီးရလာတဲ့အခါလည်း ဆန်းကြယ်တဲ့ကံကြမ္မာက ဘယ်လိုတွေ့ခွင့်ပေးမှာလဲ ဆိုတာကို သင်္ကြန်မိုးကားထဲ ဆက်လက်ကြည့်ရှုပါနော်။ ဒီရုပ်ရှင်ကတော့ သင်္ကြန်နားနီးတိုင်း မရိုးနိုင်တဲ့ ရုပ်ရှင်ပေါ့.. ရုပ်မြင်သံကြားမှာ စောင့်မကြည့်ချင်တဲ့ ယောင်းယောင်းလေးတွေတော့ ဒီရုပ်ရှင်ကို ဒီမှာကြည့်နိုင်ပါတယ်နော်.. 

 Related Article >>> အခြေအနေအမျိုးမျိုးက ထက်မြက်တဲ့ အမျိုးသမီးလေးတွေအကြောင်း သိနိုင်မယ့် ရုပ်ရှင်ကား (၃)ကား

မိုးပေါ်ခုန်တက်ကလိုက်ချင်ပါတယ်

သင်္ကြန်အချိန်လေးကို အရိုးရာမြန်မာ့ဂီတနဲ့ ခေတ်ပေါ်ဂီတကို ပေါင်းစပ်ပြီး အသစ်အဆန်းတစ်ခု ချပြထားတဲ့ မြန်မာရုပ်ရှင်ကားကောင်းလေးတစ်ခုပါ။ မင်းသမီးကြီး မေသဉ္ဇာဦး၊ မြတ်ကေသီအောင်တို့ ပါဝင်ထားတဲ့အပြင် အိန္ဒြာကျော်ဇင်က စရိုက်မတူတဲ့ အမွှာ (နှစ်ကိုယ်ခွဲ) အနေနဲ့သရုပ်ဆောင်ထားပါတယ်။ နေအောင်၊ နေတိုး စတဲ့သရုပ်ဆောင်တွေအပြင် အဆိုတော်သရုပ်ဆောင်တွေဖြစ်တဲ့ ရဲလေး၊ ထွန်းထွန်းတို့ကလည်းပါဝင်အားဖြည့်ထားပါတယ်။ မြန်မာ့ဂီတပညာရှင်ဖြစ်တဲ့ နေအောင်ဟာ မိန်းမဖြစ်တဲ့ မေသဉ္ဇာဦးအပေါ် တာဝန်မကျေမှုတွေ များလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့အချိန် သူတို့မှာ အမွှာသမီးလေးနှစ်ယောက်ရှိနေတော့ အမေကတစ်ယောက် အဖေကတစ်ယောက် ခေါ်ထားလိုက်ကြပါတယ်။ အသီးသီးရဲ့ အတိတ်တွေကို ပြည်ဖုံးကာချထားခဲ့ပြီး ရုပ်ချင်းချွတ်စွပ်တူတဲ့ သူတို့နှစ်ယောက် မထင်မှတ်ဘဲ အချင်းချင်းတွေ့လိုက်ကြတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ?….

ဒီရုပ်ရှင်ကားလေးနှစ်ကားဟာ သင်္ကြန်အငွေ့အသက်တွေကို ကြည့်တိုင်း ရနေတဲ့ ရုပ်ရှင်ကားတွေမို့ နှင်းကတော့ နှစ်တိုင်းစောင့်ပြီး ကြည့်ဖြစ်တယ်လေ။ ယောင်းတို့လည်း သင်္ကြန်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ကားကောင်းကောင်းတွေ ကြည့်ဖြစ်ရင် ကောမန့်မှာ မျှဝေပေးပါဦးလို့။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo

နာမည်တော့နှင်းအိဦးပါ။ FHM motivation နဲ့ relationship ပိုင်းပိုရေးဖြစ်ရင်းစိတ်ကူးတည့်ရာလဲရေးတတ်တဲ့ freelancer လေးတစ်ယောက်သာ။

error: Content is protected !!