အလုပ်ကြော်ငြာစာတွေထဲက အမျိုးသမီးများရဲ့ ဖြစ်တည်မှု

အိမ်ထောင်မရှိသူ ၁၈ မှ ၂၅ နှစ်ကြား အမျိုးသမီး ဝန်ထမ်း အလိုရှိသည်။ 

“အမျိုးသမီး အရောင်းဝန်ထမ်းအလိုရှိသည်။ အသက် ၁၈နှစ်မှ ၂၅နှစ်ကြားဖြစ်ရမည်။ အိမ်ထောင်မရှိအပျိုဖြစ်ရမည်။” ဒီလိုခေါ်တတ်ကြတဲ့ အလုပ်ကြော်ငြာစာတွေကို တွေ့ဖူးကြမှာပါ။ အလုပ်ကြော်ငြာစာ တော်တော်များများမှာ ဒီလိုတွေ တွေ့ရတတ်ပါတယ် ယောင်းတို့ရေ…

အဲဒီလို အလုပ်ကြော်ငြာစာတွေ တွေ့ရရင် ဘာကို အရင်ဆုံး တွေးမိကြသလဲ ယောင်းတို့? 

ဒီအလုပ်ခေါ်စာကို ကြည့်လိုက်တဲ့အခါ အရောင်းဝန်ထမ်းနေရာအတွက်ဆိုတာနဲ့ အတော်များများက မိန်းကလေးတွေကိုပဲ ခေါ်ကြတာကို တွေ့ရမှာပါ။ နိုင်ငံတကာမှာ အရောင်းဝန်ထမ်းဆိုတာ အောင်မြင်ဖို့ အလားအလာအရှိဆုံး အသက်မွေးဝမ်းကြောင်းတစ်ခုပါ။ နိုင်ငံတကာက ချမ်းသာတဲ့ မီလျံနာ တော်တော်များများက သူတို့ရဲ့ စီးပွားရေးလမ်းကြောင်းကို ဒီအလုပ်ကနေ စကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ မိန်းကလေးတွေကိုပဲ ခေါ်ကြပါတယ်။

ဒါဆို ဒီနိုင်ငံမှာ မိန်းကလေးတွေက ဒီအလုပ်ကို လုပ်ကိုင်ဖို့ အရည်အချင်း အပြည့်ဆုံးလို့ သတ်မှတ်ကြလို့လား ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ တခြားအကြောင်းအရင်းတွေရှိနေတယ်ဆိုတာ လူတိုင်းသိပါတယ်… (မစဉ်းစားဖြစ်ကြတာလေးက လွဲလို့ပေါ့နော်)။ ဒီအကြောင်းရင်းကို တစ်ဘက် ယောက်ျားလေးတွေဘက်က ကြည့်ပြန်တော့လည်း မတရားဘူးပေါ့… ဘာကြောင့်မိန်းကလေးပဲ ခေါ်ရတာလဲ? ဒီအလုပ်အတွက် ယောက်ျားလေးတွေကရော အရည်အချင်းမပြည့်မီဘူးလား? ဒီလိုတွေ စောဒကတက်စရာတွေ ဖြစ်လာပြန်ရော..

Related Article >>> အဆိုးရွားဆုံး အနိုင်ကျင့်ခံခဲ့ရပေမဲ့ စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ အားလုံးကို ကျော်လွှားနိုင်ခဲ့တဲ့ မိန်းကလေး

အသက်ကရော? အရင်တစ်လက ကျေးကျေးရဲ့ အသိအစ်မတစ်ယောက် အလုပ်အင်တာဗျူးသွားရမယ်လို့ကြားတော့ သူနဲ့ စကားပြောဖြစ်ပါတယ်။ သူ့အသက်က ၃၀ရှိနေပါပြီ။ အဲဒီတော့ သူကပြောတယ်။ အင်တာဗျူးရမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိပါဘူးတဲ့။ အခုခေတ်က အလုပ်အကိုင်တွေကို ၂၅နှစ်အောက်မှ အလုပ်ပေးကြတော့တာကိုး။ အသက် ၃၀ဝန်းကျင် မိန်းကလေးတွေဆို အလုပ်မပေးချင်ကြတာတွေ အနည်းနဲ့အများ တွေ့နေရပါတယ်။ ဆိုတော့ မေးစရာဖြစ်လာတာက အမျိုးသမီးတွေ အသက် ၂၅နှစ်ကျော်ရင် လုပ်ရည်ကိုင်ရည်များ ကျသွားလို့လားပေါ့။

အဲဒီတော့ ကျေးကျေးက အဲဒီအစ်မကို ပြန်ပြောလိုက်တယ်။ အစ်မက ဒီအလုပ်ကို လုပ်နေတာ ကြာပါပြီ။ အဲဒီအတွက် ဒီအလုပ်မှာ ကျွမ်းကျင်မှုရှိတယ်။ ပြီးတော့ ဒီအလုပ်ကိုမြတ်နိုးတယ်။ ဒီအလုပ်လုပ်ရတာ ပျော်တယ်။ အဲဒါကြောင့် အစ်မလို လုပ်ငန်းကျွမ်းကျင်မှုရှိပြီး ဒီအလုပ်ကို မြတ်နိုးတဲ့သူကိုမှ မရွေးရင် ဘယ်လိုလူမျိုးကို ရွေးမှာလဲ ဆိုပြီး ပြန်အားပေးဖြစ်ပါတယ်။ အလုပ်ကြော်ငြာစာတွေက တစ်ခါတလေမှာ မိန်းကလေးတွေကို အားလျော့စေပါတယ်။ သူတို့ရဲ့ ကျွမ်းကျင်မှုထက် သူတို့ရဲ့ အသက်အရွယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုပြီး လျော့နည်းလာစေပါတယ်။

ကဲ… အပျိုဖြစ်ဖို့လည်း ပြောပြန်ပြီ။ မာ့ခ်ဇူကာဘတ်က Facebook ရဲ့ CEO ဖြစ်ကြောင်းလူတိုင်းသိကြမှာပါ။ ဒါပေမယ့် Facebook ရဲ့ COO (Chief Operating Officer) ကတော့ အမျိုးသမီးတစ်ယောက်ပါ။ Sheryl Kara Sandberg လို့ခေါ်ပါတယ်။ အသက် ၄၉နှစ်ရှိပြီး ကလေး နှစ်ယောက်ရှိပါတယ်။ အိမ်ထောင်တစ်ခါ ကွဲပါတယ်။ ဒုတိယမြောက်အိမ်ထောင်မှာ ယောက်ျားဆုံးသွားပါတယ်။ အခု တတိယအိမ်ထောင်နဲ့ ကိုယ်ပိုင်ဝင်ငွေပိုင်ဆိုင်မှု ဒေါ်လာ တစ်ဘီလျံရှိပါတယ်။

အခြားနိုင်ငံတွေမှာ ကိုယ်ပိုင်ဘဝနဲ့ အလုပ်ခွင်ဘဝကို သေချာခွဲခြားပြီး အရည်အချင်းတစ်ခုတည်းကို ကြည့်လို့ ကုမ္ပဏီကို စီမံခန့်ခွဲကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အပျိုဖြစ်ခြင်း အအိုဖြစ်ခြင်းဟာ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းကို အများကြီး သက်ရောက်မှုရှိနေဆဲပါ။ ဘာကြောင့်ဆိုတာလည်း နားမလည်နိုင်စရာပါပဲ။ ဒါပေမဲ့ ခေတ်အခြေအနေ ပြောင်းလာတာနဲ့အမျှ အမျိုးသမီးတွေဟာ အိမ်ထောင်မှုတွေကော အလုပ်ကိစ္စတွေကိုပါ အချိန်အဆညီညီနဲ့ အလုပ်လုပ်နိုင်လာကြပြီဆိုတာ မြန်မာနိုင်ငံမှာ မေ့နေကြတုန်းပါပဲ။ အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း အလုပ်ရဖို့ ခဲယဉ်းလာတဲ့အခါ တစ်ယောက်စာ လျော့သွားတဲ့ ဝင်ငွေကြောင့် ငွေရေးကြေးရေး ပြဿနာကို ရင်ဆိုင်နေရတဲ့အပြင် ဒါဟာ အိမ်ထောင်ရေးမှာလည်း အကျိုးသက်ရောက်တဲ့ ပြဿနာကြီးတစ်ခု ဖြစ်လာတော့တာပါပဲ။

အဲဒီတော့ ဒီဆောင်းပါးလေးကို ဖတ်ပြီးတော့ စိတ်ညစ်သွားပြီလား ယောင်းယောင်းတို့ရေ။ ဒါပေမဲ့ ဒါက တကယ်အမျိုးသမီးတွေက ကြုံတွေ့နေရတဲ့ အခက်အခဲတွေပါ။ မိန်းကလေးတစ်ယောက်ဖြစ်နေတာကြောင့် အလုပ်လျှောက်တဲ့အခါ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲလေးတွေကို အောက်က comment မှာ ရေးပြီး တိုင်ပင်ဆွေးနွေးသွားလို့ရပါတယ် ယောင်းတို့ရေ… တူတူ တိုင်ပင်ပြီး အဖြေရှာကြတာပေါ့..

ကျေးကျေး (For Her Myanmar)

No Comments Yet

Comments are closed