သားဆက်ခြားချင်သူတို့အတွက် သားအိမ်တွင်းထည့်ပစ္စည်း (IUD)

အချိန်မကုန်၊ အလုပ်မရှုပ်၊ ဆေးသောက်ဖို့ မေ့မှာလည်း မပူရဘူး ဆိုပေမဲ့ …….

သားသမီးလေးတွေဟာ ရတနာ၊ ရင်သွေးလေးရှိလာတာ မင်္ဂလာဖြစ်ပေမဲ့ ဒီဘက်ခေတ်တွေမှာတော့ ရတနာဖြစ်အောင်၊ မင်္ဂလာဖြစ်အောင် အခြေအနေ အချိန်အခါနဲ့အညီ အစစအရာရာ ကြိုတင်ပြင်ဆင်ထားမှ တော်ကာကျမှာမလား။ ဒီလိုပဲမွေးလိုက်တော့လည်း အလိုလိုဖြစ်တာပေါ့ဆိုပေမဲ့ ကိုယ့်ရင်သွေးလေးကို အရာရာပြည့်စုံခိုင်မာတဲ့ဘဝထဲ ခေါ်လိုက်တော့ သူ့အတွက်ရော ကိုယ့်အတွက်ရော အားလုံးအတွက် ကောင်းတာပေါ့နော်။

ဒီလိုတွက်ချက်မှုတွေကြောင့်ပဲ အက်ဒ်မင်လည်း အကာအကွယ် တစ်ခုခု သုံးဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒီဘက်ခေတ်မှာ ကံကောင်းတာက အမျိုးသမီးတွေအတွက် အကာအကွယ်တွေဆိုတာ အမျိုးမျိုးအစုံစုံ၊ ဈေးနှုန်းကလည်း အစုံရှိနေပါပြီ။ နောက်ပြီး INGO, NGO တွေက လူတန်းစားမျိုးစုံ အဆင်ပြေစေဖို့ အခမဲ့ ဒါမှမဟုတ် တန်ဖိုးသက်သက်သာသာနဲ့ အကာအကွယ်တွေကို လှူဒါန်းပေးနေပါတယ်။

အက်ဒ်မင်တို့ အကာအကွယ် တစ်ခုခု သုံးမယ်ဆိုတော့ ရွေးချယ်စရာတွေ အများကြီးထဲကသားအိမ်ထဲထည့်တဲ့ ပစ္စည်း(IUDလို့လည်း ခေါ်ကြပါတယ်) ဆိုတဲ့ သားဆက်ခြားပစ္စည်းကိုရွေးချယ်ခဲ့ပါတယ်။ သားဆက်ခြားပစ္စည်းတွေမှာတော့ အားသာချက်၊ အားနည်းချက်အမျိုးမျိုးရှိတာမို့ လူတစ်ယောက်ချင်းအလိုက် ကိုယ်နဲ့သင့်လျော်ရာကိုရွေးချယ်လို့ရပါတယ်။

အက်ဒ်မင့်အတွက်တော့ သားဆက်ခြားပစ္စည်း သောက်ဆေး၊ ထိုးဆေး၊ လက်မောင်းထဲထည့်တဲ့ဆေး စတာတွေလည်းရှိတဲ့အထဲကမှ ဒီပစ္စည်းက အတော်သင့်လျော်တယ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ နောက်ပိုင်းထွက်တဲ့ IUD တွေက ဟော်မုန်းလုံးဝမပါတာကြောင့် ဝခြင်း၊ ပိန်ခြင်း အစရှိတဲ့ ဟော်မုန်းတွေကြောင့်ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေနည်းပါတယ်။ အက်ဒ်မင်က နဂိုကဝလွယ်တဲ့အခံရှိလို့ ဟော်မုန်းပါတဲ့ သားဆက်ခြားပစ္စည်းသုံးရင် ပိုဝလာမှာ စိုးလို့လေ…

ဒီပစ္စည်းကို သုံးဖို့အတွက်လည်း အက်ဒ်မင် အင်တာနက်၊ ဝက်ဘ်ဆိုက်၊ လူမှုကွန်ရက်တွေကနေ သားဆက်ခြားပစ္စည်းတွေအကြောင်းကို လေ့လာပြီး ရွေးချယ်ခဲ့တာပါ။ ဒီပစ္စည်းကို ထည့်သွင်းဖို့ကျတော့လည်း တတ်ကျွမ်းတဲ့ ကျန်းမာရေးပညာရှင်တွေကပဲလုပ်ပေးနိုင်တာမို့ ဒုတိယအဆင့် ဆေးခန်းကိုရွေးရပါတယ်။ သူ့ကိုထည့်မယ်ဆို အပြင်ဆေးရုံတွေနဲ့ ဆေးခန်းအချို့မှာ ထည့်သွင်းလို့ရပါတယ်။ အဲဒီအတွက် ကုန်ကျစရိတ်တော့ ရှိတာပေါ့နော်။

အားသာချက်ဆိုရင်တော့ ပစ္စည်းကို ကိုယ်နှစ်သက်ရာတံဆိပ်ရွေးလို့ရတာ၊ အချိန်ကုန်အလုပ်ရှုပ်သက်သာတာ စတဲ့ အားသာချက်တွေ ရှိနိုင်ပါတယ်။ ကုန်ကျစရိတ် အများကြီး မသုံးချင်ဘူးဆိုတဲ့သူတွေအတွက်ဆိုရင်တော့ အစိုးရ အမျိုးသမီးဆေးရုံတွေမှာ ထည့်လို့ရသလို INGO အမျိုးသမီးဆေးခန်းဖြစ်တဲ့ Mary Stope မှာ အခမဲ့ထည့်လို့ရပါတယ်။ အက်ဒ်မင်ကတော့ Mary Stope ဆေးခန်းမှာပဲ သွားရောက်ထည့်သွင်းဖို့ ဆုံးဖြတ်လိုက်တာပေါ့နော်။

IUD ပုံစံကတော့အမျိုးစုံပါပဲ

Related Article >>> သားဆက်ခြားဆေး အမျိုးမျိုးအကြောင်း သိကောင်းစရာ

အဲဒီလိုနဲ့ ဆေးခန်းကိုသွားတော့ ဆရာဝန်မလေးနဲ့ ဆွေးနွေးဖြစ်တယ်။ သူနဲ့ တိုင်ပင်မေးမြန်းပြီးတော့လည်း အက်ဒ်မင်အတွက် အသင့်လျော်ဆုံးက သားအိမ်တွင်းထည့်ပစ္စည်းပဲလို့ နားလည်လိုက်တယ်။ ပြဿနာက နှစ်ခုရှိတာပေါ့နော်။ တစ်ခုက သားအိမ်တွင်းထည့်ပစ္စည်းကို ထည့်သူအများစုက ကလေးမွေးဖူးသူတွေပေါ့။

သူတို့က မွေးပြီးပြီးချင်း ထည့်လိုက်တာဆိုတော့ နာကျင်မှုကို သိပ်မခံစားရတော့ဘူးလေ။ ကလေးမမွေးဖူးသူတွေ ထည့်လို့ရပေမဲ့ နာကျင်မှုတော့ ရှိတာပေါ့။ နောက်ပြဿနာက အက်ဒ်မင်က ဓမ္မတာမလာသေးလို့ပါ။ သားအိမ်တွင်းထည့်ပစ္စည်းက ဓမ္မတာလာခါနီး၊ လာနေစဉ်၊ လာပြီးစ မှာပဲ ထည့်လို့ အဆင်ပြေဆုံးပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်က သားအိမ်လမ်းကြောင်းပွင့်တဲ့ကာလပါတဲ့။ အဲဒါကြောင့် ဓမ္မတာလာပြီးစအချိန်မှ ပြန်လာဖို့ရက်ပြန်ချိန်းလိုက်ပါတယ်။

အချိန်ကျတော့ ဆေးခန်းကိုပြန်လာခဲ့တာပေါ့။ (စိတ်လှုပ်ရှားနေခဲ့တာ မှတ်မိနေသေးတယ်) သားအိမ်ထဲမထည့်ခင် သန္ဓေသားရှိ၊မရှိ ထပ်စစ်ရပါသေးတယ်။ သန္ဓေသားမရှိတာ လုံးဝသေချာပြီဆိုတော့မှ ထည့်ပေးပါတယ်။ ထည့်တဲ့အချိန်မှာ နာကျင်တာကတော့ ပြောမပြတတ်အောင်ပါပဲ။ တော်တော်နာပါတယ်။ သားအိမ်ထဲထည့်ပြီးဆရာမက ဆောင်ရန်၊ ရှောင်ရန်တွေပြောပြအဲ့ဒီနောက်အိမ်ပြန်လာတာပေါ့နော်။ လမ်းတစ်လျှောက်လည်း အရမ်းနာ၊ အိမ်ပြန်ရောက်သည်အထိနာတာက လုံးဝမရပ်ဘူးရယ် :'(  ဆရာမတွေက ဒီလိုနာကျင်တာပုံမှန်ပဲ.. စိုးရိမ်စရာမရှိဘူး.. အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရတယ် ဆိုလို့ ရေနွေးကပ်၊ အကိုက်အခဲပျောက်ဆေးတွေ သောက်လိုက်မှ နာတာ သက်သာသွားတော့တယ်..

သားအိမ်တွင်းမှာ ဒီလိုလေးထည့်ထားတာ

အဲဒီလို ထည့်ပြီး တစ်လမပြည့်ခင်မှာပဲ ပိုးဝင်လို့ အက်ဒ်မင်ဆေးခန်း ပြေးလိုက်ရသေးတယ်။ အဲဒီ ပစ္စည်းထည့်ပြီးကာစမှာ သန့်ရှင်းရေးကို ပုံမှန်ထက် ပိုဂရုစိုက်ရမှာကို ဂရုမစိုက်မိတဲ့အပြစ်ပါပဲ။

ထည့်ပြီးသုံးလလောက် တော်တော်နာနေလို့ တချို့က ထုတ်ဖို့ အကြံပေးပါတယ်။ ဆရာဝန်တွေနဲ့ တိုင်ပင်ကြည့်တော့ မထုတ်ဖို့ အကြံပေးသလို အက်ဒ်မင်ကိုယ်တိုင်လည်း ဒီလောက်အနာခံထည့်ပြီးမှ ပြန်မထုတ်ချင်တော့ဘူးလေ နော်။ သုံးလလောက်အကြာမှာတော့ နာကျင်တာလုံးဝမရှိတော့ဘဲ ထည့်ထားတယ်ဆိုတာတောင် မေ့နေသလိုပါ။

ထည့်ပြီးခါစမှ ဓမ္မာတာ လာတာအရမ်းများပါတယ်။ ဒါပေမဲ့ အဲဒါက အက်ဒ်မင်အရင်က ထိုးထားတဲ့ သုံးလခံဆေးရဲ့သက်ရောက်မှုလည်း ဖြစ်နိုင်ပါတယ်။ အခုတော့ ဓမ္မတာလည်း ပုံမှန်လာပါတယ်။ အဖြူဆင်းတော့ ပုံမှန်ထက် ပိုဆင်းပါတယ်။ အဆိုးကြီး မဟုတ်ပါဘူး။ ပုံမှန်ထက်ပိုတာပဲရှိတာပါ။

ဒါကတော့ သားအိမ်တွင်းထည့်ပစ္စည်း ထည့်ထားတဲ့ အက်ဒ်မင့် အတွေ့အကြုံတွေပါ။ သားသားမီးမီးလေးတွေအတွက် အဆင်သင့်မဖြစ်သေးတဲ့ ယောင်းတို့ အဆင်ပြေမယ်ဆို ရွေးချယ်နိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်နော်။

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed