နှစ်ပေါင်း၁၅၀ကျော်အကြာမှာ လိင်တူချစ်သူတွေကို ရာဇဝတ်ကောင်အဖြစ်ကနေ ပယ်ဖျက်လိုက်တဲ့ အိန္ဒိယတရားရုံး

ဒီရက်ပိုင်း သတင်းတွေထဲက ဝမ်းသာစရာအကောင်းဆုံး သတင်းတစ်ခုပါပဲ.. 

၂၁ရာစုမှာ အတွေးအခေါ် အယူအဆတွေ ဖွံ့ဖြိုးတိုးတက်လာနဲ့အမျှ လူသားတွေဟာ ခွဲခြားဆက်ဆံမှုတွေ၊ မတရားမှုတွေ ပပျောက်ဖို့အတွက် အင်တိုက်အားတိုက် တိုက်ပွဲဝင်လာကြပါတယ်။

ဒီအထဲမှာ အိန္ဒိယလူ့အဖွဲ့အစည်းကတော့ ခြေလှမ်းတစ်လှမ်းကို တက်လှမ်းနိုင်ခဲ့ပါပြီ။ အဲဒါကတော့ LGBT အသိုင်းအဝိုင်းကို မတရားသဖြင့် ဖိနှိပ်ထားတဲ့ ဥပဒေကို အိန္ဒိယရဲ့ အမြင့်ဆုံးတရားရုံးချုပ်က အောင်မြင်စွာ ပယ်ဖျက်နိုင်ခဲ့တာပါ။

အံ့သြဝမ်းသာနေကြသော……

ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့မှာ အိန္ဒိယနိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးချုပ်က တရားသူကြီးအားလုံးဟာ “လိင်တူနှစ်ဦး လိင်ဆက်ဆံခြင်းသည် ပြစ်မှုမြောက်သည်” ဆိုတဲ့ ဥပဒေကို လုံးဝ တရားမဝင်တော့ကြောင်း ၊ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ကိုလိုနီခေတ်မှာ ချမှတ်ခဲ့တဲ့ ဒီဥပဒေအရ လိင်တူနှစ်ဦးရဲ့ လိင်ဆက်ဆံခြင်းဟာ သဘာဝတရားကို ဆန့်ကျင်နေတာမို့ ပြစ်မှုမြောက်ပါတယ်။ ပြစ်ဒဏ်ကတော့ အများဆုံး တစ်သက်တစ်ကျွန်း ကျခံရနိုင်ပါတယ်။ ကိုလိုနီခေတ်တည်းက သက်ဆိုးရှည်နေတဲ့ ဒီဥပဒေဟာ LGBTအသိုင်းအဝိုင်းကို နှစ်ပေါင်း ၁၅၀လောက် ဖိနှိပ်ခဲ့ပေမယ့် ခုချိန်မှာတော့ မြေလှန်ဖျောက်ဖျက်ပစ်နိုင်ခဲ့ပါပြီ၊ Supreme courtဆိုတဲ့ အမြင့်ဆုံးတရားရုံးချုပ်က ကြေညာပယ်ဖျက်ခဲ့တာမို့ ဖယ်ဒရယ်စနစ်ကျင့်သုံးနေတဲ့ အိန္ဒိယရဲ့ ဘယ်ပြည်နယ်မဆို ဒီဥပဒေကို လိုက်နာကျင့်သုံးရတော့မှာပါ။

Related Article >>> အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းထဲက LGBTတိုက်ပွဲရှည် အကြောင်း တစေ့တစောင်း

“လူတစ်ယောက်ရဲ့ လိင်စိတ်တိမ်းညွှန်းမှုဟာ ဇီဝဗေဒဖြစ်စဉ်တစ်ခုသာဖြစ်တာမို့ သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုအပေါ် မူတည်ပြီး ခွဲခြားဆက်ဆံတာ၊ ဖိနှိပ်တာဟာ လူသားတစ်ယောက်ရဲ့ အခြေခံအခွင့်အရေးတွေကို ချိုးဖောက်တာပါပဲ” လို့ တရားရုံးက ပြောကြားခဲ့ပါတယ်။

ဒီအဆုံးအဖြတ်ဟာ LGBTအသိုင်းအဝိုင်းရဲ့ ဖြစ်တည်မှုအပေါ် လူသားဆန်စွာ အသိအမှတ်ပြုရာရောက်တာမို့ အိန္ဒိယပြည်သူတွေသာမက တခြားနိုင်ငံက တက်ကြွလှုပ်ရှားသူတွေပါ အံ့ဩဝမ်းသာ ဖြစ်ခဲ့ကြရပါတယ်။ ဒေလီမြို့မှာတော့ ရောင်စုံသက်တံပါတဲ့ ထီးတွေ၊ အလံတွေကိုင်ပြီး အောင်ပွဲခံနေကြတဲ့ ပြည်သူတွေ၊ ဝမ်းသာမျက်ရည်ကျနေကြတဲ့ ပြည်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေကို တွေ့ရမှာပါ။

“ကျွန်မအခု ဘယ်လိုခံစားရလဲဆိုတာ ရှင်းပြလို့တောင် မရပါဘူး။ နှစ်ပေါင်းများစွာ တိုက်လာရတဲ့ တိုက်ပွဲက ခုတော့ အနိုင်ရသွားပါပြီ။ နောက်ဆုံးတော့ ကျွန်မတို့ဟာ ဒီိနိုင်ငံရဲ့ အသိအမှတ်ပြုတာခံလိုက်ရပြီလေ” လို့ လိင်တူချစ်သူတစ်ဦးက မျက်ရည်ကျရင်း ပြောပါတယ်။

“ကျွန်တော်တို့ဟာ ဖြစ်ပြီးတဲ့ သမိုင်းကို ပြောင်းလို့ မရပေမယ့် ပိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကိုတော့ ဖန်တီးနိုင်ပါတယ်” လို့ တရားသူကြီးတစ်ဦးက ဆိုပါတယ်။

ဒါပေမဲ့ လိင်တူချစ်သူတွေကို ရာဇဝတ်ကောင်အဖြစ်ကနေ ပယ်ဖျယ်လိုက်တဲ့အဆင့်ဟာ အခုမှ အစပဲရှိပါသေးတယ်။ LGBTအသိုင်းအဝိုင်းရဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ရှေ့ဆက်လုပ်ဆောင်သွားရမှာတွေ အများကြီးပါပဲ။

သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့ဆိုရင် ကျား၊မ၊ လိင်စိတ်တိမ်းညွတ်မှု၊ အသားအရောင် စတာတွေအပေါ် ခွဲခြားဖိနှိပ်ခြင်း မရှိဘဲ အားလုံးကို တရားမျှတမှုရှိအောင်၊ တန်းတူအခွင့်အရေးရအောင်ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

အက်ဒ်မင်တို့ နိုင်ငံလည်း တစ်နေ့ကျရင် သက်တံတွေရဲ့ အနာဂတ်အတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ပေါ်ထွက်လာနိုင်မှာပါ။ ဒီအတွက် ညီညွှတ်တဲ့ အသံနဲ့ ယုံကြည်မှုတွေသာ အဓိကလိုအပ်ပါတယ်လို့ ပြောကြားရင်း…

By
Mia (For Her Myanmar)
Reference links : CNN , Washington Post

No Comments Yet

Comments are closed