ရိုမန့်မတစ်တဲ့ ရိုမန့်တစ်များ

 

မင်းသားက မင်းသမီးကို အတင်းတွေ အကြင်နာပေးတာ ရိုတယ်ပေါ့ ပြောပါဦး.. အပြင်မှာဆို ပါးရိုက်သင့် ရိုက်မှာပဲ ဆိုတဲ့ အကြောင်းလေး 😛 

ယောင်းတို့ရေ တို့တွေ ရုပ်ရှင်တွေထဲမှာ အမျိုးသမီးဇာတ်ကောင်တွေကို ဘယ်လိုသရုပ်ဖော်ထားတဲ့အကြောင်း ဆွေးနွေးပြီးကြပြီ။ ဒီတစ်ခါတော့ ရုပ်ရှင်တွေထဲက အချစ်ဇာတ်လမ်းတွေ၊ ရိုမန့်တစ်အခန်းတွေနဲ့၊ ယောက်ျားလေးဇာတ်ကောင်တွေရဲ့ အပြုအမူတွေကို လေ့လာရအောင်နော်။

Related article >>> မိန်းကလေးတွေငြင်းဆန်တာဟာအထာပေးတာမဟုတ်ပါ

ဦးဆုံးကတော့ တို့မိန်းကလေးတွေရဲ့ ခေါင်းထဲကို ငယ်ငယ်လေးတည်းက သွင်းထားတဲ့ အယူအဆအမှားကြီးကို အရင်ဆွေးနွေးရမယ်။ ဇွဲဆုဆိုတာကြီးပေါ့။ မချစ်နိုင်ပါဘူး အတန်တန်ငြင်းတာတောင် လက်မလျှော့ဘဲ အနောက်က တကောက်ကောက်လိုက်ပြီး နှောင့်ယှက်နေသူကို ပြန်ချစ်ဖို့သင့်တယ်လို့ အဓိပ္ပါယ်ရတဲ့ အဲ့ဇွဲဆုဆိုတာကြီးကို ရုပ်ရှင်တွေက သိပ်ပြီး အသားပေးရိုက်ပြတာပဲ။

တကယ့်တကယ် အပြင်လောကမှာ အက်ဒမင်သာဆို ကိုယ်တစ်ခေါက် ငြင်းလိုက်ပြီးတာတောင် လိုက်နှောင့်ယှက်နေရင် ငရုတ်သီးဖျန်းဆေးပဲရမယ် သကောင့်သားတို့။ သနားပြီး ပြန်ကြိုက်ဖို့ကတော့ ဝေလာဝေး။ ဒီလိုမျိုး မိန်းကလေးရဲ့ အငြင်းစကားကို လက်မခံတဲ့သူတွေကြောင့် ချစ်သူက မုဒိမ်းကျင့်တာကို ခံရတာတို့၊ ယုံကြည်ရင်းနှီးသူက မုဒိမ်းကျင့်တာ ခံရတာတို့ ဆိုတဲ့ဇာတ်လမ်းတွေ ကြားနေရတာပါ။ အဲ့လိုအမှုတွေမှာ အပြစ်ရှိတာ ယုံကြည်မိတဲ့ မိန်းကလေးမဟုတ်ဘဲ တစ်ခါငြင်းလိုက်တာနဲ့ လက်ခံရမယ်ဆိုတာကို နားမလည်တဲ့ လူ့ဗာလတွေရဲ့ အပြစ်ပါ။

နောက်တစ်ခုကတော့ ကိုရီးယားကား တော်တော်များများမှာ တွေ့ရတတ်တာပေါ့။ မင်းသမီးက လှည့်ထွက်သွားတာကို မင်းသားက လက်ကိုဆောင့်ဆွဲပြီး ရင်ခွင်ထဲဆွဲသွင်းလိုက်တာတို့။ မင်းသမီးက မနမ်းချင်ရင်တောင် မင်းသားက မင်းသမီးမျက်နှာလေးကို သူ့လက်ခုပ်ထဲထည့်ပြီး အတင်းအကြင်နာတွေပေးတော့မှ မင်းသမီးကကြွေသွားတာတို့။ အဲ့ဒီလို နိုင်ထက်စီးနင်းလုပ်တတ်တဲ့ အကျင့်တွေကို ကိုရီးယားကားမှ မဟုတ်ပါဘူး အချစ်ဇာတ်လမ်း တော်တော်များများမှာ တွေ့နေရပါတယ်။ ဒါတွေဟာ မိန်းကလေးတွေကို ဒီနိုင်ထက်စီးနင်း အပြုအမူတွေက ရိုမန့်တစ်ဆန်တယ်လို့ စိတ်ထဲသွင်းပေးလိုက်သလို ဖြစ်နေတာမို့ ကိုယ်တိုင်ဟာ ဒီလို အနိုင်ကျင့်ခံနေရရင်တောင် ငုံ့ခံနေဖို့ အကြောင်းတစ်ခုဖြစ်နေပါတယ်။

ဖြူစင်တဲ့မိန်းကလေးနဲ့၊ ဦးဆောင်ယောက်ျား ဆိုတာလဲရှိသေးတယ်။ ကောင်မလေးက ရိုးရိုးသားသားလေးမို့၊ ကောင်လေးက ဆုံးဖြတ်ချက်တွေ ချပေးရတယ်။ ငါယောက်ျား၊ ငါတာဝန်ယူမယ်၊ ငါပိုက်ဆံရှာမယ်၊ မင်းကအေးအေးဆေးဆေး နေရုံပဲဆိုတာမျိုးတွေ မြန်မာကားထဲမှာများတယ်။ ဟောလိဝုဒ်အနေနဲ့ ပြောရရင် Fifty Shades of Grey ထဲက မင်းသားရဲ့ဇာတ်ကောင်က ကောင်မလေးကို သူထားရာနေ စေရာသွား လုပ်ခိုင်းတာလိုမျိုး။ မိန်းကလေးတွေဆို ယောက်ျားတစ်ယောက် အကူအညီမပါဘဲ ဘဝမှာ ဘာတစ်ခုမှ မလုပ်တတ်တဲ့သူတွေလိုမျိုး ရိုက်ပြတာတွေကလည်း ဒီနေ့ခေတ်ကြီးနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။

ဒါတွေအပြင် ညီမတွေ သမီးတွေကို သိပ်တိုတတ်တဲ့ အစ်ကိုတွေ အဖေတွေ ဇာတ်ကောင်မျိုးတွေရှိတယ်။ Twilight ထဲက Edward လို မိန်းကလေး အိပ်ခန်းထဲထိ ခွင့်ပြုချက်မရဘဲဝင်၊ မိန်းကလေးဘယ်သွားလဲ၊ ဘာလုပ်လဲဆိုတာ တကောက်ကောက်လိုက်ကြည့်နေတဲ့ ဇာတ်ကောင်တွေရှိတယ်။ မိန်းကလေးတွေဘက်က ယောက်ျားလေးရဲ့ စိတ်ဝင်စားမှုကို ခံချင်လို့ သူ့ကို စိတ်မဝင်စားသယောင် ဟန်ဆောင်တာမျိုးတွေ ရှိတယ်။ စိတ်ဆင်းရဲစရာ ဘဝကြီးကနေ မင်းသားလာကယ်မှ အခြေအနေကောင်းထဲ ရောက်သွားတဲ့ ကူကယ်ရာမဲ့ မိန်းကလေးဇာတ်ကောင်တွေရှိတယ်။

ဒီဇာတ်ကောင်စရိုက်တွေဟာ တကယ်တော့ ရိုမန့်ဘယ်လိုမှမတစ်ပါဘူးနော်။ ဖြစ်ချင်းဖြစ် မိန်းကလေးတွေဟာ အားနည်းကြောင်း၊ မိန်းကလေးတွေ မူတတ်ကြောင်း၊ မိန်းကလေးတွေ အငြင်းစကားကို ဂရုစိုက်စရာမလိုကြောင်း၊ မိန်းကလေးတွေကို အမဲလိုက်သလို လိုက်မယ်ဆိုရင် နောက်ဆုံးဇွဲဆုရနိုင်ကြောင်း၊ မိန်းကလေးတွေဟာ ကယ်တင်မယ့်ယောက်ျားလေးရှိမှ ပျော်ရွင်နိုင်ကြောင်း (မောထှာ… ဘာကျန်သေးလဲမသိ) ဒီလိုမျိုး အန္တရာယ်ကြီးတဲ့ အမြင်မှားတွေကို ပေးနေတဲ့ ဇာတ်ကောင်တွေပါပဲ။

Related article >>> မိန်းကလေးတွေဟာ အရာဝတ္ထုတွေမဟုတ်

ဒီလိုဆို အချစ်ဇာတ်ကားတွေကို မကြည့်ရတော့ဘူးလား မေးလာရင်တော့ ကြည့်သာကြည့်ပါယောင်းရေ။ အက်ဒမင်ကိုယ်တိုင်လဲ ဒီကားတွေကိုကြည့်ပြီး ရင်ခုန်ရမယ့်နေရာတွေမှာ ရင်ခုန်ပစ်လိုက်ပါတယ်။ တစ်ခုပဲ… လက်တွေ့ဘဝမှာ ဒီလိုအခြေအနေတွေ ဖြစ်လာပြီဆို လက်မခံဖို့နဲ့ ရုပ်ရှင်ဟာရုပ်ရှင်၊ လက်တွေ့ဘဝဟာ လက်တွေ့ဘဝဆိုတာ ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ မိန်းကလေးတွေကို မနှိမ့်ချတဲ့ ရင်ခုန်စရာအချစ်ဇာတ်လမ်းတွေ ထွက်လာရင် အတိုင်းထက်အလွန်ပေါ့နော်။

အဲ့လိုရုပ်ရှင်တွေကို ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေက မရိုက်ပေးသ၍တော့ ကိုယ်တွေက ဒီရုပ်ရှင်တွေကို အပန်းဖြေမှုဆိုတာထက်ပိုပြီး မခံယူမိကြပါစေနဲ့။ လက်တွေ့ဘဝထဲမှာ သန်မာထက်မြက်ပြီး ဘယ်သူ့ကိုမှ အားကိုးစရာမလိုတဲ့ ယောင်းကလေးတွေ ဖြစ်နိုင်ကြပါစေကွယ်။

Khine (For Her Myanmar)

Reference : Bustle | Affinity

No Comments Yet

Comments are closed