ဘဝအနိမ့်အမြင့် အတက်အကျခရီးကြမ်းတွေကြားက သူ (သို့) မာရီလင်မွန်ရိုး

ဒီလောက် အဆင်မပြေတာတွေများခဲ့တာတောင် အောင်မြင်အောင်လုပ်နိုင်ခဲ့တာချီးကျူးစရာ …

ငယ်စဉ်ကတည်းက အဖေဆိုတာ ဘယ်သူမှန်း မသိရှာခဲ့တဲ့သူ …

မိခင်ဖြစ်သူဟာလည်း စိတ်ဝေဒနာသည်မို့ မိခင်ရင်ခွင်မှာမဟုတ်ဘဲ မိဘမဲ့ကျောင်းမှာ ကြီးပြင်းလာတဲ့ သူ …

ဘဝတစ်လျှောက်လုံး နိမ့်လိုက် မြင့်လိုက်ဖြစ်ခဲ့ပေမဲ့ အမြဲရှေ့ဆက်ဖို့ အသင့်ဖြစ်နေသူ ….

ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးခဲ့ရသူဖြစ်ပေမဲ့ ဒီနေ့အချိန်ထိ အရှိန်အဝါရှိနေဆဲဖြစ်သူ …

သူကတော့ ၁၉၅၀ နဲ့ ၁၉၆၀ ဝန်းကျင်နှစ်တွေက ဟောလီးဝုဒ်ရုပ်ရှင်လောကမှာ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သူ မင်းသမီး မာရီလင် မွန်ရိုး (Marilyn Monroe) ပါ။

မာရီလင်မွန်ရိုး ရဲ့ငယ်အမည်က Norma Jeane ဖြစ်ပါတယ်။ သူ့အမေဟာ နော်မာ ဂျင်းလေးကို ဖခင်မရှိတဲ့(Single mom) ဘဝနဲ့ မွေးဖွားခဲ့ပြီး နောက်ပိုင်းမှာတော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းလာလို့ စိတ္တဇဆေးရုံမှာ တစ်သက်လုံးကုသမှုခံယူခဲ့ရှာပါတယ်။

ဖခင် မရှိရာကနေ မိခင်မဲ့သွားရှာတဲ့ နော်မာဂျင်းလေးဟာ သူ့ကလေးဘဝကို ယာယီစောင့်ရှောက်သူတွေဆီမှာ တစ်လှည့်၊ မိဘမဲ့ဂေဟာမှာ တစ်လှည့် ဖြတ်သန်းခဲ့ရပြီး အဲဒီအရွယ်မှာကတည်းက လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ခံခဲ့ရသလို အဲဒီကနေရတဲ့ စိတ်ဒဏ်ရာကို တစ်သက်လုံး ခံစားခဲ့ရရှာပါတော့တယ်။

အဲဒီလိုနေလာရင်း အထက်တန်းကျောင်းအောင်ပြီးနောက် သူ(မ)အသက်ဆယ့်ခြောက်နှစ်ပြည့်ခါစမှာပဲ ဂျိမ်းစ် ဆိုသူနဲ့ လက်ထပ်ဖြစ်ပါတယ်။ သူတို့ပေါင်းဖက်ပြီး နှစ်နှစ်လောက်မှာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတာကြောင့် ဂျိမ်းစ်တစ်ယောက် စစ်ထဲပါသွားပါတော့တယ်။

ဂျိမ်းစ်မရှိတဲ့အခါ စက်ရုံတစ်ခုမှာအလုပ်ဝင်ရင်း အဲဒီစက်ရုံကို မှတ်တမ်းတင်ဖို့လာတဲ့ ဓာတ်ပုံဆရာက နော်မာ ကို သဘောကျသွားပြီး သူရိုက်ရမယ့် စက်ရုံဓာတ်ပုံတွေမှာ နော်မာကို မော်ဒယ်လ်ထားပြီး ရိုက်ကူးပါတော့တယ်။ အဲဒီလိုကနေပဲ နော်မာဂျင်းတစ်ယောက် မင်းသမီးပိုးဝင်သွားပြီး အနုပညာလမ်းကိုလျှောက်လှမ်းဖို့ကြိုးစားပါတယ်။

လှလိုက်တာ

Related Article >>> အဖြေရှာမရနိုင်သေးတဲ့ ဘောလိဝုဒ်မင်းသမီးလေးရဲ့သေဆုံးမှု

မင်းသမီးလုပ်တော့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နော်မာတစ်ယောက် ခင်ပွန်းဖြစ်သူဆီကနေကွာရှင်းခွင့်တောင်းလိုက်ပါတယ်။ သူ့ရဲ့အနုပညာလမ်း ပထမပိုင်းကတော့ ဓာတ်ပုံ မော်ဒယ်လ်ဘဝမှာပေါ့။ ဓာတ်ပုံမော်ဒယ်လ်ဘဝမှာ ငတ်တစ်လှည့် ၊ ပြတ်တစ်လှည့် အခြေအနေကို ကြံ့ကြံ့ခံရင်း နော်မာတစ်ယောက် ရုပ်ရှင်လောကကို ကူးဖို့ကြံပါတော့တယ်။

ရုပ်ရှင်ကုမ္ပဏီတွေရဲ့လူရွေးပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အရွေးမခံရမှုတွေများစွာကြုံခဲ့ရပြီးတဲ့နောက် Twenty Century Fox ကုမ္ပဏီရဲ့လူရွေးပွဲတစ်ခုမှာ ရွေးချယ်ခံရပြီး ခြောက်လစာချုပ်ချုပ်ခဲ့ရပါတယ်။ သူ့နာမည်ကိုလည်း မာရီလင်မွန်ရိုးလို့ ပြောင်းခဲ့ပါတယ်။

မာရီလင်မွန်ရိုးရယ်လို့ စာချုပ်ချုပ်ပြီးနောက်မှာလည်း သူရိုက်ရသမျှဟာ မထင်မရှားဇာတ်ရံ ဖြတ်လျှောက်သာသာ နေရာတွေပါပဲ။ ဒီလိုနဲ့ခြောက်လကုန်သွားပြီး ဘာနာမည်မှ မရခဲ့ပါဘူး။ ဒါပေမဲ့ ဇွဲကြီးလွန်းတဲ့မွန်ရိုးက အကတွေသင်၊ သရုပ်ဆောင် သင်တန်းတွေတက်ရင်း အမြဲအားထုတ်နေပါတယ်။

ဒီလိုနဲ့ ရုပ်ရှင်လောကမှာ မထင်မရှား သရုပ်ဆောင်လိုက်၊ ငွေပြတ်လာရင် ဓာတ်ပုံမော်ဒယ်လ်လုပ်လိုက်နဲ့ ရုန်းကန်နေရတဲ့ မွန်ရိုးအနေနဲ့ ကံတက်လာတာက Fox ရုပ်ရှင်ကုမ္ပဏီရဲ့အမှုဆောင်တစ်ဦးနဲ့ သိကျွမ်းခွင့်ရခဲ့တာပါ။ အမှုဆောင်ရဲ့ ကူညီမှုနဲ့ သူဟာ ဇာတ်ဝင်ခန်းအချို့မှာ သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။

ဒီလိုနဲ့ နှစ်နှစ်လောက် ရုပ်ရှင်လောကနဲ့ မော်ဒယ်လ်လောကမှာ တရစ်ဝဲဝဲကျင်လည်ရင်း ရုပ်ရှင်အေဂျင်စီတစ်ခုရဲ့ ဒုတိယဥက္ကဋ္ဌ နဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ သူ့ရဲ့ ဖေးမမှုနဲ့လည်း ရုပ်ရှင်ကားတွေမှာ အတန်အသင့်ပါဝင်ခွင့်ရလာပါတယ်။ မွန်ရိုးကို မြတ်နိုးတဲ့ ဒုဥက္ကဋ္ဌဟာ သူမဘဝတက်လမ်းအတွက်လည်းအများကြီးကူညီခဲ့သူပါ။ မွန်ရိုးကို 20th Century Fox ကုမ္ပဏီနဲ့ ၇နှစ်စာချုပ်ချုပ်ဆိုခွင့်ရဖို့ ညှိနှိုင်းပေးခဲ့ပြီး မကြာခင်မှာ နှလုံးရောဂါနဲ့ဆုံးပါးခဲ့ရှာပါတယ်။

<3

အဲဒီစာချုပ်ကြောင့်ပဲ မွန်ရိုးဟာ ခေါင်းဆောင်မင်းသမီးဘဝကို မရောက်ရသေးပေမဲ့ အရင်ကထက် တစ်စတစ်စ လူသိများလာခဲ့ပါတယ်။ နာမည်လေးတက်မယ်ကြံကာမှ ဖြစ်ရတာက သူ မအောင်မြင်ခင်က ရိုက်ခဲ့တဲ့ မလုံ့တလုံပုံတွေ ပေါ်ထွက်လာတာပါ။ ကံကောင်းချင်တော့ ဒီပုံတွေကြောင့် သူနာမည်မပျက်ခဲ့ဘဲ လူတွေရဲ့စိတ်ဝင်စားမှု ပိုရလာခဲ့ပါတယ်။

နောက်ပိုင်းမှာ ထင်ထင်ရှားရှား ဇာတ်ရံ ဇာတ်ကောင်မျိုးကို လက်ခံရိုက်ကူးခဲ့ရပါတယ်။ စိတ်မကောင်းစရာက သူ့ကိုလူကြိုက်များစေခဲ့တဲ့ ဇာတ်ကောင်တွေရဲ့ ပုံစံဟာ လှပပြီး ဉာဏ်ထိုင်းတဲ့ မိန်းကလေး ဇာတ်ကောင်တွေ ဖြစ်နေခဲ့တာပါပဲ။ အောင်မြင်သွားသည်အထိ ဒီလိုဇာတ်ကောင်မျိုးမကြာခဏသရုပ်ဆောင်ခဲ့ရတာကို သူစိတ်ပျက်ခဲ့တယ်လို့သိရပါတယ်။

မွန်ရိုးရဲ့ ကမ္ဘာကျော် ပုံတစ်ပုံ

၁၉၅၃ ကနေ မွန်ရိုး သေဆုံးခဲ့တဲ့ ၁၉၆၂ ခုနှစ်အထိ ကာလတွေဟာ သူ့ရဲ့သရုပ်ဆောင်မင်းသမီးဘဝမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ကာလတွေ ဖြစ်ပါတယ်။ သို့ပေမဲ့ သူ့ရဲ့ကိုယ်ပိုင်ဘဝမှာတော့ စိတ်ဒဏ်ရာတွေ၊ ဆေးဝါးတွေ၊ မအောင်မြင်တဲ့ အိမ်ထောင်ရေးတွေကြောင့် ပျော်ရွှင်စရာတော့မရှိခဲ့ပါဘူး။ အလုပ်မှာဆိုရင်လည်း အမြဲတမ်း ဒိုင်ယာလော့ခ်တွေ မကျက်ဘူး၊ ရှုတင်ကို အချိန်မှန်မလာဘူး၊ လာပြန်တော့လည်း ကောင်းကောင်းမရိုက်ဘဲ အချိန်ဖြုန်းတယ် အစရှိတဲ့ နာမည်ဆိုးတွေနဲ့ကျော်ကြားသူလေးပါ။

ဒါတွေဟာ သူ့စိတ်ဝေဒနာတွေ၊စိတ်ဒဏ်ရာတွေရဲ့ ဆိုးကျိုးတွေဖြစ်သလို ဇာတ်ကားရိုက်နေရင်း၊ ဓာတ်ပုံရိုက်နေရင်း သူစိတ်လွတ်သွားတဲ့ အခြေအနေတွေကို ကြုံခဲ့ကြရပါတယ်။ ဒီလိုပြဿနာတွေရှိနေပေမဲ့လည်း ပရိသတ်တွေကတော့ မွန်ရိုးဆိုတာနဲ့ အားပေးပြီးသားဆိုရအောင်ကိုပဲ ချစ်ခင်ကြပါတယ်။ အထူးသဖြင့် ယောက်ျားထုကြီးက မွန်ရိုးရဲ့ ညှို့အားအောက်က ရုန်းမထွက်နိုင်ကြတာပေါ့…

ဒီလိုနဲ့ တစ်ခေတ်မှာ တစ်ယောက်လို့ ဆိုလို့ရတဲ့ ပါရမီရှင်မင်းသမီးလေး မွန်ရိုးဟာ လျှမ်းလျှမ်းတောက်အောင်မြင်နေဆဲကာလ၊ မိန်းမတစ်ယောက်ရဲ့ အလှဆုံးအရွယ် အသက်သုံးဆယ့်ခြောက်နှစ်မှာပဲ စိတ်ကစဥ့်ကလျားရောဂါအတွက်ပေးတဲ့ အိပ်ဆေးတွေကို အလွန်အကျွံသောက်သုံးပြီး သေဆုံးခဲ့ပါတယ်။ သူ့ရဲ့သေဆုံးမှုကို အခုကာလအထိ ကိုယ့်ကိုယ်ကိုယ်သတ်သေတယ်၊ သူများက သတ်တယ်၊ မတော်တဆသေဆုံးတယ် အစရှိတဲ့ ထင်မြင်ချက်ပေါင်းစုံထွက်ပေါ်ခဲ့ပေမဲ့ ဘာမှရေရေရာရာအဖြေမရခဲ့ဘဲ မတော်တဆမှုနဲ့ အမှုပိတ်ခဲ့ရပါတော့တယ်။

သူသေဆုံးခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပေမဲ့ ယနေ့ထက်တိုင် သတိရနေကြဆဲပါ။ မွန်ရိုးဟာ ၁၉၆၂ သြဂုတ်လမှာ သေဆုံးခဲ့တာမို့ သူသေဆုံးခြင်း ၅၆ ပြည့်အထိမ်းအမှတ်အနေနဲ့ မွန်ရိုးရဲ့ ကြိုးစားမှုနဲ့ အောင်မြင်မှုတို့ကို ယောင်းတို့ သိရှိလို့ရအောင်ပါ တင်ဆက်ပေးလိုက်ပါတယ်နော်။

Sugar Cane (For Her Myanmar)

References : britannicawikipedia , IMDB

No Comments Yet

Comments are closed