ကတ်သိုလစ် ဘုရားကျောင်းကို လှည့်စားခဲ့တဲ့ ချစ်သူနှစ်ဦး

စွန့်စားမယ် ကိုယ့်အချစ်ရေ.. လိုက်ရဲလား?

ယောင်းတို့ရေ အခုခေတ်အခါမှာ လိင်တူချစ်သူတွေကို ပိုပြီး လက်ခံနိုင်လာကြတာ မကြာသေးပါဘူး။ ဒါတောင်မှ လက်ခံနိုင်သူအရေအတွက်က လက်မခံနိုင်သူတွေနဲ့ ယှဉ်လိုက်ရင် တော်တော်နည်းပါသေးတယ်နော်။ ဟိုးအရင်ခေတ်တုန်းကတော့ ပိုဆိုးတာပေါ့ကွယ်။ ဘာသာရေး ကိုင်းရှိုင်းသူတွေကဆို ပိုတောင်လက်မခံနိုင်ကြသေးတယ်။

ဒါနဲ့တောင် ၁၉၀၁ခုနှစ်က ကတ်သိုလစ် ဘုရားကျောင်းမှာ ရအောင် လက်ထပ်ခဲ့တဲ့ မိန်းကလေး လိင်တူချစ်သူစုံတွဲတစ်တွဲ ရှိခဲ့တယ် ယောင်းတို့ရဲ့။ Lesbian couple တွေအားလုံးရဲ့ သူရဲကောင်း ချစ်သူစုံတွဲပေါ့။ သူတို့အကြောင်း ပြောပြမယ်နော်။

Related article >>> ချစ်သူတိုင်းပေါင်းရပါစေ…

Elisa နဲ့ Marcela တို့တွေဟာ သူတို့အချစ်ကို ဘုရားသခင်ရဲ့ ကောင်းချီးပေးမှုခံယူပြီး ပေါင်းစည်းနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်မှန်းသိပါတယ်။ ပတ်ဝန်းကျင်က လက်ခံဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်သေးတာကိုလည်း နားလည်ပါတယ်။ ဒါပေမဲ့ ဒီအချက်တွေဟာ သူတို့နှစ်ယောက်ကို တားဆီးဖို့ မလုံလောက်ခဲ့ပါဘူးကွယ်။

ဒါနဲ့ပဲ Elisa ဟာ Mario အနေနဲ့ သူ့ချစ်သူ Marcela ကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တကယ်လည်း သူတို့ လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ သူတို့ကို လက်ထပ်ပေးခဲ့တဲ့ စပိန်နိုင်ငံ San Jorge ဘုရားကျောင်းက ဘုန်းတော်ကြီးက သူတို့နှစ်ယောက်လုံးဟာ မိန်းကလေးတွေဆိုတာကို မသိခဲ့ပါဘူးတဲ့။

Related Article >>> အမျိုးသမီးအခွင့်အရေးနှင့် နိုင်ငံတကာအတွေးအမြင်

သူများတွေအတွက်ကတော့ လက်ထပ်လိုက်တယ်ဆိုတာ ချစ်သူနှစ်ယောက်ရဲ့ ဘဝနှစ်ခုကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းလိုက်တဲ့ ပျော်စရာဇာတ်သိမ်းကလေးပေါ့။ သူတို့အတွက်ကတော့ စိတ်လှုပ်ရှားစရာ ဘဝက အခုမှစတာပါ။

La Voz de Galicia ဆိုတဲ့ သတင်းစာတစ်ခုကနေ သူတို့နှစ်ယောက်ရဲ့ သတင်းကို မျက်နှာဖုံးမှာ ပုံနှိပ်ဖော်ပြပြီး သူတို့ကို မိန်းကလေးတွေလို့ ကြေငြာလိုက်ရာကနေစပါတယ်။ ဒီသတင်းကြောင့် သူတို့တွေ Portugal (ပေါ်တူဂီ)  က Porto ကိုရွှေ့ပြောင်းသွားရပါတယ်။ ဒီကနေပြီး စပိန်မှာ ပြန်အဖမ်းခံလိုက်ရသေးတယ်လို့လည်း သိရပါတယ်။ အောက်ကပုံကတော့ Mario အနေနဲ့ ဟန်ဆောင်ထားတဲ့ Elisa နဲ့ Marcela တို့ကို အဖမ်းခံရအပြီးမှာ တွေ့ရတာပါ။

ဒီနောက်တော့ ပြန်လွတ်လာပြီး ၁၉၀၂ ခုနှစ်မှာ Buenos Aires မှာ အခြေချခဲ့ပါတယ်တဲ့။ သူတို့ရဲ့ဇာတ်လမ်းကို ပြန်လည်လူသိလာခြင်းအားဖြင့် ဒီနေ့ခေတ်အထိ နိုင်ငံတော်တော်များများမှာ လိင်တူချစ်သူစုံတွဲတွေ လက်ထပ်ခွင့် မရသေးတာကို မီးမောင်းထိုးပြသလို ဖြစ်မယ်လို့လည်း မျှော်လင့်ချက်တွေ ရှိနေပါတယ်။

Related article >>> အချစ်အတွက် အချစ်သာလိုပါတယ်…

သူတို့အကြောင်းကို Isabel Coixet ဆိုတဲ့ အမျိုးသမီး ဒါရိုက်တာက ပြန်လည်တူးဖော်ခဲ့တာပါ။ ရုပ်ရှင်ကားအနေနဲ့ ပြန်ရိုက်မယ်လို့လည်း ကြားထားပါတယ်။ Isabel Coixet က BBC သတင်းဌာနကို “သူတို့ဇာတ်လမ်းလေးကို ကြားလိုက်ရတာမှာ အရမ်းစိတ်ဝင်စားသွားပါတယ်။ မိန်းကလေး နှစ်ယောက်ထဲက တစ်ယောက်က ယောက်ျားလေးလို ဟန်ဆောင်ပြီး နေထိုင်သွားတာ ဘယ်လောက်တောင် သတ္တိရှိလိုက်ကြသလဲ” လို့ ပြောပြခဲ့ပါတယ်။

အက်ဒမင်ကတော့ ဒီဇာတ်လမ်းကလေး ရုပ်ရှင်အနေနဲ့ ထွက်လာမယ့်အချိန်ကို မျှော်နေတာပဲ။ သတ္တိရှင် ချစ်သူနှစ်ယောက်ရဲ့ လူသိနည်းတဲ့ အချစ်ဇာတ်လမ်းလေးကို ယောင်းတို့သိအောင် ပြန်ပြောပြခွင့်ရလို့လည်း တာဝန်တစ်ခုကျေသွားသလို ခံစားရတယ်။ ယောင်းတို့ရော သူတို့တွေကို ဘယ်လိုမြင်သလဲ ပြောပြပါဦးနော်။

Khine (For Her Myanmar)

Reference : BBC | Dailymail

No Comments Yet

Comments are closed