“ညီမက သာမန်လူငယ်ပါပဲ”ဆိုတဲ့ မိုးသစ္စာ

မြန်မာမိန်းကလေးတစ်ယောက်…. အသက် (၁၆) နှစ်အရွယ်…ရွေ့လျားစာကြည့်တိုက် တစ်ခုကို စတင်တည်ထောင်ခဲ့တယ် ဆိုရင်….ဘယ်လို မှတ်ချက် ပေးချင်ကြမလဲ?

အရင်ဆုံး ကိုယ်ရဲ့ အသက် (၁၆) နှစ် ဆိုတဲ့အရွယ်ကို ပြန်မြင်ကြည့်ရအောင်…အဲ့ဒီအသက်အရွယ်မှာ ယောင်းတို့ ဘာတွေလုပ်ခဲ့လဲ..? ဘာတွေ လုပ်နေခဲ့လောက်လဲ?
အဲ့အသက်အရွယ်က ဆယ်တန်းစာမေးပွဲကြီးအပြီး တက္ကသိုလ်မတက်ခင်ကြား စပ်ကူးမတ်ကူးပေါ့။ အက်ဒမင်တို့ကတော့ အိမ်ကနေ အခွင့်အရေးတွေ ကောင်းကောင်းယူပြီး ပျော်ပါးလို့ကောင်းတုန်း..။ သူငယ်ချင်းတွေနဲ့ လျှောက်လည်တယ်…ကိုယ်ဝါသနာပါတာတွေလုပ်တယ်…သင်တန်းတွေတက်တယ်..။ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းခဲ့တာ။
ဒါပေမဲ့ အဲဒီ့မိန်းကလေးကို တွေ့လိုက်တဲ့အချိန်မှာ…
ကိုယ့်အသက် (၁၆)နှစ်အရွယ်ကို ပြေးပြီး “နင် ဘာတွေလုပ်နေခဲ့တာလဲ” ဆိုပြီး မေးချင်စိတ် ပေါက်လာတယ်။ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရစိတ်…နောက် တပြိုင်နက်တည်း သူ့အပေါ်လေးစားစိတ်၊ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မျက်စိရှေ့မှာ ဒီလိုကလေးမျိုးတွေ(ကိုယ့်ထက်အသက်ငယ်လို့ ကလေး လို့ သုံးပါရစေ။ ) ရှိတယ်ဆိုတဲ့ ဝမ်းသာဂုဏ်ယူ ပီတိစိတ်တွေ ဖြစ်ပေါ်လာမိတယ်။
XXXXXXXXXXXX
ရိုးရိုးအေးအေးနဲ့ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ ကောင်မလေး တစ်ယောက်…ဒါပေမဲ့ ရင့်ကျက်မှုကို ပြတဲ့ ရှင်းရှင်းလင်းလင်းနဲ့ တည်ကြည်တဲ့မျက်နှာကို ပိုင်ဆိုင်ထားသူတစ်ဦး…။

နာမည်က….မိုးသစ္စာ…ကောင်းစုံ ကိုယ်ပိုင်အထက်တန်းကျောင်းကနေ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားတယ်။ လက်ရှိ Maker360 မှာ computer science နဲ့ robotic engineering အတွက် mentor အနေနဲ့ လုပ်ကိုင်နေသလို ဝိုင်းမြန်မာဆိုတဲ့ career guidance ပေးတဲ့ အဖွဲ့အစည်းမှာလည်း Implementer တစ်ဖြစ်လည်းဆောင်ရွက်နေတယ်…။ Computer Science နဲ့ ယူအက်စ်မှာ တက္ကသိုလ်တက်ဖို့ စီစဉ်နေတယ်လို့ဆိုတဲ့ အသက် (၁၇)နှစ်အရွယ် ကောင်မလေး တစ်ယောက်… အသက်(၁၆)နှစ်တည်းက စတင်ခဲ့ပြီး သူလက်ရှိ ထူးထူးခြားခြား လုပ်နေတာက ရွေ့လျား စာကြည့်တိုက်တဲ့ ။

စာကြည့်တိုက်ဆို တိတ်ဆိတ်ငြိမ်သက်တဲ့နေရာ တစ်ခုနဲ့ စာအုပ်တစ်ထပ်ကိုပဲ ပြေးမြင်မိတာ…။ ရွေ့လျားစာကြည့်တိုက်ဆိုတဲ့အသုံးအနှုန်းက အက်ဒမင့်အတွက် အစိမ်းသက်သက်ရယ်..။ ဒါနဲ့ မေးကြည့်တော့…
“အရင်တုန်းက စာကြည့်တိုက်တွေ ရှိတယ်။ စာကြည့်တိုက်တွေဆီ လူတွေက သွားကြတယ်…။ ဒါပေမဲ့ အခုနောက်ပိုင်း social media တွေ ဖုန်းတွေပေါ်လာတော့ မသွားဖြစ်ကြတော့ဘူး။ နောက်ပြီး စာကြည့်တိုက်ကလည်း နေရာတိုင်းမှာ သေသေချာချာ မရှိဘူးလေ။ အဲ့တော့ စာကြည့်တိုက်က လူတွေဆီကို သွားရတာပေါ့။ ညီမကတော့ ကျောင်းတွေကို အဓိကထားတယ်။ တချို့ကျောင်းတွေဆို စာကြည့်တိုက်လုံးဝ မရှိတာမျိုးတွေရှိတယ်လေ။ ညီမငယ်ငယ်က တက်ခဲ့တဲ့ ကျောင်းဆိုလည်း စာကြည့်တိုက် မရှိခဲ့ဘူး။ အဲဒီလိုကျောင်းတွေကို စာအုပ်တွေ သယ်သွားပေးတယ်။ ကျောင်းတစ်ကျောင်းမှာ အချိန် (၃)လ သတ်မှတ်ပေးထားတယ်။ (၃)လပြည့်ရင် နောက်ထပ် ကျောင်းတစ်ကျောင်းဆီက စာအုပ်တွေနဲ့ လဲလှယ်ပေးတယ်။ အဲ့တော့ ကလေးတွေလည်း စာအုပ်တွေ စုံစုံလင်လင် ဖတ်ရတာပေါ့” လို့ သူ(မ)က ဆိုပါတယ်။ ကိုယ်တောင် မတွေးမိဘူးရယ်…ဒီလိုအတွေးမျိုး..
အသက်ငယ်ငယ်နဲ့ ဒီလိုတွေးမိစေဖို့ ဘာတွေက တွန်းအားဖြစ်စေလဲဆိုတော့

Related article>>> ‘အမျိုးသမီးတိုင်း ကိုယ်ပိုင်ဝင်ငွေရှိသင့်တယ်’လို့ဆိုလိုက်တဲ့ မကြည်ကြည်ဝင်းရွှေ

“ညီမ မိသားစုက အလယ်အလတ်အသိုင်းအဝိုင်းကပါ။ အမေ့ဇာတိက ဒေးဒရဲကလေ..။ အဲ့ဒီမှာပဲ အရင် ကျောင်းတက်ခဲ့ပြီးမှ ကောင်းစုံကို ပြောင်းလာတာ။ ညီမ အဲ့တုန်းကအတွေးပေါ့နော်။ မြန်မာနိုင်ငံမှာ အချမ်းသာဆုံးလူတွေက လယ်သမားတွေလို့ ထင်ခဲ့မိတယ်။ တစ်နိုင်ငံလုံးက လူတွေက ဆန်စားတာကိုး..။ အဲဒီပိုက်ဆံတွေ အကုန် လယ်သမားတွေရတယ်ပေါ့လေ..။ ဒါပေမဲ့….ညီမလက်တွေ့ သိလိုက်ရတာက သူတို့မှာ အရမ်း ရုန်းကန်ရတယ်။ အဓိက ပညာတတ်တာ မတတ်တာနဲ့ ဆိုင်တာပေါ့။ နောက်ပြီး …..အဲ့ဒီမှာ တချို့ အလယ်တန်းလောက်ထိပဲ တက်ပြီး ကျောင်းထွက်လိုက်ရတဲ့သူတွေလည်း ရှိတယ်။ တချို့ဆို ဖိနပ်မပါဘဲ ကျောင်းလာတက်တဲ့သူတွေလည်း ညီမတွေ့ဖူးတယ်..။ သူတို့တွေအတွက် ညီမ တစ်ခုခု လုပ်ပေးချင်တာ။ ဒါကြောင့် ပညာရေးဘက်ကို ပိုစိတ်ဝင်စားလာတယ်။ အဲ့အကြောင်းတွေးမိတော့ စာအုပ်တွေကို သွားသတိရလိုက်မိတယ်။ ညီမငယ်ငယ်တည်းက စာအုပ်များများ ဖတ်ဖြစ်တယ်။ တစ်ခုခု ကိုယ်တိုင်သိချင်ရင် လူတွေကို သွားမေးတာထက် စာအုပ်ဖတ်ဖြစ်တာများတယ်။ အဲ့တော့ သူတို့တွေကို ကိုယ်ကိုယ်ကိုယ်တိုင် လိုက်ပြောနေမယ့်အစား စာအုပ်တွေ ပေးဖတ်လိုက်တာ ကောင်းတယ်လို့ ထင်တယ်။ ဒီ Mobile library ကို ညီမ စဖြစ်ခဲ့တယ်ဆိုတာကလည်း ညီမ (၇)တန်းလောက်တည်းက ကွန်ပျူတာ စသုံးဖြစ်တယ်…အဲဒီနောက်ပိုင်း ညီမ အင်တာနက်ကို တော်တော်သုံးဖြစ်သွားတယ်။ တစ်ခုခုဆိုရင် google ခေါက်ပြီး ရှာတော့တာပဲ… ညီမ ဒီစာကြည့်တိုက်နဲ့ ပတ်သက်တာတွေ လိုက်ရှာတယ်..အင်တာနက်မှာ Free consultant တွေရှိတယ်လေ…အဲ့ဒီကျမှ ဒီ Mobile library ဆိုတဲ့ အသုံးအနှုန်းကို စသိခဲ့တယ်..။ အဲဒီကနေမှ Mobile library ကိုလုပ်ဖြစ်သွားခဲ့တာ ” တဲ့။

ဒီလို အိပ်မက်မျိုး ဆန္ဒမျိုး ရှိခဲ့တယ်ဆိုရင်တောင်မှ ဆယ်တန်းပြီးပြီးချင်းဆိုတဲ့ အချိန်ကာလမှာ စတင်ဖို့ အက်ဒမင်သာဆို တွန့်ဆုတ်နေမိမှာ.. အချိန်ရတယ်ထားဦး ဘဏ္ဏာရေးက ရှိသေးတယ်လေ။ နေရာဖိုးမကုန်ကျဘူးဆိုရင်တောင် စာအုပ်ဖိုး…ဒါတွေကို ဆယ်တန်းပြီးကာစ ကလေးတစ်ယောက်အနေနဲ့ မနိုင်နင်းလောက်ဘူးလေ…။ ဒါပေမဲ့ သူကတော့…

‘ ညီမက အစကတော့ နောက်မှ လုပ်မယ် ဆိုပြီးထားထားတာ..။ အိမ်ကလည်း လုပ်မယ်ဆို ခွင့်ပြုပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ စောသေးတယ်ပေါ့။ စာကိုပဲ သေချာလုပ်လို့ ပြောထားတာ။ ဒါပေမဲ့ ညီမက စောင့်လာတာ သုံးလေးနှစ်လောက်ရှိပြီလေ။ ဒီထက်လည်း မစောင့်ချင်တော့ဘူး။ ဆယ်တန်းပြီးကာစ အားလပ်နေတော့ လုပ်မယ့် လုပ်တော့လည်း အခုတည်းက လုပ်လိုက်မယ်ဟာ ဆိုပြီး လုပ်ဖြစ်တာ။ ညီမ စလုပ်ဖြစ်တာက (၂၀၁၆) ဇွန်လမှာ စခဲ့တာ။အဲ့အချိန်တုန်းက ညီမအိမ်က မသိသေးဘူး။ (၇)လ (၈)လလောက်နေမှ သိတာ။ နောက်ပြီး ညီမက စိတ်ထဲမှာ မှန်းထားတာ ဆယ်တန်းပြီးရင် အိမ်ကနေ မုန့်ဖိုးမတောင်းတော့ဘူးပေါ့။ အဲ့တော့ အဓိကက စာအုပ်ဖိုး…ဆယ်တန်းပြီးစဆိုတော့ အချိန်ပိုင်းလို အလုပ်မျိုးက ဒီမှာ စာသင်တာပဲ ရှိတာလေ။ညီမ စာသင်ပြီးတော့ ရှာရတာပေါ့။ နောက်ကိုယ်တက်ချင်တဲ့ သင်တန်းကြေးတွေကလည်း ဈေးကြီးတယ်လေ။ အဲ့တော့ စစချင်း (၂)လလောက်မှာ ညီမ တက်စီတောင်မစီးနိုင်ဘူး။ ဘတ်စ်ကားနဲ့သွားပြီး စုရတာ။ နောက်ပြီး အိမ်မှာလည်း ညီမငယ်ငယ်တည်းက ဖတ်ခဲ့တဲ့စာအုပ်တွေ အများကြီးပဲလေ။ အဲဒီစာအုပ်တွေလည်း ထည့်သုံးတာပေါ့။ ’တဲ့လေ။

အက်ဒမင်ကို နောက်ထပ် အံ့သြသွားစေတာက တစ်ယောက်တည်းနဲ့ ဒီရွေ့လျားစာကြည့်တိုက်ကို စတင်ခဲ့တာတဲ့လေ။ စစချင်း တစ်ယောက်တည်း ဘယ်လိုတွေစတင်ခဲ့လဲ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံခဲ့လဲ ဆိုတော့…
“ဘယ်လိုအခက်အခဲတွေကြုံခဲ့လဲဆိုတာထက် ဘယ်ဟာပိုလွယ်လဲဆိုတာက ပိုမှန်မယ်အစ်မ။ (ရယ်လျက်) ညီမစစချင်း စာအုပ်တွေစုတယ်။ နောက် စာအုပ်တွေ စုပြီးတော့လည်း စာဖတ်တဲ့သူနေရာကို သွားရတာလည်း ရှိသေးတယ်။ ကျောင်းတွေက အပြင်ကလာတဲ့သူတွေဆိုတော့ သိပ်လက်မခံချင်တာမျိုးတွေရှိတယ်။ ဒါပေမဲ့ ညီမ အ.ထ.က (၄) ပုဇွန်ထောင်ကနေ စခဲ့တယ်။ အဲ့ဒီကျောင်းမှာ သန်လျင်က ညီမ ဆရာမ ရှိနေတယ်။ ဆရာမကိုပဲ သွားပြီး အပူကပ်ရတာပေါ့။ ဆရာမကလည်း အားပေးတယ်လေ။ ဆရာမကလည်း စိတ်ဝင်စားတော့ အတတ်နိုင်ဆုံး ညီမကို ကူညီတယ်။ ညီမက စနေ တနင်္ဂနွေဆို သင်တန်းချိန်အပြည့်ဆိုတော့ တနလာင်္ကနေ သောကြာမှာ ညီမလည်း အားတဲ့အချိန် ကျောင်းလည်းဖွင့်တဲ့အချိန်ပေါ့။ အဲ့ဒီနေ့တွေဆို ကျောင်းနဲ့နီးတဲ့ BC (British Council ) မှာ တစ်နေကုန်သွားနေတာ။မနက်ပိုင်း ကလေးတွေကို record စာရွက် တစ်ရက်ပေးပြီး စာအုပ်တွေနဲ့ ထားခဲ့လိုက်တယ်။ ညနေကျောင်းဆင်းချိန်ကျတော့ ကျောင်းသားတစ်ယောက်အိမ်မှာ အကူအညီတောင်းပြီး စာအုပ်တွေ ထားတယ်။ စစချင်းမှာတော့ (၂)လလောက်က တစ်ယောက်တည်းပေါ့။ နောက်ပိုင်း Facebook ပေါ် တင်ဖြစ်တော့ သူငယ်ချင်းတွေကလည်း စိတ်ဝင်စားတာနဲ့ သူတို့ပါ ဝိုင်းကူညီကြတယ်။ လူကြီးတွေနဲ့လည်း တွေ့ပြီး စကားပြောဖြစ်တယ်။ သူတို့ကကျတော့ ဘယ်လိုလုပ်ရမလဲဆိုတာ သိတယ်… လုပ်ပေးမယ့်သူလိုတယ်။ ညီမကကျတော့ ကိုယ်တိုင်ကိုယ်ကျ သွားလုပ်ပေးနိုင်တယ်။ဒါကြောင့် သူတို့ကလည်း ကိုယ့်ကို အားပေးတယ်။ ကိုယ်ကလည်း သူတို့ဆီက အကြံဥာဏ်တွေတောင်းတယ်။ နောက်တော့ Facebook ကနေ တစ်ဆင့်ပဲ ကိုယ့်လို လုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်မိသွားတယ်။ ကိုယ်က အသက်ငယ်ဆုံးလို ဖြစ်နေတော့ အားလုံးက ဝိုင်းပြီး အားပေးကြတယ်။ အခု မေတ္တာရိပ် ရွေ့လျားစာကြည့်တိုက်တို့ Save the Library ဆိုတဲ့ အဖွဲ့အစည်းတို့နဲ့ တွဲဖက်ပြီး လုပ်ကိုင်နေပါတယ်။ “လို့ဆိုပါတယ်။

အခုဆိုရင် သူ(မ)ရဲ့ Foggy Spring ဆိုတဲ့နာမည်နဲ့ ရွေ့လျားစာကြည့်တိုက်မှာ စာအုပ်ပေါင်း ၁၀၀၀ ကျော်ဝန်းကျင်ရှိနေပါပြီ။ စာအုပ်တွေအကြောင်းပြောဖြစ်တော့…

‘ကလေးတွေအတွက် အဓိကဖြစ်တဲ့အတွက် ကာတွန်းစာအုပ်တွေက ပိုများပါတယ်…တွေ့ဖူးတဲ့ စာရေးဆရာတွေဆို ကာတွန်းအကြောင်း အရမ်းပြောဖြစ်ကြတယ်။ တချို့ဆို ညီမ မသိဘူး။ ညီမကိုယ်တိုင်လည်း ဦးလေးဖတ်တဲ့ သိုင်းဝတ္ထုတွေကနေ စဖတ်ခဲ့ရတာဆိုတော့…ကာတွန်းတွေ သိပ်မဖတ်ဖြစ်ခဲ့ရဘူး။ နိုင်ငံခြားတွေမှာဆို သူတို့ရဲ့ ရိုးရာပုံပြင်.. ကာတွန်းလေးတွေ ရှိတယ်။အသက်ကြီးလာတော့ ဒါလေးတွေ သူတို့ ပြန်ပြောကြတယ်။ ဒီမှာကျ အဲ့အလေ့အထလေးတွေ နည်းသွားတယ်။ ဒါကြောင့်လည်း ကာတွန်းတွေ ပိုများများ ထားဖြစ်တာပါ။ ကျန်တာကတော့ ကလေးတွေ နားလည်လွယ်စေမယ့် ဆရာကောင်းသန့်တို့ ဆရာအောင်သင်း ဆရာဖေမြင့် စာအုပ်တွေလည်း ထားပါတယ်”တဲ့။

Related article >>> “ယဉ်ကျေးမှုဆိုတာနဲ့အမျိုးသမီးတွေရဲ့အဝတ်အစားပဲလက်ညှိုးမထိုးသင့်ဘူး”ဆိုတဲ့ မခြူးဝေငြိမ်း

ရေရှည်ရပ်တည်ဖို့ စည်းမျဉ်းစည်းကမ်းပိုင်းနဲ့ ရှေလျှောက်အစီအစဉ်တွေ မေးကြည့်တော့…

“စည်းမျဉ်းစည်းကမ်းကတော့ (၂) ပတ်အတွင်း စာအုပ်ပြန်အပ်ရမယ်ဆိုတာမျိုးတော့ ချမှတ်ပေးထားတယ်။ အဲဒီမှာ ညီမတွေ့ရတာက ကလေးတွေက စာအုပ်ဖတ်ပြီး ပြန်အပ်တဲ့ အလေ့အထ မရှိဘူး။ ဖတ်ပြီး ပျောက်သွားတာတို့ ဘယ်မှာ ထားမိမှန်း မသိတာတို့ ဖြစ်ကြတယ်။ အဲဒါကို သေချာလေးအချိန်ယူပြီး ပြုပြင်ရင်တော့ အဆင်ပြေသွားပါလိမ့်မယ်။ နောက်တစ်ခုက စာအုပ်ပြဲတာမျိုးပေါ့။ ဒီမှာ စာအုပ်တန်ဖိုးတွေကနည်းသလို အရည်အသွေးလည်း သိပ်မကောင်းကြတော့ ပြဲလွယ် ပြုလွယ်တာပေါ့။ ဒါကြောင့် တချို့စာကြည့်တိုက်တွေ မြင်ဖူးတယ်။ စာအုပ်တွေ ကလေးတွေ ယူကိုင်လို့ ပြဲမှာ စုတ်မှာ စိုးလို့ ဗီရိုနဲ့ သော့ခတ်ထားတာမျိုးလေ။ ညီမလည်း စစချင်း ကိုယ်ရှာထားတဲ့ ပိုက်ဆံနဲ့ စရတာဆိုတော့ ပထမပိုင်းမှာ တော်တော် အခက်အခဲဖြစ်တယ်။ ဒါပေမဲ့ စာအုပ်ပြဲတာပြုတာတွေအပေါ်မှာတော့ ညီမ သိပ်မစစ်ဖြစ်ဘူး။ တစ်ယောက်တည်းနဲ့ စလုပ်ခဲ့ရတာ ဆိုတော့လေ။ နောက်ပိုင်းတော့ ကလေးတွေက ပြောရတာ အဆင်ပြေလာပါပြီ။ ရှေ့လျှောက်အစီအစဉ်အနေနဲ့က ညီမတို့တွေ ကလေးတွေကို စာအုပ်လေးတွေဖတ်ပြီး review ပြန်ရေးခိုင်းမယ်…အကောင်းဆုံး(၅)ယောက်က ဆုရမယ်ပေါ့..အဲ့လို တိုင်ပင်နေကြတယ်။ နောက် … ညီမက ဒီရွေ့လျားစာကြည့်တိုက်ကို ညီမ အကူအညီ မပါဘဲနဲ့ ရပ်တည်နိုင်စေချင်တယ်။ တစ်နေရာတည်းမှာ တစ်ယောက်တည်းရဲ့ အကူအညီနဲ့ ရပ်တည်နေရတာမျိုး မဖြစ်စေချင်ဘူး။ အဓိကက စနစ်ပေါ့နော်။ ညီမလည်း နောက်(၂)နှစ်နေရင် ကျောင်းသွားတက်ရတော့မှာဆိုတော့ အဲဒါကိုလည်း ဒီအတောအတွင်း ကြိုးစားနေပါတယ်။” တဲ့လေ။

သူ့ ရွေ့လျားစာကြည့်တိုက်အကြောင်း မေးပြီးတော့ ဒီလို အချိန်ကို အကျိုးရှိရှိ အသုံးချတတ်တဲ့ မိန်းကလေး..သူ(မ)အတွက်တင်မက အများအကျိုးအတွက်ပါ လုပ်နိုင်တဲ့သူဆိုတော့ …သူဖြတ်သန်းလာခဲ့တဲ့ လူနေမှုဘဝအကြောင်းလည်း ရောက်တတ်ရာရာ စပ်စုမိပြန်တယ်။

သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ရော…ဘယ်လိုပေါင်းသင်းဖြစ်လဲ?
“ ညီမက ငယ်ငယ်လေးတည်းက အတန်းထဲမှာ လူတိုင်းနဲ့ခင်တယ်။ တချို့မိန်းကလေးတွေဆို အုပ်စုလိုက်ဖြစ်ဖြစ် (၂)ယောက်တည်းပဲ ဖြစ်ဖြစ် တူတူသွား တူတူလာ တူတူစားကြတယ်လေ။ ညီမမှာ အဲ့လိုမျိုးတော့ မရှိဘူး။ ညီမက တစ်ဦးတစ်ယောက်တည်းကိုပဲ အရမ်းခင်ပြီး ဆက်ဆံရတာထက် အဲ့လိုမျိုး အများနဲ့ ဆက်ဆံရတာ ပိုသဘောကျတယ်။”

ပညာရေးနဲ့ ပတ်သက်ပြီးတော့ရော ?
“ပညာရေးနဲ့ ပတ်သက်ပြီးဆိုရင် ငယ်ငယ်တည်းက အိမ်က ညီမကို ဆရာဝန် ဖြစ်မယ့်သူဆိုပြီး မှန်းထားတာလေ။ ဒါပေမဲ့ ညီမ စာမေးပွဲပြီးတော့ ကိုယ့်ကိုယ်ကိုယ် သိလိုက်တယ်။ ဂုဏ်ထူးပါနိုင်ချေ မရှိဘူးဆိုတာ…အိမ်ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောလိုက်တော့ အိမ်ကလူတွေလည်း Shock ဖြစ်သွားရတယ်။ အဲ့တုန်းကကြောင့် ညီမကို အိမ်က ပိုတင်းကြပ်သွားတယ်။ ညီမက အဲ့ဒီကြားက ဒီစာကြည့်တိုက်ကလည်း လုပ်ချင်တာကိုး။ အဲ့တော့ သူတို့လိုချင်တဲ့အတိုင်း တစ်ဖက်က သင်တန်းတွေမှာ အမှတ်ကောင်းကောင်းနဲ့ ရအောင်လုပ်ပေးပြီး တစ်ဖက်က ညီမလုပ်ချင်တာ လုပ်ရတာပေါ့။”

အိပ်မက်က?
“ ညီမလည်း သာမန်လူငယ်တွေလိုပါပဲ။ညီမ အနေအထားက ဘယ်လိုလဲဆိုတော့ ….ညီမလက်ရှိ လုပ်နေတဲ့ အလုပ်ထဲက ဝိုင်းမြန်မာကနေ YUFL ကနေ လူငယ်တွေအတွက် Career Guidance နဲ့ ပတ်သက်ပြီး ပွဲတစ်ပွဲ လုပ်ခဲ့တယ်။ အဲ့တုန်းကဆို ကျောင်းသားတစ်ယောက်က သူက Mechanical ပိုင်း တက်ချင်တာ..။ ဒါပေမဲ့ အခု Archi တက်နေတယ်။ Mechanical ပိုင်းတက်ချင်ပေမယ့် Archi ဆိုလည်း အင်း…ရပါတယ်…Archi မှာလည်း နေလို့ ဖြစ်ပါတယ်…အဆင်ပြေပါတယ်တဲ့။ ညီမလည်း အဲ့လိုမျိုးပဲ…တကယ်က Computer Science နဲ့ ပတ်သက်ပြီး အရမ်းတက်ချင်တာလေ..။ အိမ်က ဆရာဝန်ဆိုလည်း…အင်း..ရပါတယ် ဖြစ်နေတာမျိုးပေါ့။ ဒါမဲ့ ညီမကျ ကံကောင်းသွားတယ်။ ဆယ်တန်းမှာ ဂုဏ်ထူးမပါဘူးဆိုတော့ ဆေးကျောင်းလည်း မတက်ရတော့ဘူး ဆိုပြီး ပျော်သွားတယ်။( ရယ်လျက် ) ညီမလေ့လာချင်တဲ့ Computer Science ဘာသာရပ်ကို သေချာလုပ်လို့ရသွားပြီ။ ညီမက အဲဒီဘာသာရပ်ကို ဒီနိုင်ငံမှာလည်း တခြားကိုယ့်လိုလူတွေလည်း သေချာလေ့လာလို့ရအောင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေချင်တာလေ။ “ ဆိုပြီး သူ့ရဲ့ အိပ်မက်တွေကိုလည်း ပြောသွားလေရဲ့။

သူ(မ)က သူ့ကိုယ်သူ သာမန်လူငယ်ပါပဲတဲ့….ဟုတ်ပါတယ်… ကိုယ်ဖြစ်ချင်တာ လုပ်ချင်တာကို တုံ့ဆိုင်းခြင်းမရှိဘဲ အကောင်အထည်ဖော်နိုင်ခဲ့တဲ့ သာမန်လူငယ်…. ကိုယ့်အိပ်မက်ဆီကို တန်းတန်းမတ်မတ် လျှောက်လှမ်းနေတဲ့ သာမန်လူငယ်… အသက်(၁၇)နှစ်နဲ့ မတန်အောင် အများအကျိုးဆောင်ရွက်နိုင်တဲ့ သာမန်လူငယ်…။

ညီမလေးရေ…ညီမလေးပြောတဲ့ သာမန်လူငယ်က မမသိတဲ့ ကျင်လည်နေတဲ့ ပတ်ဝန်းကျင်မှာတော့ မြင်ရခဲပါတယ်။ မမအတွက်တော့ ညီမက Wonder Girl တစ်ယောက်ပါပဲ။ ညီမလေး ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ပြီး ဒီထက်ပိုပြီးလည်း အများအကျိုး သယ်ပိုးနိုင်ပါစေလို့ဆုတောင်းရင်း…..။

Nilar (For Her Myanmar)

No Comments Yet

Comments are closed