နိုင်ငံရပ်ခြားမှာ ခေတ်စားနေတဲ့ ကလေးပျိုးထောင်နည်း

 

အဆိုတော် Pink လဲ သူ့သမီးလေးကို ဒီလိုပဲ ပျိုးထောင်တာတဲ့..။

အခုတလော အနောက်နိုင်ငံတွေမှာ gender neutral parenting ဆိုတာ ခေတ်စားနေတယ်တဲ့။ Gender neutral ဆိုတာ လူတစ်ယောက်ကို မိန်းမရယ် ယောက်ျားရယ်လို့ မသတ်မှတ်ထားတာကို ဆိုလိုပါတယ်။ ဆိုတော့ gender neutral parenting ဆိုတာက ကလေးလေးမွေးလာရင် သူ့ရဲ့လိင်အင်္ဂါအရ မိန်းကလေးဖြစ်ရမယ်၊ ယောက်ျားလေးဖြစ်ရမယ်၊ မိဘတွေကမသတ်မှတ်ပေးဘဲ ပုံစံခွက်အပြင်က ပျိုးထောင်လာပြီး ကလေးလေးကို သူဖြစ်ချင်တဲ့ဘဝကို သူ့ဘာသူ ရှာခိုင်းတာမျိုးပါ။

Related article >>> ကျားမရေးရာသတ်မှတ်ချက်တွေနဲ့ကမ္ဘာ

ဒီလိုပျိုးထောင်တဲ့ အခါမှာ ကလေးလေးက transgender လို့ခေါ်တဲ့ မွေးရာပါလိင်အင်္ဂါနဲ့ သူ့ရဲ့လိင်ဖြစ်တည်မှု မတူညီတာမျိုး၊ ဒါမှမဟုတ်ရင် တစ်သက်လုံး gender neutral အဖြစ်နဲ့ပဲ ပုံစံခွက်ချထားလို့ မရတဲ့သူတွေ ဖြစ်သွားမယ်လို့ တသမတ်တည်း သတ်မှတ်ထားလို့မရပါဘူး။ Gender neutral parenting ဆိုတာ ကလေးကို မြန်မာလိုရိုင်းရိုင်းပြောရရင် အခြောက်ကလေး ဖြစ်သွားစေတာ မဟုတ်ပါဘူး။ လူ့အသိုင်းအဝိုင်းရဲ့ အဓိပ္ပါယ်မရှိတဲ့ ကျားမခွဲခြားသတ်မှတ်မှုတွေနဲ့ ပုံစံခွက်ကြီးကို ကိုယ့်ရင်သွေးလေး မလိုက်နာချင်ရင် လိုက်နာစရာမလိုဘူးဆိုတဲ့ သဘောလောက်ပါပဲ။

Gender neutral ဆိုတာက ကျားမတန်းတူညီမျှရှိစေရေးကို ဦးတည်တယ်လို့လဲ သဘောပေါက်နိုင်ပါတယ်။ ဥပမာပြောရရင် ယောက်ျားလေးတွေဆိုတာ မငိုရဘူးလို့ သတ်မှတ်ထားတာ။ မိန်းကလေးတွေဆိုတာ အားနည်းတယ် အလေးအပင်မမခိုင်းတာမျိုးတွေ လုပ်တာ။ ဒါမျိုးတွေ မရှိစေတဲ့ ပျိုးထောင်မှုမျိုးလဲဖြစ်ပါတယ်။

Gender neutral parenting လုပ်တယ်ဆိုတာ တကယ်တော့ သိပ်ထူးထူးခြားခြား မဟုတ်ပါဘူး။ ကလေးအဝတ်ကလေးတွေ ဝယ်တဲ့အခါ ယောက်ျားလေးမို့ အပြာဝယ်တာ၊ မိန်းကလေးမို့ ပန်းရောင်ဝယ်တာမျိုး မလုပ်ဘူး။ ယောက်ျားလေးတွေကို အိမ်ဆောက်တာတို့၊ စက်ရုပ်တို့၊ သေနတ်တို့ ဝယ်ပေးချိန်မှာ၊ မိန်းကလေးတွေကို အိုးခွက်ပန်းကန်လေးတွေ ဝယ်ပေးတာတို့၊ ဘိုမရုပ်ကလေးတွေ၊ မွှေးပွရုပ်ကလေးတွေ ပေးတာတို့ မလုပ်ဘဲ၊ ကလေးစိတ်ကြိုက်အရုပ် ရွေးချယ်ခွင့်ပေးတာပါ။ အဝတ်အစားဆိုလဲ ယောက်ျားလေးအဝတ်၊ မိန်းကလေးအဝတ် မခွဲခြားဘဲ ပေးဝတ်တာမျိုးပေါ့။

အဆိုတော် Pink ဆိုရင် သူ့သမီးကလေးကို gender neutral ပဲ ကြီးပြင်းခွင့်ပေးထားတာတဲ့။ သူကိုယ်တိုင်ကလဲ ယောက်ျားယူ ကလေးသာမွေးထားတာရယ် သိပ်တော့နွဲ့တတ်တဲ့သူ မဟုတ်ဘူးမလား။ သူ့သမီးလေးကို မေမေကို ဘယ်လိုမြင်လဲဆိုတော့ လှတယ်လို့ ပြောတယ်တဲ့။ မိန်းမတစ်ယောက် မိန်းမပီသဖို့၊ လှဖို့ဆိုတာ နုနွဲ့နေစရာမလိုဘူးလို့ သူ့သမီးလေးကို သေချာပေးသိထားပါတယ်။ သူ့ရင်သွေးလေးကို ပုံစံခွက်ကြီးထဲမှာ ကြီးပြင်းလာမှာ သူမလိုလားပါဘူးတဲ့။ ဘယ်သူကရော ကိုယ့်ကလေးကို ပုံစံခွက်ကြီးထဲ မလူးသာမလွန့်သာ စိတ်ဆင်းရဲနေတာ မြင်ချင်မလဲနော်။

ပြောသာပြောနေပါတယ်။ အခုခေတ်မိဘတွေက ခေတ်မီကြတော့ gender neutral ဘာညာသာ သေချာမသိရင်နေမယ် အဲ့လို မိန်းကလေးဆို မိန်းကလေးဆန်ဆန် အရုပ်လေးတွေ အဝတ်လေးတွေ ဝယ်ပေးတာမျိုး၊ ယောက်ျားလေးတွေကို အရုပ်မလေးနဲ့ မဆော့ရဘူးလို့ တားတာမျိုး သိပ်မလုပ်ကြတော့ပါဘူး။ ဟုတ်တယ်မလား။

Related article >>> မိန်းမ မဆန်သော မိန်းမများ

အက်ဒမင်တို့ ငယ်ငယ်ကတော့ မိန်းကလေးဆန်ဆန် မိန်းကလေးအနေနဲ့ ပျိုးထောင်ခံလာရတယ်။ အဲ့ဒီတုန်းက စိတ်အရမ်းရှုပ်တာ မှတ်မိတယ်။ တစ်ဘဝလုံးလဲ မိန်းမပီသဖို့က ဗိုင်းကောင်းကျောက်ဖိ အိမ်အလုပ်တွေ လုပ်ရမယ် ထင်ခဲ့ဖူးတယ်။ ခုအသက်ကြီးလာတော့ စာတွေဖတ်လာတဲ့အခါ မိန်းမတစ်ယောက်ဖြစ်ဖို့အတွက် ကိုယ်လုံးလှစရာမလိုဘူး၊ ဟင်းချက်တတ်စရာ၊ အဝတ်လျှော်တတ်စရာမလိုဘူးဆိုတာ သိလာတယ်။ အက်ဒမင်က စကတ်အတိုသိပ်ကြိုက်ပါတယ်။ ဂါဝတ်တိုတိုလေးတွေဝတ်၊ နှုတ်ခမ်းနီရဲရဲဆိုးပြီး၊ ဆံပင်ခါးထိ ဖားလျားချထားတတ်တဲ့ အက်ဒမင်က ရေသန့်ပုံးကြီးတွေ သယ်ရမယ်ဆိုလဲ ဝင်သယ်သူ၊ ရုံးအပြောင်းအရွှေ့မှာ ယောက်ျားလေးတွေက သူတို့နဲ့တန်းတူ ဖိုင်တွေပေးမသယ်ဘဲ နေနေမိန်းကလေးမပါနဲ့လို့ ပြောလာရင် ဒေါသထွက်တတ်သူလဲ ဖြစ်ပါတယ်။

ပြောချင်တာက gender neutral ပျိုးထောင်ပေးတယ်ဆိုတာက ကလေးတွေကို အခြောက်လေးတွေ ယောက်ျားလျာလေးတွေ ဖြစ်အောင်လုပ်တာ မဟုတ်ပါဘူး။ ကလေးလေးတွေကို သူတို့စိတ်ထဲ ရှိတဲ့အတိုင်း ပြုမူဆောင်ရွက်ခွင့်ဆိုတဲ့ လွတ်လပ်မှုအရသာကို ခံစားစေတာပါ။ အနာဂတ်ရဲ့ ရင်သွေးလေးတွေကို ကိုယ့်စိတ်ထင်တဲ့ ပုံစံထဲအတင်းဖိသိပ်ထည့်မယ့်အစား သူတို့လေးတွေကို ထက်ထက်မြက်မြက်နဲ့ ဦးဆောင်ခွင့်ပေးလိုက်တာပါလို့သာ ပြောချင်ပါတော့တယ်ကွယ် ။

Khine (For Her Myanmar)

Reference : Wikipedia | The Sun | Femalista

No Comments Yet

Comments are closed