ဟောလိဝုဒ် အထိ ထိုးဖောက်နိုင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်မင်းသမီးတစ်လက်

ကမ္ဘာ့အလယ် မြန်မာအမျိုးသမီးတွေရဲ့ သိက္ခာဆိုတာ ဒီလိုပါလို့ ချပြခဲ့တဲ့ မင်းသမီးကြီးဆိုတာ ….

မင်္ဂလာပါ ယောင်းတို့ရေ…Purple Plainဆိုတဲ့ ဟောလိဝုဒ် ရုပ်ရှင်နာမည်ကို ကြည့်ဖူးကြလားဟင်? Purple Plainဆိုတဲ့ ရုပ်ရှင်ကို မကြည့်ဖူးတောင် အတော်များများ ကြားဖူးကြမယ်ထင်တယ်။ ခေတ်အဆက်ဆက်က မြန်မာအမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုတွေ၊ အောင်မြင်မှုတွေ အကြောင်းပြောရမယ်ဆိုရင် Purple Plainဟာ ချန်လှပ်မထားခဲ့သင့်တဲ့ ရုပ်ရှင်တစ်ခုပါ။ ဘာလို့လဲဆို မြန်မာအမျိုးသမီးဖြစ်တဲ့ မဝင်းမင်းသန်း ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင် ဖြစ်နေလို့ပါပဲ။ သူမဟာ ဟောလိဝုဒ်နဲ့ တွဲရိုက်ဖူးတဲ့ ပထမဆုံး မြန်မာလူမျိုးဖြစ်ပြီး အဲ့တစ်ကားတည်းနဲ့ မြန်မာအမျိုးသမီးတွေရဲ့ က္ကနြေ္ဒသိက္ခာနဲ့ အလှကို ကမ္ဘာကို သိစေခဲ့ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပေမဲ့ မဝင်းမင်းသန်းအကြောင်းကို မြန်မာလူမျိုးတွေက ခုထိ ဂုဏ်ယူစွာ ပြောနေကြတုန်းပါပဲ။ ဘယ်အကြောင်းအရာတွေကများ မဝင်းမင်းသန်းကို မြန်မာပြည်တင်မဟုတ်ဘဲ ဟောလိဝုဒ်အထိ ကျော်ကြားပြီး ဂုဏ်ယူစရာကောင်းတဲ့ မြန်မာအမျိုးသမီးလေး အဖြစ် ပုံဖော်သွားခဲ့ပါလိမ့်နော်? ယောင်းတို့အားလုံးလည်း သိချင်ကြတယ်ဟုတ်?

Win Min Than

မင်းသမီးချောလေး ဝင်းမင်းသန်းကို အင်္ဂလိပ်ခေတ် ၁၉၃၃ မှာ မွေးဖွားခဲ့ပြီး မွေးရပ်ဇာတိက ပဲခူးမြို့ ဖြစ်ပါတယ်။ အဖေ ဥရောပလူမျိုးနဲ့ အမေ မြန်မာလူမျိုးကနေ မွေးဖွားလာတဲ့ ဝင်းမင်းသန်းဟာ ဘိုကပြားမို့ သွယ်လျတဲ့နှာတံရယ် တောက်ပဝန်းဝိုင်းတဲ့ စိမ်းဖန့်ဖန့် မျက်လုံးတစ်စုံရယ် ပိုင်ဆိုင်ထားပြီး မေးသွယ်သွယ်လေးနဲ့မို့ သိပ်ကို ချစ်စရာကောင်းပါတယ်။ ငယ်ငယ်တုန်းက Helga Johnsonဆိုတဲ့ အင်္ဂလိပ်နာမည် ရှိခဲ့ပြီး ၁၄နှစ်အရွယ်ထိ အိန္ဒိယမှာ ကျောင်းတက်ခဲ့ပါတယ်။ သူမ အသက် ၁၈ပြည့်တဲ့အခါ စစ်ပြီး နိုင်ငံရေးအခြေအနေတွေ တည်ငြိမ်စပြုပြီမို့ ၁၉၅၁မှာ မဝင်းမင်းသန်းဟာ လန်ဒန်မှာ အကပညာ သွားသင်လိုက်ပါသေးတယ်။ အဖေက တိုက်တွန်းလို့သာ သွားခဲ့ရပြီး ကိုယ်တိုင်က အကပညာကို စိတ်မဝင်စားတာကြောင့် တစ်နှစ်လောက်ပဲ အဲ့မှာနေပြီး သူမ ချစ်တဲ့ မြန်မာပြည်မှာပဲ ပြန်လာနေခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ သူမ ဟာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာနဲ့ ဖူးစာပါပြီး အိမ်ထောင်ကျသွားပါတယ်။ အိမ်ထောင်ကျတဲ့အချိန် သူမဟာ ၂၀-၂၁နှစ်လောက်သာ ရှိပေမယ့် ဗိုလ်စင်္ကြာကတော့ ၃၉နှစ်တောင်ရှိနေပါပြီ။ မျက်လုံး မျက်ခုံးကောင်းကောင်းနဲ့ ခန့်ညားတဲ့ ဗိုလ်စင်္ကြာဟာ မိန်းကလေးတွေကြားမှာ အင်မတန်နာမည်ကြီးပါတဲ့။ ဗိုလ်စင်္ကြာရဲ့ပထမအိမ်ထောင်နဲ့ ရခဲ့တဲ့ သားသမီးတွေကို မဝင်းမင်းသန်းက မအေရင်းလို ပြစုစောင့်ရှောက်ခဲ့ပါတယ်လို့ ဆိုပါတယ်။ မဝင်းမင်းသန်းဟာ အစက ရုပ်ရှင်မင်းသမီးလုပ်ဖို့ ဆန္ဒမရှိခဲ့သလို သရုပ်ဆောင်ခဲ့ဖူးတဲ့ အတွေ့အကြုံလည်း မရှိပါဘူး။ အဲ့လိုနဲ့ ၁၉၅၃လောက်မှာ ဟောလိဝုဒ် ဒါရိုက်တာ Robert Parrishဟာ မြန်မာပြည်အကြောင်း ရုပ်ရှင်ရိုက်ဖို့ သင့်တော်တဲ့ မြန်မာမင်းသမီးတစ်ယောက်ကို အပြင်းအထန်ရှာဖွေလာခဲ့ပါတယ်။

နန်းဆန်တယ်နော်

ကံကောင်းချင်တော့ ဒါရိုက်တာကြီးရဲ့ မိတ်ဆွေတစ်ဦးဟာ မဝင်းမင်းသန်းအဖေနဲ့ သိကျွမ်းသူတစ်ဦး ဖြစ်ပြီး အိမ်ကိုလာလည်တတ်ပါတယ်။ အဲ့မှာ ရုပ်ကလည်း ချောသလို မြန်မာဆန်ဆန် အလှနဲ့ အတော်လိုက်ဖက် တင့်တယ်တဲ့ မဝင်းမင်းသန်းရဲ့ပုံကို တွေ့သွားခဲ့ပြီး ဒါရိုက်တာကြီးကို မဝင်းမင်းသန်းရဲ့ ဓာတ်ပုံပြသခဲ့ပါတယ်။ ကပြားဖြစ်တာကြောင့် မြန်မာဆန်တဲ့ ယဉ်စစအလှကော ဘိုဆန်တဲ့ ဆွဲဆောင် မှုအလှတရားကော ပေါင်းစပ်နေတဲ့ မဝင်းမင်းသန်းဟာ သူတို့ရှာနေတဲ့ ခေါင်းဆောင်မင်းသမီးအင်္ဂါရပ်တွေနဲ့ ကိုက်ညီလွန်းတာမို့ သူမဟာ လျှောက်လွှာတောင်မတင်လိုက်ရဘဲ အရွေးခံလိုက်ရပါတယ်။ သရုပ်ဆောင်အတွေ့အကြုံလည်း မရှိ လျှောက်လွှာလည်း မထပ်တာတောင် ဇာတ်ကားထဲ ပါဖို့ ဒါရိုက်တာကြီးက တကူးတက လာကမ်းလှမ်းတယ်ဆိုတော့ ဘယ်လောက်တောင် လှနေမလဲ စဉ်းစားသာကြည့်ပေတော့ ယောင်းတို့ရေ… မဝင်းမင်းသန်းဟာ ဟောလီးဝုဒ်နဲ့ တွဲရိုက်ဖူးတဲ့ ပထမဆုံး မြန်မာလူမျိုးဖြစ်ပြီး “ပျိုတိုင်း ကြိုက်တဲ့နှင်းဆီခိုင်” ဖြစ်တဲ့ ဂရီဂေါ်ရီပက်လို မင်းသားနဲ့ တွဲဖက် သရုပ်ဆောင်ခဲ့ရတာကြောင့် အဲ့ခေတ်ကာလမှာ မြန်မာမှာကော ကမ္ဘာမှာပါ ဝင်းမင်းသန်းဟာ သိပ်ကို ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပါတယ်။

Related Article >>> အိန္ဒိယနိုင်ငံရဲ့First-lady ဖြစ်ခဲ့တဲ့ မြန်မာအမျိုးသမီး

၁၉၅၄မှာ ထုတ်လွှင့်ခဲ့တဲ့ ခရမ်းရောင်လွင်ပြင်(Purple Plain) ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ မဟာမိတ်တပ်ရဲ့လေယာဉ်မှူးလေးဟာ သူ့ရဲ့ ဇနီးသည် သေဆုံးမှုကြောင့် ပူဆွေးနေသူ တစ်ယောက်ပါ။ စစ်အတွင်းမှာ မြန်မာ့မြေပေါ် လေယာဉ်ပျက်ကျခဲ့ပြီး ကံကောင်းလို့မသေခဲ့ဘဲ Annaဆိုတဲ့ မြန်မာမိန်းကလေးနဲ့ တွေ့သွားတဲ့အခါ သူ့ရဲ့ စိတ်သောကတွေ လွင့်ပါးပြီး ပြန်တည်ငြိမ်လာတဲ့၊ နောက်တစ်ကြိမ် အချစ် ကို တွေ့ခဲ့တဲ့ စစ်ကား၊ ရိုမန့်စ်ကား ပဲ ဖြစ်ပါတယ်တဲ့။ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကလား မသိ မြန်မာ့အသံမှာ ပြဖူးလို့ အက်ဒ်မင် တစ်ပိုင်းတစ်စကြည့်လိုက်ရတယ်။ တစ်ပတ်လျှိုဆံထုံးလေးနဲ့၊ လည်ပင်းအထိစေ့ထားတဲ့ လက်ရှည် ဇာရင်ဖုံးလေးနဲ့ ကျက်သရေရှိလိုက်တာဆိုတာ အက်ဒ်မင်ဖြင့် ကြည့်လို့ကိုမဝဘူး။ ဇာတ်လမ်းကတော့ အခြေနေအမျိုးမျိုးကြောင့် မြန်မာမှာမရိုက်ဘဲ သီရိလင်္ကာနဲ့ လန်ဒန်မှာ သုံးလစီ ရိုက်ကူးခဲ့ပါတယ်။

Purple Plane

မြန်မာလူမျိုးဖြစ်တဲ့ သူမ အမေရဲ့ ဆုံးမသွန်သင်မှုကြောင့်ထင်ပါတယ်။ မဝင်းမင်းသန်းဟာ ဥရောပသွေးတစ်ဝက်ပါပေမယ့် သူမကိုယ်သူမ မြန်မာမိန်းကလေးအဖြစ်သာ ခံယူနေထိုင်ခဲ့ပါတယ်။ ဘိုစပ်တဲ့ ကပြားဖြစ်ပေမယ့် နည်းနည်းလေးတောင် အနောက်တိုင်းမဆန်ခဲ့ပါဘူး။ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်ခဲ့ပြီး အဲ့ခေတ်အခါက မြန်မာ့ယဉ်ကျေးမှုတွေကို တိတိကျကျ လိုက်နာစောင့်ထိန်းခဲ့ပါတယ်။ အဲ့အချိန်မှာ မဝင်းမင်းသန်းဟာ အိမ်ထောင်ရှင်မ တစ်ယောက်လည်း ဖြစ်နေပြီမို့ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ အိနြေ္ဒသိက္ခာနဲ့ကိုက်ညီတဲ့ ဇာတ်ကွက်မျိုးဖြစ်အောင် ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်တဲ့။ ဘယ်လိုမျိုးလဲဆို မူရင်းဝတ္ထုမှာ ရေချိုးတဲ့အခန်းတွေ အဖော်အချွတ်အခန်းတွေ အများကြီးပါပေမဲ့ မဝင်းမင်းသန်းကတော့ ဒါတွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့လုံးဝ မကိုက်ညီပါဘူးဆိုပြီး ပြတ်ပြတ်သားသားပယ်ချခဲ့တာကြောင့် ခေါင်းမာတဲ့ ဒါရိုက်တာကြီးလည်း လက်လျှော့သွားပြီး မင်းသမီးအလိုကျ ဇာတ်ကွက်ကို ပြင်ပေးခဲ့ရပါတယ်တဲ့။ မဝင်းမင်းသန်းရဲ့ က္ကနြေ္ဒ နဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ စိတ်ဓာတ်ကို လေးစားကြတာကြောင့် အင်္ဂလန်နဲ့ အမေရိကန်ထုတ်သတင်းစာတွေဟာ သူမရဲ့ ကျက်သရေရှိလှတဲ့ မြန်မာဆန်ဆန်အလှကို ဝေဝေဆာဆာ ဖော်ပြချီးမွမ်းခဲ့ကြပါတယ်။ ဝါရင့် အနုပညာဝေဖန်ရေး စာရေးဆရာကြီး ဖြစ်တဲ့ ဂျေကားမိုဒီကာကတောင် မချီးကျူးဘဲ မနေနိုင်တဲ့အထိပါပဲ။

ဇာတ်ကားပြသတဲ့အခါမှာလည်း အောင်မြင်ခဲ့ပြီး ၁၉၅၄ခုနှစ်ရဲ့ အကောင်းဆုံး ဗြိတိသျှရုပ်ရှင်စာရင်းထဲပါခဲ့သလို BAFTAဆုနှစ်ဆု အတွက် ဆန်ကာတင်စာရင်းထဲမှာတောင် ပါခဲ့တယ်။ ဒီဇာတ်ကားကို ကြေညာဖို့အတွက် မဝင်းမင်းသန်းဟာ အမေရိကန်ပြည်ထောင်စုကို သွားခဲ့ရပြီး အခြား ရုပ်ရှင်ကားတွေ ရိုက်ဖို့ပါ ကမ်းလှမ်းခံခဲ့ရပါမယ်။ ဒါပေမယ့် မင်းသမီးကတော့ ဆက်မရိုက်လိုတော့ပါဘူး။ ဟောလိဝုဒ်က ကမ်းလှမ်းလာသမျှကို ငြင်းပယ်ခဲ့ပြီး အမေရိကန် အနုပညာလောကဟာ ဟန်ဆောင်မှုတွေများတဲ့အပြင် မိန်းကလေးတွေရဲ့ အဖော်အချွတ်တွေဟာ သူမလို ဗမာအမျိုးသမီးနဲ့ နည်းနည်းမှတောင် မကိုက်ညီတာမို့၊ သူမအနေနဲ့ ဒါကို ရှက်စရာလို့ ယူဆတာမို့ ဆက်ရိုက်ဖို့ ခက်ခဲတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။ နောက်ပြီး သူမ မြတ်နိုးတဲ့ မြန်မာ အမျိုးသမီးတွေရဲ့ ယဉ်ကျေးမှုနဲ့ က္ကနြေ္ဒသိက္ခာကို ထိန်းသိမ်းလိုတာကြောင့် ဆက် မရိုက်ချင်တော့တာလည်း ပါပါတယ်လို့ ပြောပြခဲ့ပါတယ်။ မဝင်းမင်းသန်းရဲ့ အဲ့ခေတ်အခါက မြန်မာ့ဓလေ့ထုံးတမ်းတွေ ယဉ်ကျေးမှုတွေကို လေးလေးစားစားစောင့်ထိန်းပုံများ ချီးကျူးစရာနော်။ သွေးနှောတဲ့ ကပြားဖြစ်ပေမယ့် သူမ ခမျာ မြန်မာပြည်နဲ့ မြန်မာလူမျိုးကို အတော်လေးသံယောဇဉ်ကြီးခဲ့ပုံရပါတယ်။

<3

မင်းသမီး ဝင်းမင်းသန်းနဲ့ ဗိုလ်စကြာင်္တို့ အိမ်ထောင်ရေးမှာ အာကာစင်္ကြာဆိုတဲ့သားလေးတစ်ယောက်ထွန်းကားခဲ့ပါတယ်။ Purple Plainတစ်ကားတည်းနဲ့ ပေါက်သွားပြီး နောက်ပိုင်း မင်းသမီးဟာ သူမဘဝကို သိုသိုသိပ်သိပ်သာနေခဲ့ပါတော့တယ်။ သူမ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သိပ်ကံမကောင်းခဲ့ရှာပါဘူး။ အကွဲအပြဲ သတင်းတွေအမျိုးမျိုးထွက်ခဲ့ပြီး ၁၉၆၉မှာတော့ သူမခင်ပွန်းဟာ တော်လှန်ရေးကောင်စီအစိုးရကို မြေအောက်တော်လှန်ရေးနဲ့ ဆန့်ကျင်နေတုန်း နှလုံးရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။ အဲ့နောက် မင်းသမီးဟာ သာသနာ့ဘောင်ထဲ ဝင်ခဲ့တယ်လို့ ပြောကြသလို သူမ ဖခင်ရှိတဲ့ ဥရောပကို သားလေးနဲ့ အတူပြန်သွားပြီး ဟိုမှာပဲ အခြေချနေတယ်လို့ ဆိုကြပါတယ်။

မင်းသမီးလေး ဝင်းမင်းသန်းဟာ သူမဘဝကို ဇာတ်မြှုပ်နေထိုင်ခဲ့ပြီး ပရိတ်သတ်ရှေ့ ဘယ်တော့မှ ပြန်မပေါ်လာခဲ့ပါဘူး။ “လူသေသော်လည်း နာမည်မသေ”ဆိုတဲ့အတိုင်း ဝင်းမင်းသန်းဟာ ရုပ်ရှင်မင်းသမီးအဖြစ်ကနေ Purple Plainရိုက်ပြီးတည်းက တစ်သက်လုံးစာ အနားယူလိုက်ပြီမို့ သူမရဲ့ အနုပညာအခန်းကဏ္ဍက သေဆုံးသွားတာ နှစ်ပေါင်း၆၀ကျော်ပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ယဉ်ကျေးမှုကို ကမ္ဘာ့အလယ် ရဲရဲဝံ့ဝံ့ချပြခဲ့တဲ့ မင်းသမီးဝင်းမင်းသန်းကို မြန်မာလူမျိုးတွေက ခုချိန်ထိ အမှတ်ရဆဲပါ။ အနုပညာမျိုးဆက်အသီးသီးကလည်း ဟောလိဝုဒ်ထိ ထိုးဖောက်နိုင်ခဲ့တဲ့ သူမရဲ့ အရည်အချင်း၊ အောင်မြင်မှုနဲ့ ကိုယ်ကျင့်တရားကို ခုထိ ဂုဏ်ယူဝင့်ကြွားစွာ ပြန်ပြောင်း ပြောဆိုကြတုန်းပါပဲ။ ယောင်းတို့လည်း အချိန်ရရင် Purple Plainဇာတ်လမ်းလေး ကြည့်ပြီး မင်းသမီး ဝင်းမင်းသန်းရဲ့ မြန်မာဆန်ဆန် ယဉ်စစအလှနဲ့ မင်းသားချော ဂရီဂေါ်ရီပက် တို့ရဲ့ ကြည်နူးစရာ အချစ်ဇာတ်လမ်းလေးကို ခံစားကြည့်ကြပါဦးနော်။
By
Mia (For Her Myanmar)

Reference links: Moemakha , Miss Green Lady ,Leeminhkhai  Mingalarpar

No Comments Yet

Leave a Reply

Your email address will not be published.