အကြွေစောသွားရှာတဲ့ နာမည်ကျော် Djသမားလေး အဗစ်ချီ

အဗစ်ချီဟာ သူ မသေဆုံးခင်တည်းက သူ့ရဲ့ ရောဂါနဲ့ ကျန်းမာရေးအခြေအနေကို ပရိတ်သတ်ဆီ ပြောပြခဲ့ပါတယ်။

မင်္ဂလာပါ ယောင်းတို့ရေ…
နာမည်ကျော် Dj သမားတစ်ယောက်ဖြစ်တဲ့ အဗစ်ချီဟာ ယမန်နေ့က ကွယ်လွန်သွားခဲ့ပါပြီ။ ဆွီဒင်လူမျိုးတစ်ယောက်ဖြစ်တဲ့ အဗစ်ချီဟာ ကွန်လွန်ချိန်မှာ အသက် ၂၈နှစ်ပဲ ရှိပါသေးတယ်။ “အဗစ်ချီ လို့ လူသိများတဲ့ တင်မ်ဘာဂလင်ရဲ့ သေဆုံးမှုကို ကျွန်မတို့ အလွန်ဝမ်းနည်းပူဆွေးစွာ ကြေညာလိုက်ရပါတယ်” လို့ အဗစ်ချီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်တဲ့ ဒိုင်ယာနာ ဘာရွန်က ယမန်နေ့ကပဲ အတည်ပြုပြောကြားလိုက်ပါတယ်။

အဗစ်ချီကို သောကြာနေ့ နေ့လယ်ပိုင်းမှာ အိုမန်နိုင်ငံရဲ့ မြို့တော် မက်စ်ကပ်မှာရှိတဲ့ သူ့ရဲ့ အခန်းထဲမှာ သေဆုံးလျက် တွေ့ခဲ့ရတာပါ။ အဗစ်ချီသေဆုံးမှုကြောင့် သူ့ရဲ့ မိသားစုဟာ ပူဆွေးနေကြတဲ့အတွက် အဗစ်ချီ သေဆုံးမှုနဲ့ပတ်သက်ပြီး ဘာမှ ထပ်မပြောနိုင်သေးတဲ့ အပေါ် လေးစားမှု ရှိပေးဖို့ အဗစ်ချီရဲ့ ပြောရေးဆိုခွင့်ရှိသူက သူ့ပရိတ်သတ်တွေကို တောင်းဆိုခဲ့ပါသေးတယ်။

အဗစ်ချီဟာ သူ မသေဆုံးခင်တည်းက သူ့ရဲ့ ရောဂါနဲ့ ကျန်းမာရေးအခြေအနေကို ပရိတ်သတ်ကို ပြောပြခဲ့ပါတယ်။ အဗစ်ချီဟာ အရက်အလွန်အကျွံသောက်သုံးမှုကြောင့် acute pancreatitisဆိုတဲ့ မုန့်ချိုအိတ်(ပန်ကရိယ) ပြင်းထန်စွာရောင်ရမ်းခြင်း ရောဂါကို ခံစားနေရတာ ကြာပါပြီ။ ၂၀၁၄တုန်းကလည်း အဗစ်ချီဟာ သည်းခြေအိတ်နဲ့ အူအတက် ခွဲထုတ်ခဲ့ရတာကြောင့် ပြန်ကျန်းမာလာဖို့အတွက် ရှိုးပွဲများစွာကို ဖျက်သိမ်းခဲ့ရပါသေးတယ်။

အဗစ်ချီဟာ သူ့ရဲ့ ဆိုးရွားလာတဲ့ ကျန်းမာရေးအခြေအနေကြောင့် နယ်လှည့်ဖျော်ဖြေရေးတွေကို ရပ်နားလိုက်တော့မယ်လို့ ၂၀၁၆ မတ်လက သူရေးသားခဲ့တဲ့ ပေးစာမှာ ဖော်ပြခဲ့ပြီး “ကျွန်တော် ပြန်ကောင်းလာမယ်လို့ ယုံကြည်တယ်”လို့လည်း ပြောခဲ့ဖူးပါတယ်။ Wake me up, levels, hey brotherစတဲ့သီချင်းတွေနဲ့ လျှမ်းလျှမ်းတောက် အောင်မြင်လာတဲ့ အဗစ်ချီဟာ ဂရမ်မီဆုနှစ်ဆု အတွက်လည်း အမည်စာရင်းတင်သွင်းခံရခဲ့အထိ ပါရမီရှင် လူငယ် တစ်ယောက်ပါ။

အဗစ်ချီရဲ့ သေဆုံးမှုကြောင့် Charlie Puth, Kygo, Calvin Harris, Marshmellow, Nick Jonas စတဲ့ အခြားနာမည်ကျော် အနုပညာရှင်အများအပြားကလည်း twitterမှာ ဝမ်းနည်းပူဆွေးရကြောင်း ရေးသားခဲ့ကြပြီး သူ့ ရဲ့ အနုပညာနဲ့ အရည်အချင်းတွေအပေါ် လေးစားဂုဏ်ပြုခဲ့ကြပါတယ်။ “ငြိမ်းချမ်းတဲ့နေရာမှာ ကောင်းကောင်း အနားယူပါတော့ အဗစ်ချီရေ…..” လို့လည်း သူ့ရဲ့ ပရိတ်သတ်တွေက ဆုတောင်းပေးခဲ့ကြပါတယ်။ အက်ဒ်မင်တို့အားလုံးလည်း အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်အတွက် ဝိုင်းဝန်း ဆုတောင်းပေးကြရအောင်နော်…
By
Mia( For Her Myanmar)
Reference links: billboard.com thesun.co.uk

No Comments Yet

Leave a Reply

Your email address will not be published.