ထာဝရလက်တွဲဖော်ကို Facebook ကနေ ရှာကြမယ်..

Facebook က ဖူးစာရှင် ရှာပေးမတဲ့ ယောင်းတို့ရေ.. ဘိုသဘောရကြတုန်း?

ဒီတစ်ခါတော့ ဆင်ဂယ်လ်ယောင်းယောင်းတွေအတွက် ဝမ်းမြောက်ဖွယ်သတင်းကောင်းတစ်ခုကို Facebook ကနေကြေညာလိုက်ပါတယ်။ အဲဒါကတော့ ဆင်ဂယ်လ်တွေအတွက် ဖူးစာရှင်ရှာဖွေလို့ရမယ့် အစီအစဉ်တစ်ခုကို Facebook မှာ ထည့်သွင်းပေးတော့မှာပါတဲ့။

ဒီလိုဆိုတော့ တခြား ဖူးစာရှင်ရှာတဲ့ ဝက်ဘ်ဆိုက်ဒ်တွေ၊ အပလီကေးရှင်း(app) တွေကို အသုံးပြုဖူးကြားဖူးတဲ့ယောင်းယောင်းတို့ အနေနဲ့ သိပ်စိတ်ဝင်စားဖို့မကောင်းသလို တွေးမိပါလိမ့်မယ်။ နောက်ပြီး အင်တာနက်ခေတ်မှာ Online ပေါ်တွေ့ကြရတဲ့စုံတွဲတွေကျ မြဲတာလည်းရှိ၊ စိတ်မချရတာ အဆင်မပြေကြတာလည်း ရှိတာကိုး… ကိုယ့်အလှည့်ကျ ဘယ်လိုဖြစ်မလဲ မသိနိုင်ဘူးလေ… Blind Date လို တစ်ခါမှ မမြင်ဖူး၊ မတွေ့ဖူးသူတွေကို ချိတ်ဆက်ပေးတဲ့ ဖူးစာရှာတဲ့ ဝန်ဆောင်မှုတွေကျတော့လည်း အပြင်မှာ မမြင်ဖူးသလို သူ့အကြောင်းလည်း ကိုယ်မသိ၊ ကိုယ့်အကြောင်းလည်း သူမသိဆိုတော့ သွားတွေ့ရမှာ ကြောင်တောင်တောင်ကြီးလို့ ခံစားမိကြသူတွေလည်း ရှိနေပါတယ်။

တကယ်တော့ Facebook ရဲ့ ဖူးစာရှာပေးတဲ့ အစီအစဉ် (Dating Feature)ဟာ တခြားဖူးစာရှာတဲ့ ဝက်ဘ်ဆိုက်ဒ်တွေ၊  အပလီကေးရှင်း (App) တွေနဲ့ မတူဘဲ ထူးခြားပါတယ်။ ဒါ့အပြင် Facebook ရဲ့ ဖူးစာရှာဖွေရေး အစီအစဉ်က အပျော်သက်သက်တွဲရုံအတွက် လက်တွဲဖော်ရှာသူတွေထက် ကိုယ့်တစ်ဘဝလုံးအတွက် လက်တွဲဖော်ကို ရှာဖွေချင်သူတွေ၊ ကိုယ့်ချစ်သူရည်းစားကို အတည်တကျ တွဲချင်သူတွေအတွက် ရည်ရွယ်တာပါလို့ Facebook တည်ထောင်သူဖြစ်တဲ့ Mark Zuckerberg (မက်ဇူကာဘတ်) က ကုမ္ပဏီရဲ့ နှစ်ပတ်လည် ညီလာခံမှာကြေညာခဲ့တာပါ။

Related Article >>> ယောင်းရွေးချယ်ထားတဲ့လက်တွဲဖော်က ယောင်းအတွက် တကယ်ရောသင့်လျော်ပါရဲ့လား?

ထာဝရလက်တွဲဖော်ကိုပဲရှာဖွေချင်သူတွေ…..

Facebook မှာ ဆင်ဂယ်လ်လို့ မှတ်ပုံတင်ထားတဲ့သူ သန်း ၂၀၀လောက် ရှိတယ်လို့ Mark Zuckerberg က ပြောဆိုခဲ့ပြီး သူတို့အတွက် အဓိပ္ပာယ်ရှိတဲ့ ဆက်ဆံရေးတစ်ခုကို ရှာဖွေပေးချင်တာပါတဲ့။ (အဲ့ထဲမှာ ယောင်းတို့ ပါတယ်မလား 😛 )

ဒီ ဖူးစာရှာတဲ့ အစီအစဉ်ကို အသုံးပြုမယ်ဆိုရင် Profile အသစ်ဖွင့်ရမှာဖြစ်ပြီး (Facebook အကောင့်အသစ်မဟုတ်ဘူးနော်) အဲဒီ Profile အသစ်မှာ ကိုယ့်နာမည်ကိုပဲ ရေးဖို့လိုပါတယ်။ ကိုယ့်ရဲ့ ဖူးစာရှာပေးတဲ့ အစီအစဉ်ထဲက Profile ကို ဒီအစီအစဉ်အသုံးမပြုတဲ့ အကောင့်ထဲက သူငယ်ချင်းတွေ တွေ့ရမှာမဟုတ်သလို Newsfeed မှာလည်း မပေါ်ပါဘူး။

Facebook ရဲ့ ဖူးစာရှာဖွေရေးအစီအစဉ်ဟာ ကိုယ်နဲ့ စိတ်တူ၊ ကိုယ်တူ၊ အကြိုက်ချင်း ခံစားချက်ချင်းတူသူကို ရှာဖွေလိုသူတွေအတွက် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် Facebook မှာပေါ်တဲ့ Events (ပွဲအစီအစဉ်)တွေ၊ Group(အဖွဲ့)တွေမှာ ကိုယ်စိတ်ဝင်စားတဲ့ Event (ပွဲအစီအစဉ်) နဲ့ Group ( အဖွဲ့) တွေကို ဝင်ရောက်ပြီး Dating Features မှာ Unlock ဆိုတာကို နှိပ်လိုက်ရုံနဲ့ ကိုယ့်လိုပဲ ဖူးစာရှာပေးတဲ့ အစီအစဉ်ကို အသုံးပြုသူတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

နောက်တစ်မျိုးကတော့ ကိုယ့်လိုပဲ ဖူးစာရှာပေးတဲ့ အစီအစဉ် အသုံးပြုသူတွေရဲ့ Profile ကို ရှာဖွေကြည့်ရှုပြီး ကိုယ်စိတ်ဝင်စားသူကို ရွေးချယ်လို့ရပါတယ်။ နှစ်ဦး နှစ်ဘက် အပြန်အလှန် စိတ်ဝင်စားမှုရှိတယ်ဆိုရင်တော့ Dating Feature အတွက် သီးသန့်စီစဉ်ပေးထားတဲ့ chat box မှာ အပြန်အလှန်စကားပြောနိုင်မှာပါ။ ( ပြီးရင် ဘယ်ကဘယ်လို ရှေ့တိုးကြမလဲဆိုတာတော့ ပြောစရာမလိုဘူး ထင်ပါတယ်နော် .. 😛 ) ဒီအစီအစဉ်ကို စတင်တဲ့ အစပိုင်းမှာတော့ သုံးစွဲသူတွေရဲ့ လုံခြုံရေးအတွက် စာတွေပဲ အပြန်အလှန်ပေးပို့ဆက်သွယ်နိုင်မှာပါတဲ့။

ဒီလိုဆိုရင်တော့ ရည်းစားအပျော်မထားချင်ဘူး၊ ကိုယ်နဲ့ စိတ်တူကိုယ်တူရှိတဲ့သူ၊ အပြန်အလှန် နားလည်ချစ်ခင်သူနဲ့ပဲ ထာဝရလက်တွဲချင်သူ ယောင်းတို့အတွက် Facebook ရဲ့ ဖူးစာရှာပေးတဲ့ အစီအစဉ်က သိပ်ကိုအဆင်ပြေတာပေါ့နော်။ တစ်ချို့ကတော့ အင်တာနက်ပေါ်မှာ တွေ့ကြသူတွေဟာ မယုံကြည်ရဘူးလို့ ဆိုကြပါတယ်။ အက်ဒ်မင်အမြင်ကို ပြောရမယ်ဆိုရင် အင်တာနက်ပေါ်မှာ တွေ့သူပဲဖြစ်ဖြစ်၊ အပြင်မှာ တွေ့ပြီးခင်မင်သူပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ ရာနှုန်းပြည့်မယုံဖို့ပါပဲ။ ကိုယ့်လက်တွဲဖော် ရွေးချယ်တဲ့နေရာမှာ တစ်ယောက်အကြောင်းတစ်ယောက်လေ့လာနေဆဲအချိန်မှာ သူပြောသမျှကို ယုံကြည်တာလည်းမဟုတ်၊ မယုံကြည်တာလည်းမဟုတ်ဘဲ သတိလေးကပ်ပြီး ဆက်ဆံရင် လုံခြုံမယ်လို့ထင်ပါတယ်။

ယောင်းတို့ ထာဝရလက်တွဲဖော်တွေ့ကြပါစေ ….

Sugar Cane (For Her Myanmar)

Reference – Tech Crunch, CNBC

No Comments Yet

Leave a Reply

Your email address will not be published.