မင်းသမီးလေးလက်ရဲ့ ဖက်ရှင်အလန်းစားတွေကို တစ်ဝကြီးခံစားရမယ်ဆိုတဲ့ Reflection – ရောင်ပြန် ရုပ်ရှင်ကားရဲ့ Review

      ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ 

ဒီရက်သတ္တပတ်မှာ မြန်မာပြည်ရဲ့ နာမည်ကြီးမင်းသမီးလေးလက်တစ်ပြိုင်တည်းပါဝင်သရုပ်ဆောင်ထားတဲ့ Reflection- ရောင်ပြန် ဆိုတဲ့ရုပ်ရှင်ကားရုံတင်ပြသခဲ့ပါတယ်။ ဒီဇာတ်လမ်းဟာ အမျိုးသမီးသရုပ်ဆောင်တွေပဲပါဝင်ပြီး အမျိုးသားဇာတ်ဆောင်မပါဝင်တဲ့  မြန်မာပြည်မှာရှားပါးတဲ့ အက်ရှင်ကားအမျိုးအစားဖြစ်ပါတယ်။

ဒီဇာတ်လမ်းကို စီစဉ်ရိုက်ကူးခဲ့သူကတော့ နာမည်ကျော်မင်းသမီး အကယ်ဒမီနှစ်ဆုရှင် အိန္ဒြာကျော်ဇင်ဖြစ်ပြီး သူမရဲ့ သုဒြာထုတ်လုပ်ရေးရဲ့ ပွဲဦးထွက်ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကျော်မင်းသားလူမင်းက ဒါရိုက်တာအဖြစ်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ဒေါ်မေနက္ခတ်(ထွန်းအိန္ဒြာဗို) ဆိုသည့် အမျိုးသမီးသည် အောင်မြင်ကြွယ်ဝသော စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးဖြစ်ပြီး သူမ၏ကြွယ်ဝမှုနဲ့အတူ အလှူအတန်းရက်ရောသော ပရဟိတလုပ်ငန်းများကြောင့်ကျော်ကြားသည်။ သူမအနားတွင် ကိုကိုး(ဝတ်မှုံရွှေရည်) ဆိုသည့် ကိုယ်ရံတော်မိန်းမချောလေးတစ်ဦးအမြဲရှိနေသည်။ လှပထက်မြက်သောကိုကိုးသည် ဒေါ်မေနက္ခတ်၏လက်ရုံးဖြစ်သလို ဒေါ်မေနက္ခတ်အနားကပ်လာသည့် အန္တရာယ်မှန်သမျှကို ရင်ဆိုင်ဖယ်ရှားလေ့ရှိသည်။

ဒေါ်မေနက္ခတ်ဘေးတွင် သက်တော်စောင့် ကိုကိုးအပြင် ကိုယ်ရံတော်အမြောက်အမြားရှိသည်မို အန္တရာယ်ပေးဖို့ မလွယ်ကူပေ။ ထိုသို့အတားအဆီးများရှိသည်ကြားမှ ဒေါ်မေနက္ခတ်အနား ချဉ်းကပ်ခါ ဒေါ်မေနက္ခတ်အားလုပ်ကြံလိုသူနှစ်ဦးရှိလေသည်။ သူတို့ကတော့ မိန်းမလှနှစ်ဦးဖြစ်သည့် မေနိုင်း (အိန္ဒြာကျော်ဇင်) နှင့် အရိပ် (Patricia)တို့ပင်။ အစက တစ်ဦးကိုတစ်ဦး မသိရှိခဲ့သော်ငြား အခမ်းအနားတစ်ခုတွင် တိုက်တိုက်ဆိုင်ဆိုင် ဒေါ်မေနက္ခတ်ကိုလုပ်ကြံဖို့ကြိုးစားရင်း ဆုံတွေ့ရမှာ အကြံတူတွေဖြစ်ကြောင်းအချင်းချင်းသိကာ ပူးပေါင်းဆောင်ရွက်ဖို့ဆုံးဖြတ်လိုက်ကြသည့်အခါ….

Related Article – ရုံမတင်ခင်ကတည်းက နာမည်တွေကြီးနေတာ.. ကြီးလည်း ကြီးလောက်ပါပေရဲ့…

Reflection – ရောင်ပြန်

ဒေါ်မေနက္ခတ်အား လုပ်ကြံရန် သူတို့ နှစ်ဦး မည်သို့ ဆောင်ရွက်မည်နည်း … ကိုကိုးကိုရော  မည်သို့ရင်ဆိုင်မည်နည်း….. မထင်မှတ်ဘဲ သူတို့ သိရှိသွားရမည့် ကိုကိုး၏ လျှို့ဝှက်ချက်ဆိုသည်မှာရော..?

သုံးသပ်ချက်

ဖက်ရှင်နှင့် အက်ရှင်အသားပေးရုပ်ရှင်ဟု ကြေညာထားသည့်အတိုင်း မင်းသမီးလေးလက်သည် ဖက်ရှင်နှင့် အလှအပပိုင်းကို အထူးအားထုတ်ထားသည်ကိုတွေ့ရပြီး အခြားရုပ်ရှင်များတွင် အတွေ့ရနည်းသည့် ဝတ်စားဆင်ယင်ပုံများကို တွေ့မြင်ခံစားရမည်ဖြစ်လေသည်။

ထို့အပြင် Drama နှင့် ဟာသကားများပြားသောမြန်မာရုပ်ရှင်ကားလောကတွင် အက်ရှင်နှင့် လှည့်ကွက်များပါဝင်သည့် ကားမျိုးမှာ ရှားပါးသည့်အတွက် ရောင်ပြန်ရုပ်ရှင်သည် ထူးခြားသည်ဟုဆိုနိုင်ပါသည်။

ရုပ်ရှင်ရိုက်ကွက်များ၊ ရှူတင်နေရာများသည် အခြားမြန်မာကားများထဲမှ မြင်နေကျပုံစံမျိုးမဟုတ်သည့်အတွက်အပြောင်းအလဲကို ခံစားရနိုင်ပါသည်။ အထူးသဖြင့် ဒါရိုက်တာလူမင်းသည် သမားရိုးကျမြန်မာကားများနှင့်မတူသော ရသကိုပေးရန် အားထုတ်ထားပုံကို ထင်ထင်ရှားရှားတွေ့ရပါသည်။

ရုပ်ရှင်လောကထဲမှ ပရိသတ်ချစ်ခင်မှုရှိသည့် ဇာတ်ပို့များကိုအလျဉ်းသင့်သလို ထည့်သွင်းရိုက်ကူးသလို နာမည်ကြီးမင်းသားအချို့ကလည်း ပရိသတ်မထင်မှတ်သည့် ဇာတ်ဝင်ခန်းအချို့တွင်ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ထားလေရာ ပရိသတ်များအကြိုက်တွေ့ကြမည်ထင်ပါသည်။

Related Article >>>  ‘ပြည့်တန်ဆာများသည် တစ်ချိန်ကဖြူစင်အပြစ်ကင်းသော ကလေးငယ်များဖြစ်ခဲ့ကြပါသည်’ ဆိုတဲ့စာတန်းနဲ့နာမည်ကြီးနေတဲ့ ‘ရွှေကြာ’

Reflection – ရောင်ပြန်

အားနည်းချက်အနေဖြင့်ပြောရလျှင် ရောင်ပြန်ဇာတ်လမ်းသည် အခြားမြန်မာကားများနှင့် ကွာခြားမှုများရှိသလို ခေါက်ရိုးကျိုးဒိုင်ယာလော့ခ်များ အခြားကားများလောက် မပါဝင်သော်လည်း အလျဉ်းမပါဝင်ဟု မပြောနိုင်ပေ။ ထိုဒိုင်ယာလော့ခ်များပို အသက်ဝင်လျှင် ရောင်ပြန်ကားသည် ယခုထက်ပိုပြီးလက်ရာမြောက်မည်ဟုမျှော်လင့်မိပါသည်။

ထို့အပြင် ဖက်ရှင်အသားပေးရုပ်ရှင်ဖြစ်သဖြင့် လှပဆန်းပြားသည့်ဖက်ရှင်များထည့်သွင်းထားသည့်နေရာတွင် သူ့နေရာနှင့်သူ အံဝင်ခွင်ကျဖြစ်သည့်ဖက်ရှင်မျိုးဖြစ်အောင်သတိပြုသင့်သည်။ ဥပမာ – အစိုးရအရာရှိများနှင့် ဘိုးဘွားရိပ်သာဖွင့်ပွဲလုပ်သည့်အခန်းတွင် ထွန်းအိန္ဒြာဗို၏ဖက်ရှင်မှာ လိုက်လျောညီထွေမှုရှိသော်လည်း အခြားမင်းသမီးများမှာဖြင့် အံဝင်ဂွင်ကျ မရှိလှပေ။ အခြားသောအခန်းများတွင်လည်း ယခုလိုအားနည်းချက်ကိုမကြာခဏတွေ့ရတတ်သည်။

အဆုံးသတ်ရလျှင်ဖြင့် Reflection – ရောင်ပြန် ရုပ်ရှင်မှာ ထူးခြားကောင်းမွန်သည့်ရုပ်ရှင်တစ်ခုဟု မဆိုသာသော်လည်း အမောပြေ အပန်းဖြေကြည့်ရန် သင့်တင့်သည့် ရုပ်ရှင်တစ်ခုပင်။

Sugar Cane (For Her Myanmar)

Photo Credit : Reflection – ရောင်ပြန် Facebook Page

No Comments Yet

Leave a Reply

Your email address will not be published.