Met Gala ညရဲ့ အလှဆုံး ဝတ်စုံတွေထဲက (၆)စုံ

ဘယ်လိုတောင် လှနေကြတာလဲ မေး… 

၂၀၁၈အတွက် Met Galaပွဲကြီးကတော့ အောင်အောင်မြင်မြင်နဲ့ ပြီးသွားပါပြီ ယောင်းတို့ရေ…Met Galaဆိုတာကတော့ Metropolitan Museum of Artsရဲ့ Costume Institute အတွက် နှစ်စဉ် ရန်ပုံငွေရှာပေးတဲ့ ဖက်ရှင်ပွဲကြီးတစ်ခုပေါ့။

ဒီနှစ် Met Galaရဲ့ ခေါင်းစဉ်ကတော့ “Heavenly Bodies” ဖြစ်ပြီး ကတ်သလစ် အယူဝါဒကို ဖက်ရှင်အသွင် ဆန်းသစ်တီထွင်ထားတဲ့ ဒီဇိုင်းတွေကို ပြသခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနှစ် Met Galaပွဲကြီးမှာ အခမ်းနားဆုံးဝတ်စုံတွေကို ဝတ်ဆင်ထားပြီး လှနေတဲ့ နတ်သမီးတွေကို တစ်ချက်လောက် ကြည့်လိုက်ရအောင်… အလှဆုံးလို့ သတ်မှတ်ထားတဲ့ ဝတ်စုံလေးတွေကိုပဲ ရွေးချယ်ထားတာပါနော်…

နံပါတ်(၁) ကတော့ Blake Lively ဖြစ်ပါတယ်။

Blake Lively

Blakeဟာ သူမရဲ့ ဝတ်စုံကြောင့် ” အလှဆုံးပွဲတက်တွေထဲက တစ်ယောက်”လို့ မှတ်တမ်းတင်ခံရသူတစ်ယောက်ပါ။

သူမဟာ အီတာလျံ ဖက်ရှင်ဒီဇိုင်နာ ဗားဆေ့စ်ရဲ့ ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ထားပါတယ်။ ဗားဆေ့စ်ရဲ့ ဂါဝန်ရှည်ဟာ အနီရင့်ရောင် ပိုးသားပေါ်မှာ အနုစိတ်ရွှေလက်ရာတွေနဲ့ တန်ဆာဆင်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းအတွက်တော့ ရွှေနဲ့လုပ်ထားတဲ့ ကိုယ်ကြပ်အင်္ကျီပေါ်မှာ ကျောက်မျက်ရတနာတွေ အပြည့်စီထားပါတယ်။

“ဒီနှစ်အတွက် ဝတ်စုံကတော့ ကျွန်မအကြိုက်ဆုံးပါပဲ” လို့ မင်းသမီးက မတ်လတုန်းက Vogueမဂ္ဂဇင်းကိုပြောခဲ့ပါတယ်။ ဒီဝတ်စုံကို ချုပ်နေတာ နာရီပေါင်း ၆၀၀ ကျော်နေပြီ။ ခုထိလည်း မပြီးသေးပါဘူး” လို့ သူမက ပြောခဲ့ပါသေးတယ်။

သူမရဲ့ ဂါဝန်ဟာ ရှည်လျားကြီးမားလွန်းတာမို့ Met Galaညအတွက် နေရာကျယ်ကျယ်ဝန်းဝန်းရှိတဲ့ Party busစီးပြီး ပွဲတက်ခဲ့ရပါတယ်တဲ့။

ဒုတိယတစ်ယောက်ကတော့ Ariana Grande လေးပါပဲ။

Ariana Grande

သူမရဲ့ ဝတ်စုံကိုတော့ နယူးယော့ခ် ဖက်ရှင်ဒီဇိုင်နာ Vera Wangက ဖန်တီးပေးထားပြီး ဒီနှစ် Met Galaရဲ့ ခေါင်းစဉ်ကို အပြည့်အဝဖော်ကျူးနိုင်ခဲ့ပါတယ်။

ဘာလို့လဲဆို ပုပ်ရဟန်းမင်းကြီး ဝတ်ပြုရာ Sistine Chapelမှာ ရှိပြီး ၁၆ရာစုတုန်း က Michelangelo (မိုက်ကယ်အိန်ဂျလို) ဆွဲခဲ့တဲ့ “The Last Judgement” အမည်ရှိ ပန်းချီပုံကို ဝတ်စုံ အဖြစ် ဖန်တီးထားလို့ပါ။

“ဒီဝတ်စုံက Sistine Chapel မျက်နှာကြက်နံရံမှာရှိတဲ့ The Last Judgmentဆိုတဲ့ ပုံကိုယူထားတာပါ။ The Last Judgmentဆိုတာ ကောင်းကင်ဘုံ သွားရမယ့်သူနဲ့ ငရဲပြည်သွားရမယ့်သူကို ဘုရားသခင် ဆုံးဖြတ်တဲ့ အကြောင်း ဖော်ကျူးထားတဲ့ ပန်းချီကား ဖြစ်ပါတယ်” လို့ သူမက ဝတ်စုံနဲ့ ပတ်သတ်လို့ ရှင်းပြပေးခဲ့ပါတယ်။

Related Article >>> မိန်းကလေးတိုင်းအတွက် ပေါ့ပါးပြီး ဆွဲဆောင်မှုရှိစေမယ့် အားကစားဖက်ရှင်(၅)မျိုး

တတိယ တစ်ယောက်ကတော့ ရတနာတွေနဲ့ တန်ဆာဆင်ထားတဲ့ ဆင်စွယ်ရောင် ပိုးဂါဝန်နဲ့ Cardi Bပါ။

Cardi B

ဗိုက်ကြီးလာရင် ပုံပျက်သွားတယ်လို့ ဆိုကြပေမယ့် Cardi က လှမြဲလှနေဆဲပါပဲ။

Cardiဟာ ကိုယ်ဝန်အရင့်မာကြီးနဲ့ပေမဲ့ သူမရဲ့ ပထမဆုံး အကြိမ် Met Galaပွဲကို အဆင်ပြေချောမွေ့စွာ သက်တောင့်သက်သာနဲ့ တက်ရောက်နိုင်ခဲ့ပါတယ်။ သူမခေါင်းထက်က ဒီဇိုင်းနာ Jeremy Scottရဲ့ ရတနာ သရဖူ ခပ်ဆန်းဆန်း ကတော့ သူမကို လှပ နန်းဆန်အောင် ပံ့ပိုးပေးနေပါတယ်။

“ကိုယ်ဝန်ဆောင်ပြီး မိခင်တစ်ယောက်ဖြစ်ရတာထက် ပိုမြတ်တဲ့အရာ မရှိပါဘူး” လို့ Scottက ပွဲတက်လာတဲ့ Cardiကို အားပေးစကားပြောခဲ့ပါသေးတယ်။

စတုတ္ထတစ်ယောက်ကတော့ မင်းသမီးကြီး Sarah Parkerပါပဲ။

Sarah Parker

မင်းသမီးကြီးကို ထူးခြားစေတာကတော့ သူမခေါင်းထက်က သရဖူပါပဲ။ ဘာလို့လဲဆို အဲ့သရဖူဟာဆိုရင် ယေရှူ ခရစ်တော် ဖွားမြင်တော်မူခန်း အပြည့်အစုံကို ထုဆစ်ထားတာမို့ပါ။ အတော်တော့ လေးမှာပဲနော် အိုင်းစ်….

မင်းသမီးကြီးရဲ့ ဝတ်စုံဒီဇိုင်နာတွေကတော့ Dolce and Gabbana ဖြစ်ပြီး ပြောင်လက်နေတဲ့ ဂါဝန်သားပေါ်မှာ ရွှေပန်းလေးတွေ ထိုးထားတဲ့အပြင် အသည်းပုံ နီရဲရဲလေးတွေနဲ့ပါ တန်ဆာဆင်ထားပါတယ်။

အသက်ကသာ ၅၀ကျော်တာ…မင်းသမီးကြီးက အရင်လို လှဆဲဖြစ်ပြီး ဝတ်စုံရဲ့ အရောင်အသွေး နဲ့ ဒီဇိုင်းကြောင့် နုပျိုပြီး အရှိန်အဝါရှိနေပုံ ပေါ်ပါတယ်။ အဝတ်အစားက စကားပြောတယ်ဆိုတာ ဒါမျိုးနေမယ်နော်။

“သူတို့ကိုယ်တိုင်က ဘာသာရေးကိုင်းရှိုင်းတဲ့ ကတ်သလစ်တွေလေ” လို့ မင်းသမီးကြီးက သူမရဲ့ ဒီဇိုင်နာတွေရဲ့ ပတ်သက်ပြီး ဂုဏ်ယူစွာပြောပြခဲ့ပါသေးတယ်။

Related Article >>> အရပ်ရှည်တဲ့ယောင်းတွေအတွက် ဖက်ရှင်နည်းလမ်း (၆) ခု

နောက်တစ်ယောက်ကတော့ အဆိုတော် Nicki Minajပါ။

Nicki Minaj

ထူးထူးဆန်းဆန်း Nicki Minaj ဝတ်ထားတဲ့ ဒီဇိုင်းကတော့ နတ်ဆိုးပုံစံ နီရဲရဲ ဝတ်စုံ ဖြစ်နေတာမို့ ပြပွဲရဲ့ ခေါင်းစဉ်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာကို တွေ့ရပါတယ်။ သူမရဲ့ ခေါင်းစွပ်ကတော့ အနုစိတ် ဖန်တီးထားပြီး လက်ဝါးကတ်တိုင်အသေးလေးတွေနဲ့ တန်ဆာ ဆင်ထားတာကို တွေ့ရပါတယ်။

ဒါပေမယ့် Nickiက ဒီဝတ်စုံကို တမင်ရွေးထားတာပါတဲ့။ ” ကျွန်မက လူဆိုး( bad guy) လေ ။ လူဆိုးဖြစ်ကြောင်း သေချာအောင် ဒီလို ဝတ်စုံမျိုး ဝတ်ထားခဲ့တာပါ” လို့ မီဒီယာတွေကို ပြောခဲ့ပါတယ်။

တကယ်တော့ Nicki ပြောသွားတဲ့ Bad Guyဆိုတာ သူမရဲ့ သီချင်းအသစ် Chun-Li ထဲက စာသားပါ။ မတ်မတ်နစ်ကီတို့ ဥာဏ်ပြေးပုံများ။ Met Galaပွဲလည်း တက်ရင်း အသစ်ထွက်မယ့် အယ်လ်ဘမ်နဲ့ အချိန်ကိုပါ လူစုံတုန်း တစ်ခါတည်း ကြေငြာခဲ့ပါတယ်တဲ့။

နောက်ဆုံးတစ်ယောက်ကတော့ Gigi Hadidပါ ယောင်းတို့ရေ..

Gigi Hadid

သူမရဲ့ ဒီဇိုင်နာကတော့ နာမည်ကျော် ဒိုနာတယ်လာ ဗားဆေ့စ်ဖြစ်ပါတယ်။

ဂါဝန်ရဲ့ ဒီဇိုင်းကို ရောင်စုံ ဖန်ကွဲစပုံစံ ချုပ်ထားပြီး ရွှေချည်ကြိုး တောက်တောက်လေးတွေနဲ့ ကွပ်ထားတာပါ။ လှချက်ကတော့ တကယ့် နတ်သမီးလေးလိုပါပဲ။

Gigiဟာ ၂၀၁၅တည်းက Met Gala ပွဲတက်ခဲ့တာဖြစ်ပြီး သူမရဲ့ ဝတ်စုံတွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုလန်းလာတာကို တွေ့ရပါတယ်။

ဗားဆေ့စ်ဆိုရင် ” Gigiရေ မင်းကို ဒီဝတ်စုံနဲ့ တွေ့ချင်လှပြီ” လို့ ပွဲမစခင် သူမရဲ့ Instagramမှာ ရေးခဲ့ပါတယ်။

အက်ဒ်မင့် ကိုယ်ပိုင်အမြင်ကို ပြောရမယ်ဆိုရင် တစ်ခေါက် Met Galaက အရင်နှစ်တွေထက် ပိုခမ်းနားပါတယ်..ဒီနှစ်ရဲ့ ဒီဇိုင်းတွေက “Wow”လို့ တမိတဲ့ အထိ အံ့ဩမှင်သက်ရသလို အတော်လေးလည်း နန်းဆန် ခမ်းနားတဲ့ ဒီဇိုင်းတွေပါပဲ။ ယောင်းတို့လည်း ဒီဝတ်စုံတွေ ကြည့်ပြီး ကြွေသွားတယ်ဟုတ်?

အက်ဒ်မင်တော့ နောက်တစ်နှစ် Met Gala ကို မျှော်နေမိပြီ။ ယောင်းတို့ကော ?

By

Mia (For Her Myanmar)

References: BBC , YouTube

No Comments Yet

Comments are closed