အောင်မြင်မှုအရှိဆုံး Plus Size Model များ

ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ငေးယူရအောင်လှချက်တစ်ပေါက်ဆိုတာ

ဒီနေ့ခေတ်ကမ္ဘာမှာ ပိန်မှ လှတယ်၊ ဝမှ လှတယ်၊ အကိတ်မှ လှတယ်၊ LCD မှ လှတယ်၊ ရှည်မှ လှတယ် ၊ ပုမှ လှတယ်ဆိုတဲ့ အတွေးအခေါ်တွေက ခေတ်မမီတော့ပါဘူး။ ဒီခေတ်က လူတိုင်း လူတိုင်းဟာ ကိုယ့်ရဲ့ခန္ဓာကိုယ် အရှိတရားအတိုင်း လက်ခံပြီး ယုံကြည်မှုရှိရှိ လှပနိုင်တဲ့ ခေတ်ဖြစ်ပါတယ်။ ဒီအယူအဆရဲ့ အထင်ရှားဆုံးပြယုဂ်ကတော့ Plus Size Model လို့ခေါ်တဲ့ ပြည့်ပြည့်ဖောင်းဖောင်း မော်ဒယ်လ်လေးတွေ ဖြစ်ပါတယ်။ အရင်က မော်ဒယ်လ်ဆိုတာ ပိန်သွယ်သွယ်ရှည်ရှည်နဲ့မှ လှတယ်ဆိုတဲ့ အယူအဆကို ချိုးဖျက်ပြီး အခြား ကိုယ်ခန္ဓာအလှအပရှိတဲ့ မော်ဒယ်လ်များစွာ ထွက်ပေါ်လာတဲ့ အထဲကမှ နာမည်အကြီးဆုံး Plus Size မော်ဒ်ယ်လ်တွေကတော့ …

၁။ Ashley Graham

Ashley Graham

Plus Size Model လို့ ဆိုလိုက်တာနဲ့ သူ့ကိုပြေးမြင်မိတယ်လို့ ဆိုကြသည်အထိ အောင်မြင်နေတဲ့ သူကတော့ Ashley ဖြစ်ပါတယ်။ အားကစားမဂ္ဂဇင်းမျက်နှာဖုံးထက်မှာ ပထမဆုံးအတင်ခံရတဲ့ Plus Size မော်ဒယ်လ်ဖြစ်သလို Vogue ၊ Cosmopolitan အစရှိတဲ့ နာမည်ကြီးမဂ္ဂဇင်းတော်တော်များများမှာ မျက်နှာဖုံးရှင်ဖြစ်ခဲ့ပါတယ်။ ပိန်သွယ်ကျစ်လျစ်သူတွေမှ လှတယ်လို့ယူဆကြတဲ့ခေတ်မှာ ဖောက်ထွက်လာတဲ့ သူ့ကို အမျိုးသမီးတော်တော်များများက စံထားကြတယ်လို့ ဆိုရမှာပါ။ လက်ရှိမှာ အသက်သုံးဆယ်ရှိပြီဖြစ်ပြီး သူ့ဘဝနဲ့ ခံယူချက်၊ ယုံကြည်ချက်တွေကို မျှဝေထားတဲ့ ကိုယ်တိုင်ရေးအတ္ထုပတ္တိကိုလည်း ထုတ်ဝေထားပါပြီ။

၂။ Chloe Marshall

Chloe Marshall

သူ(မ)ဟာ ဗြိတိန်နိုင်ငံရဲ့Surrey ပြည်နယ်ကိုယ်စားပြု Miss Surrey ဖြစ်ခဲ့ပြီး Miss England အလှမယ်ရွေးချယ်ပွဲကို ဖိုင်နယ်ပွဲစဉ်အထိရောက်ရှိခဲ့တဲ့ ပထမဆုံး Plus Size Model ပါ။ Miss ဆိုတာ ပိန်သွယ်သွယ်ဖြစ်ရမယ်ဆိုတဲ့ အယူအဆကို တော်လှန်ခဲ့သူလေးပေါ့။ လှပတယ်ဆိုတာ ပိန်သွယ်သွယ်ဖြစ်ရမယ်လို့ ဆိုလိုတာမဟုတ်ဘူးဆိုတဲ့ အယူအဆကိုလည်း ဖြန့်ဝေခဲ့သူပါ။ အခုတော့ သူလေးဟာ ကမ္ဘာ့ထိပ်တန်း Plus Size Model ဆယ်ဦးထဲက တစ်ဦးပေါ့။

၃။ Candice Huffine

Candice Huffine

သူ(မ)ဟာ Plus Size မော်ဒယ်လ်အဖြစ် ကာလရှည်ကြာစွာ ရပ်တည်ခဲ့သူဖြစ်ပြီး သူမရဲ့မော်ဒယ်လ်သက်တမ်း ဆယ်နှစ်ကျော်ရှိနေပါပြီ။ မော်ဒယ်လ်အဖြစ်ရပ်တည်ချင်ရင် ဝိတ်ချမှရမယ်ဆိုတဲ့ အေဂျင်စီရဲ့အကြံပေးချက်ကို လက်မခံဘဲ သူ(မ)ရဲ့ခန္ဓာကိုယ် အရှိအတိုင်း မော်ဒယ်လ်အဖြစ်ရပ်တည်လာသူပါ။ သူမော်ဒယ်လ်အဖြစ် အောင်မြင်ခါစမှာ Vogue Italy မဂ္ဂဇင်းရဲ့ ပထမဆုံး Plus Size မော်ဒ်လ်ယ် မျက်နှာဖုံးရှင်ဖြစ်လာပြီး ဒါဟာ အဲဒီခေတ်အခါအနေနဲ့ဆို ထူးခြားမှုတစ်ခုဖြစ်ခဲ့ပါတယ်။ သူဟာ ကိုယ့်ခန္ဓာကိုယ် အရှိအတိုင်း ယုံကြည်မှုရှိရှိ လှလှပပရပ်တည်ရမယ်ဆိုတဲ့ အယူအဆကို ကမ္ဘာအနှံ့ ပြန့်နှံ့စေခဲ့သူတစ်ဦးဖြစ်ပါတယ်။

Related Article >>> လုံးလုံးပြည့်ပြည့်နဲ့ချစ်စရာကောင်းတဲ့ယောင်းတို့အတွက် လိုက်ဖက်မယ့်ဖက်ရှင်

၎။ Precious Lee

PRECIOUS LEE

သူမဟာ ပထမဆုံး လူမည်းအမျိုးသမီး Plus Size မော်ဒယ်လ်တစ်ဦးဖြစ်ကာ လူမျိုး၊ အသားအရောင်၊ ကိုယ်ခန္ဓာပုံစံ ခွဲခြားမှုတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်သူတစ်ဦးဖြစ်ပြီး အလှအပအတွက် စံနှုန်းကန့်သတ်ချက်တွေကို ရဲရဲဝံ့ဝံ့ တော်လှန်သူလေးလည်း ဖြစ်ပါတယ်။ နာမည်ကျော်မဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးရှင်ဖြစ်သလို ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့၊ ယုံကြည်မှုရှိဖို့၊ ကျန်းမာကြံ့ခိုင်စွာနေထိုင်ဖို့ အမျိုးသမီးငယ်လေးတွေကို ခွန်အားပေးနေသူလေးလည်း ဖြစ်ပါတယ်။

၅။ Fluvia Lacerda

Fluvia Lacerda

ဘရာဇီးသူလေး Fluvia Lacerda ဟာလည်း ထူးခြားသူလေးဖြစ်ပြီး သူ(မ) မော်ဒယ်လောကထဲဝင်လာဖြစ်ပုံကလည်း ထူးခြားပါတယ်။ မက်ဟန်တန်က ဘတ်စ်ကားပေါ်မှာ သူ(မ)ကိုမဂ္ဂဇင်းအယ်ဒီတာတစ်ဦးကသတိထားမိခဲ့ပြီး မော်ဒယ်လ်လုပ်ဖို့ကမ်းလှမ်းခဲ့ရာကစလို့ Plus Size မော်ဒယ်လ်တစ်ဦးဖြစ်လာသူပါ။ Play Boy မဂ္ဂဇင်းရဲ့ ပထမဆုံး Plus Size မျက်နှာဖုံးရှင်လည်း ဖြစ်ပါတယ်။

ပြည့်ပြည့်ဖောင်းဖောင်းယောင်းတို့လည်း သူတို့တွေလို Plus Size မော်ဒယ်လ်အဖြစ်ရပ်တည်နိုင်ဖို့အခွင့်အရေးတွေ ရှိနေပါပြီနော်။ Plus Size မော်ဒယ်အဖြစ်ရပ်တည်ချင်တယ်ဆိုရင် ပိန်ဖို့မလိုအပ်ပေမဲ့ ကျစ်လျစ်ပြီး ပုံကျတဲ့ခန္ဓာကိုယ်ရှိဖို့ လိုတာမို့ အားကစားလုပ်ဖို့လည်း လိုအပ်ပါသေးတယ်လို့…

ယောင်းတို့ အောင်မြင်ကြပါစေ။

Sugar Cane (For Her Myanmar)

References – stylecrazethephotostudio

No Comments Yet

Comments are closed