အခွန်ဆောင်ဖို့ တိမ်းရှောင်ခဲ့ကြောင်း ဖွင့်ဟဝန်ခံလိုက်တဲ့ မင်းသမီး ဖန်ပင်းပင်း

အခွန်ရှောင်ခဲ့မိလို့ ပရိသတ်တွေနဲ့ပါ ကွေကွင်းရပြီ…

တရုတ် မင်းသမီး ဖန်ပင်းပင်းတစ်ယောက် ပျောက်ချက်သား ကောင်းနေတာ ကြာပြီဖြစ်လို့ ထောင်ကျနေသယောင်ယောင် အသတ်ခံလိုက်ရသယောင်ယောင် အကျယ်ချုပ်ပဲ အချခံထားရသယောင်ယောင်နဲ့ ကောလဟာလသတင်းတွေလည်း ထွက်ရှိခဲ့ပါတယ်။ စာမလာ သတင်းမကြား ဖြစ်နေတဲ့ ဖန်ပင်းပင်းကတာ့ ဒီရက်ပိုင်းမှာပဲ ပရိသတ်တွေ တောင့်တလွန်းလို့ တောင်းပန်စာ ရေးသားပြီး သူရှိနေသေးကြောင်း သက်သေပြလိုက်ပါတယ်။  ဒီနှစ်ထဲမှာ သူဘာကြောင့် ပျောက်ချင်းမလှ ပျောက်နေရသလဲဆိုတာနဲ့ အခွန်ရှောင်ခဲ့တာ မှန်ရဲ့လား ဆိုတာလည်း သူ့စာထဲမှာ သေချာ ဖော်ပြထားပေးခဲ့ပါတယ်။

သူဟာ တကယ်ပဲ အခွန်လျှော့ပေါ့ဖို့အတွက် စာချုပ်(၂) မျိုး ခွဲချုပ်ပြီး အမှန်တကယ်ရှိတဲ့ ငွေကြေးထက် ပိုနည်းတဲ့ပမာဏကိုပဲ အခွန်ရုံးကို တင်ပြခဲ့ပါတယ်တဲ့။ အခွန်ရုံးက အာဏာပိုင်တွေ သိရှိချိန်မှာတော့  အခွန်တိမ်းရှောင်မှုအပြင် အခြားပြစ်မှုတွေကြောင့် ဖန်ပင်းပင်းကို ဒေါ်လာ ၁၂၉ သန်း ဒဏ်ရိုက်ခဲ့ပါတယ်။

ပရိသတ်တွေရဲ့ သို့လော သို့လော ဂယက်ရိုက်နေတဲ့ သတင်းတွေကြားမှာ ဖန်ပင်းပင်းတစ်ယောက်ကတော့ နောင်တစကားတွေ တစ်သီကြီး ပြောရင်း တောင်းပန်စာကို ခုလို ရေးသားထားတာ ဖြစ်ပါတယ်။

Related Article >>> တရုတ်လူမျိုးတွေ ယုံကြည်ထားကြတဲ့ အနီရောင် ကြမ္မာကြိုး

“ ကျွန်မလုပ်ခဲ့တာတွေအတွက် ရှက်မိသလို အပြစ်ရှိသူတစ်ယောက်လိုလည်း ခံစားရပါတယ်။ အချိန်ကာလတစ်ခုကြာအောင် ကျွန်မတို့နိုင်ငံနဲ့ လူအဖွဲ့အစည်းအကျိုးကို မငဲ့ကွက်ဘဲ ကိုယ်ကျိုးအတွက်ပဲ ကြည့်ခဲ့မိပါတယ်။ ရှောင်လို့မရတဲ့ အခွန်တွေကို တိမ်းရှောင်ပြီး စာချုပ် ၂ မျိုး ခွဲချုပ်ပြီး အခွင့်အရေးယူခဲ့မိတာ ရှက်မိပါတယ်။

အနုပညာမှာ ကျော်ကြားသူ တစ်ယောက်အနေနဲ့ ကျွန်မက ဥပဒေကို လိုက်နာပြီး လူမှုပတ်ဝန်းကျင်နဲ့ ဒီနယ်ပယ်ရဲ့ စံပြပုဂ္ဂိုလ်၊ ခေါင်းဆောင်တစ်ယောက်အနေနဲ့ စည်းကမ်း လိုက်နာခဲ့သင့်ပါတယ်။ ကျွန်မကို ချစ်ခင် အလေးထားကြတဲ့ မိတ်ဆွေတွေ၊ အများပြည်သူနဲ့ အခွန်ဆိုင်ရာ အာဏာပိုင်တွေကို ရိုးရိုးသားသား တောင်းပန်ပါတယ်။

အခွန်အာဏာပိုင်တွေ ပေးဆောင်ဖို့ ချမှတ်လိုက်တဲ့ ဒဏ်ကြေးငွေကို ထမ်းဆောင်ဖို့ လက်ခံပြီး ဒါကိုကြေအောင်ဆပ်ဖို့ ကျွန်မအကောင်းဆုံး ကြိုးစားသွားမှာပါ။ ဖန်ပင်းပင်းဆိုပြီး ကျွန်မအောင်မြင်လာတာက ကျွန်မနိုင်ငံနဲ့ လူမျိုးတွေရဲ့ အားပေးမှုကြောင့်ပါ။ ကွန်မြူနစ်အစိုးရရဲ့ မူဝါဒကောင်း နဲ့ ကျွန်မတို့ ပြည်သူတွေရဲ့ ချစ်ခင်မှုတွေသာ မရှိခဲ့ရင် ဖန်ပင်းပင်းဆိုတာ ရှိလာမှာတောင် မဟုတ်ပါဘူး။

ကျွန်မယုံကြည်မိပါတယ်။ ဒီပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းပြီးတာနဲ့ ဥပေဒ အမိန့်တွေကို ဘယ်တော့မှ မလွန်ဆန်တော့ပါဘူး။ ကျွန်မရဲ့ ကုမ္ပဏီမှာလည်း ဥပေဒစည်းကမ်းတွေကို လိုက်နာမှုရှိအောင် မျက်ခြေမပြတ် လုပ်ဆောင်သွားမှာ ဖြစ်ပြီး ပြည်သူ့အကျိုးပြုတဲ့ ကုမ္ပဏီကောင်းဖြစ်အောင် လုပ်ဆောင်သွားမှာပါ။ ချစ်ရတဲ့ ပရိသတ်ထုကြီးနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးကို တောင်းပန်ပါတယ်။ ကျွန်မမှားသွားခဲ့ပါတယ်” ဆိုပြီး ရေးသားထားခဲ့ပါတယ်။

ဒဏ်ကြေးငွေပေးဆောင်မယ်လို့ကတိပြုပြီး ပရိသတ်တွေကို ဝမ်းနည်းစကား ပြောကြားခဲ့ပေမဲ့ ဖန်ပင်းပင်းက ပရိသတ်ရှေ့မှောက် လူလုံးထွက်မပြခဲ့သလို ဘယ်မှာရှိနေမှန်းလည်း မသိရသေးပါဘူး။

With love

Ei Mon (For Her Myanmar)

References : Cosmopolitan, New

No Comments Yet

Comments are closed