ညီမလေးနောက်တစ်ယောက် ထပ်ရသွားပြန်တဲ့ ဂျက်စတင်ဘီဘာ

ညီမလေးတွေရဲ့ ကိုကိုကြီးပေါ့။

ဂျက်စတင်ဘီဘာကတော့ မိသားစုဝင် အသစ်လေးဖြစ်တဲ့ သူ့ရဲ့ ညီမလေးကို တစ်ကမ္ဘာလုံး သိအောင် အင်စတာဂရမ်ကတဆင့် ပြသလိုက်တာ ဖြစ်ပါတယ်။ “ဘီဘာ အသစ်လေး ဖြစ်တဲ့ ကျွန်တော့်ညီမလေး ဘေးဘီဘာ (Bay Bieber) ကို ကြိုဆိုကြပါဦး”ဆိုပြီး ရေးတင်လိုက်တဲ့ သူ့ရဲ့ ပို့စ်ဟာ သုံးနာရီအတွင်း like ၃ သန်းကျော် ရရှိခဲ့ပါတယ်။ မွေးကင်းစ ညီမလေးကတော့ မျက်လုံးလေး မဖွင့်သေးဘဲ ပြုံးပြုံးလေး ဖြစ်နေပြီး ပန်းရောင်နဲ့ အပြာရောင် အစင်းကြောင်းလေးတွေပါတဲ့ ခေါင်းစွပ်ဦးထုပ်လေးဆောင်းပေးထားတာမို့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါ။

ဘီဘာရဲ့ အဖေ ဂျယ်ရမီ နဲ့ တတိယဇနီးသည် ချယ်လ်ဆေး တို့လက်ထပ်ခဲ့စဉ်က ဂျက်စတင်ဘီဘာက ဆယ်လီနာနဲ့ ရွှေလက်တွဲစဉ်အခါပဲ ရှိပါသေးတယ်။ အဖေ နောက်အိမ်ထောင်ပြုတဲ့ပွဲမှာ ဂျက်စတင်က ချစ်သူ ဆယ်လီနာကိုပါ ခေါ်ပြီး ပါဝင်ဆင်နွှဲခဲ့ပါသေးတယ်။ ချယ်လ်ဆေးက Bay ကို ကိုယ်ဝန်လွယ်ထားရင်းနဲ့ လက်ထပ်ခဲ့တာကြောင့် သမီးဦးလေးကို တစ်ပါတည်း ကြိုဆိုတဲ့ အနေနဲ့ wedding theme ကို ပန်းရောင် ရွေးခဲ့ပါတယ်တဲ့။ Bay က ချယ်လ်ဆေးရဲ့ ဒုတိယမြောက်ရင်သွေးလေးဖြစ်ပြီး ပထမ အိမ်ထောင်နဲ့ရတဲ့ သမီးလေး Allie ကတော့ အသက် ၁၁ နှစ်ရှိနေပါပြီ။ ဂျယ်ရမီ အတွက်ကတော့ Jaxon ၊ Jazmyn နဲ့ ဂျက်စတင်တို့ ပြီးရင် စတုတ္ထမြောက် သမီးလေးပေါ့။

ဂျက်စတင်ဘီဘာရဲ့ အဖေက ပြောရမယ်ဆို အိမ်ထောင် သုံးဆက် ရှိပါပြီ… ပထမအိမ်ထောင်က ဂျက်စတင်ဘီဘာရဲ့ အမေ ကနေဒီယန် မင်းသမီး Pattie Mallette နဲ့ ဖြစ်ပြီး အမေတစ်ခု သားတစ်ခုဘဝနဲ့ ကြီးပြင်းခဲ့ရအောင် ထားရစ်ခဲ့ပါတယ်။ ဒုတိယမြောက် အနေနဲ့ ရုံးဝန်ထမ်း အီရင် နဲ့လက်ထပ်ပြီး ၈ နှစ် အရွယ်သားလေး Jaxon နဲ့ ၁၀ နှစ်အရွယ်သမီးလေး Jazmyn ကိုမွေးဖွား ထားပါတယ်။ အခုလက်ရှိ တတိယ အိမ်ထောင်ကတော့ အင်စတာဂရမ်စတား တစ်ယောက်ဖြစ်တဲ့ ချယ်လ်ဆေးနဲ့ ဖြစ်ပြီး သမီးလေး Bay ရဲ့ အဖေ အဖြစ် ခံယူထားပါတယ်တဲ့။

ဒီနေရာမှာ တစ်ခုမေးစရာရှိတာက JB က ပထမဆုံး အိမ်ထောင်နဲ့ မွေးပြီး သားဦး ဖြစ်လို့ အဖေတူအမေကွဲ ညီလေး ၊ ညီမလေးတွေကို အနိုင်ကျင့်လား ဆိုတာပါ။ အဖြေကတော့ အနိုင်မကျင့်တဲ့ အပြင် တုန်နေအောင် ချစ်တတ်ပါတယ်တဲ့… သိတယ်ဟုတ်?

ဂျက်စတင်က သူ့ညီမလေး Jazmyn ကို အရမ်းချစ်ပါတယ်။ ငယ်ငယ်လေးတည်းက သွားလေရာ ခေါ်သွားခဲ့ပေမဲ့ အခုတော့ ညီမဖြစ်သူက မြီးကောင်ပေါက်အရွယ်ရောက်လာပြီး သူကလည်း ပြတ်လိုက်ဆက်လိုက် အချစ်ရေးတွေနဲ့ ရှုပ်ထွေးနေတာကြောင့် ညီမလေးကို အချိန်မပေးနိုင်တော့ဘူးနဲ့ တူပါရဲ့။ Jazmyn က တစ်ခုခု လိုချင်တဲ့အခါ အကိုဖြစ်သူကို Boo Boo လို့ခေါ်ပါတယ်။

Related Article >>> ဂျက်စတင်ဘီဘာနဲ့ ပတ်သက်ခဲ့ဖူးတဲ့ ဆယ်လီမမများ

Beliebers တွေကတော့ Jazmyn ကို မင်းသမီးလေးလို့ တင်စားကြပါတယ်။ Jazmyn က အားလပ်ရက်တွေမှာဆို အကိုဖြစ်သူနဲ့ ဈေးဝယ်တူတူ ထွက်ပါတယ်။ Jazmyn ငယ်ငယ်တုန်းကလည်း မတော်လိုက်ရတဲ့ ယောင်းမလေး ဆယ်လီနာက အရမ်းဂရုစိုက် ချစ်တာကို ခံခဲ့ရပါသေးတယ်။ လျှောက်လည်တိုင်း တူတူခေါ်သွားပြီး တစ်ချိန်လုံး ချစ်ခင်ကြင်နာ ယုယစွာ ချီပိုးပေးခဲ့တာပါ။ အခုမှ မွေးလာတဲ့ ညီမလေး Bay ကတော့ Hailey နဲ့ပဲ တွေ့ရတော့မှာပေါ့..

ဂျက်စတင်နဲ့ ချစ်သူ Hailey တို့ ဇူလိုင်လမှာ စေ့စပ်ပွဲ ကျင်းပပြီးတဲ့နောက် ပျော်ရွှင်မှုတွေက အလုံးလိုက် အရင်းလိုက်ပါပဲ။ စေ့စပ်ပြီး အကြာကြီး အချိန်ဆွဲမထားချင်တဲ့ သူတို့နှစ်ဦးက လက်ထပ်ပွဲအတွက် စီစဉ်နေကြပါပြီ။ လက်ထပ်ပွဲကို မိသားစုဝင်တွေနဲ့သာ ကျင်းပပြီး ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် မလုပ်ချင်ဘူးလို့လည်း ကြားသိရပါတယ်။ ဒီရက်ထဲမှာ မင်္ဂလာဆောင်အတွက် ပြင်ဆင်နေရလို့ အလုပ်ရှုပ်နေတဲ့အချိန်မှာ ညီမအသစ်လေးကြိုဆိုပွဲအတွက် ပျော်ပျော်ကြီး အလုပ်ထပ်ရှုပ်နေကြတဲ့ သူတို့ကို တွေ့ရတာလည်း ကြည်နူးဖို့ အကောင်းသား…

ဂျက်စတင်ရဲ့ ညီမလေး နာမည်ကတော့ ဘီဘာမိသားစုဝင်တွေထဲမှာ အထူးအဆန်ပဲ ဖြစ်ပါတယ်။ ဂျက်စတင်တို့ မောင်နှမ သုံးယောက်စလုံးရဲ့ နာမည်က J နဲ့စပေမဲ့ ခုမှမွေးလာတဲ့ ညီမလေးရဲ့ နာမည်အစ စာလုံးကတော့ B ဖြစ်နေပါတယ်။ ဒါကြောင့် Bay Bieber ဆိုတဲ့ နာမည်ကို ပထမစာလုံး အပြည့်အစုံနဲ့ နောက်ဆုံးအစ စာလုံးကို ခေါ်လိုက်တဲ့အခါ Bay B (ဘေးဘီ) ဆိုတော့ ခေါ်ရတာ ချစ်ဖို့ ကောင်းနေမှာ အမှန်ပါပဲ။ ခေါ်ကြည့်တာပေါ့နော်…

ညီမလေး Bay ကို ချစ်သူ Hailey က ဆယ်လီနာလောက် ဂရုစိုက်ယုယ ကြင်နာတတ်ပါ့မလားဆိုတာကိုတော့ ပရိသတ်တွေက သိချင်နေကြပါတယ်တဲ့… ယောင်းတို့ရော မသိချင်ကြဘူးလား?

With love

Ei Mon (For Her Myanmar)

References : Elle.com, people.com

 

No Comments Yet

Comments are closed