ရက်အတော်ကြာ ပျောက်ဆုံးနေတဲ့ ထိုင်းကျောင်းသားလေး အားလုံးကို နောက်ဆုံးမှာ အသက်ရှင်လျက် ပြန်တွေ့

ခုမှ အလုံးကြီး ကျသွားတော့တယ်… 

ယောင်းတို့ အားလုံး ထိုင်း-မြန်မာ နယ်စပ် ချင်းရိုင်က အန္တရာယ်များတဲ့ ဂူထဲမှာ ပျောက်ဆုံးသွားတဲ့ ထိုင်းကလေး ၁၂ယောက်အကြောင်း ကြားကြမှာပါ။ အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပူးပေါင်းလို့ နည်းမျိုးစုံနဲ့ အပူတပြင်းရှာဖွေပြီး နောက်မှာတော့ ပြန်တွေ့ခဲ့ပါပြီ။

သူတို့လေးတွေဟာ ဇွန်လ ၂၃ရက်နေ့ကတည်းက ပျောက်ဆုံးသွားတာမို့ ပြန်တွေ့ချိန်မှာ ဆယ်ရက်မြောက်နေ့ ဖြစ်နေပါပြီ။ ကလေး၁၂ယောက်ကော နည်းပြကော အားလုံး အသက်ရှင်လျက်ရှိပါတယ်တဲ့။

ကလေးတွေဟာ ၁၁နှစ်ကနေ ၁၆နှစ်အရွယ် ရှိတဲ့ ကျောင်းသားလေးတွေ ဖြစ်ပြီး “Wild Bore” လို့ ခေါ်တဲ့ ကျောင်းတွင်း ဘောလုံးအသင်းကပါ။ သူတို့ဟာ သူတို့နည်းပြနဲ့အတူ တောထဲကို အပျော်ခရီးသဘောမျိုး ထွက်ခဲ့ကြပြီး Tham Luang ဂူကြီးထဲ ဝင်ခဲ့ကြတာပါ။ ကံဆိုးချင်တော့ ရုတ်တရက် မိုးတွေအသည်းအသန်ရွာပြီး ရေတွေကြီးလာတာကြောင့် ပြန်မထွက်လာနိုင်ဘဲ လွတ်ရာကို ဆက်သွားရင်း ဂူအနက်ထဲ ပိတ်မိနေကြတာပါ။

Related Article >>> ဆံသားနဲ့ ပတ်သက်ပြီး ယောင်းတို့ သိချင်သမျှ အဖြေများ (သိလိုရာမေးစေ)

ကိုးရက်လုံးလုံး ထိုင်းရေတပ်အပြင် အမေရိကန်၊ အင်္ဂလန်၊ ဩစတြေးလျနဲ့ တရုတ်က ကျွမ်းကျင်ရေငုတ်သမားတွေ ခက်ခက်ခဲခဲရှာခဲ့ကြပေမဲ့ မတွေ့ခဲ့ပါဘူး။ လက်မလျှော့ဘဲ ဆယ်ရောက်မြောက်နေ့မှာ နောက်ထပ် မီတာ၃၀၀ကျော် ၄၀၀လောက်ထိ စွန့်စွန့်စားစား ဆက်တိုးရှာတဲ့အခါမှပဲ လဲလျောင်းနေကြတဲ့ ကလေးတစ်သိုက်နဲ့ နည်းပြကောင်လေးကို ရှာတွေ့ခဲ့ကြပါတယ်။ အလင်းဒဏ်ကို မခံနိုင်တာနဲ့ အလွန်အမင်း အားနည်းနေတာကလွဲပြီး ၁၃ယောက်လုံး ကောင်းကောင်းမွန်မွန်ရှိကြပါတယ်။

ပြန်ရှာတွေ့ပြီဖြစ်တဲ့ ကလေးငယ်တွေ

ကြီးမားကျယ်ဝန်းလှတဲ့ Tham Laungဂူဟာ လိုဏ်ဂူပေါင်းများစွာနဲ့ အင်မတန်ရှုပ်ထွေးပြီး အန္တရာယ်များတဲ့ ဂူဖြစ်ပါတယ်။ ဂူကြီးမျက်မည်းထဲမှာ ဆယ်ရက်အထိ တောင့်ခံနိုင်တာ အင်မတန်အံ့ဩချီးကျူးစရာပါပဲ။

ပြန်တွေ့ပြီဆိုပေမဲ့ လုပ်ငန်းကတော့ မပြီးသေးပါဘူး။ အင်မတန်အားနည်းပြီး ထိတ်လန့်နေတဲ့ ကလေးတွေဟာ သူတို့ရောက်နေတဲ့ ဂူအနက်နေရာကနေ အပြင်ဘက်ကို ပြန်ရောက်ဖို့ နောက်ဆက်တွဲ အခြေအနေတွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရလိမ့်ယ်လို့ ဆိုပါတယ်။

အစိုးရဟာ ကျောက်ဂူထဲက ရေတွေကို ဖောက်ထုတ်ပစ်မှာဖြစ်ပြီး ကလေးတွေကတော့ ရေငုပ်ပြီး ပြန်ထွက်လာရမှာပါ။ ဒါကြောင့် ကယ်တင်ရေးရဲ့ နောက်အဆင့်ကတော့ ကလေးတွေကို ရေငုပ်နည်း သင်ကြားပေးမှာပဲ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ သူတို့ရဲ့ ကျန်းမာရေးအခြေအနေအရ ချက်ချင်းအပြင်မထုတ်သေးဘဲ အစားအစာတွေနဲ့အတူ ဆရာဝန်၊ သူနာပြုကို အထဲကို စေလွှတ် ကုသစေမယ်လို့ သိရပါတယ်။

မိဘတွေဆီ ရှောရှောရှူရှူ ပြန်ရောက်ဖို့ဆို ကျောင်းသားလေးတွေ ရှေ့ဆက်ဖြတ်ကျော်ရမယ့် စိန်ခေါ်မှုတွေ ရှိနေသေးပေမဲ့ သူတို့လေးတွေရဲ့ အသက်ရှင် ရပ်တည်နိုင်စွမ်း( survival skills)နဲ့ ကယ်ဆယ်ရေးအဖွဲ့သားတွေရဲ့ ကျွမ်းကျင်မှု၊ စေတနာတွေကြောင့် အက်ဒ်မင်ကတော့ အောင်အောင်မြင်မြင် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

By
Mia(For Her Myanmar)
Reference links: cnn.com bbc.com

No Comments Yet

Comments are closed