မိုးသည်းထဲကချစ်တဲ့သူ

“မိုးရေထဲကလူတစ်ယောက်၏အကြည့်တစ်ချက်ဟာ ယောင်းတို့နှလုံးသားကိုနာကျင်သွားစေခဲ့ဖူးသလား။´´

ဒီနေ့တော့ ကျွန်မရုပ်ရှင်လည်းမကြည့် Facebookလည်း မသုံးဖြစ်ဘဲ စာအုပ်တန်းမှ ဝယ်လာသောမင်းလူဝတ္ထုတိုပေါင်းချုပ်ကိုဖတ်နေမိသည်။ ၁၁နာရီကိုတော်တော်ကျော်ခဲ့ပြီမို့ နေ့လည်ကပင်ပန်းထားသောအရှိန်နှင့်ပေါင်းကာအိပ်ချင်စပြုလာပြီဖြစ်သည်။ သို့သော်အိပ်ရာထဲဝင်ဖို့ မစဉ်းစားမိသေး။ စာကိုသာတစ်ပုဒ်ပြီးတစ်ပုဒ်လှန်ဖတ်နေမိသည်။ ဇာတ်လမ်းတစ်ပုဒ်ထဲမှာ ဇာတ်လိုက်နှင့် ချစ်သူမိန်းကလေးတို့သည် အခြေအနေအရ ခွဲခွာခဲ့ကြရပြီး နှစ်အတော်ကြာတွင် ထိုမိန်းကလေးအိမ်ထောင်ကျ၍ ကလေးတစ်ယောက်ရမှပင် ပြန်ဆုံကြသည်။နှစ်ယောက်လုံး၏ ချစ်စိတ်လှိုင်းတို့ငြိမ်သက်သွားပြီဖြစ်သော်လည်း နောက်ဆုံးနှုတ်ဆက်ခါနီး မိန်းကလေး၏အကြည့်တစ်ချက်က အတိတ်ကိုပြန်သတိရသွားစေသည်။

အကြည့်တစ်ချက်တဲ့လား။ သူကျွန်မကိုအမှတ်တမဲ့လှမ်းကြည့်လိုက်သောအကြည့်တစ်ချက်ကိုပြန်သတိရမိလာသဖြင့် ရင်ထဲမှာကျင်ခနဲဖြစ်သွားသည်။ ကျွန်မလက်တွေကခါတိုင်းလိုပင် သူ့ ပုံလေးကိုအလွမ်းပြေကြည့်ရန် စာအုပ်စင်ပေါ်လက်လှမ်းလိုက်သည်။ သို့သော်နောက်မှကပ်ပါလာသော အသိစိတ်ကြောင့် ကြည့်မိသည့်အဆင့်သို့ မရောက်ခဲ့တော့။

ပန်းချီစာအုပ်ထူထူလေးကိုလှမ်းယူပွေ့ဖက်ထားရင်းသာငိုင်နေမိသည်။ တခြားတစ်ယောက်ကိုချစ်နေသည့်လူတစ်ယောက်၏ပုံကို ကျွန်မသိမ်းထားခွင့်ရှိရဲ့လား။ သူ့ပုံကိုကျွန်မသိမ်းထားပြီး သတိရတိုင်းထုတ်ကြည့်နေသည်ကို သူသိသွားခဲ့ရင် ဘယ်လိုလုပ်မည်နည်း။ ကျွန်မကိုသနားပြီး ချစ်လာမည်လား။ ဒီလိုတော့မဖြစ်နိုင်ပါ။ ကိုယ်မချစ်သောသူက ကိုယ့်ပုံကိုသိမ်းထားသဖြင့်စိတ်ဆိုးပြီးတစ်စစီဆွဲဖြဲလို့ လွှတ်ပစ်လိုက်လျှင်ရော။ အဲ့ဒီ့အစားကျွန်မကိုယ်တိုင်သာ မီးရှို့လိုက်သည်က ပိုကောင်းပေလိမ့်မည်။ ဒီလိုဆိုတော့လည်း ကျွန်မလက်တွေနှင့် ကိုယ်တိုင်ဆွဲခဲ့သောပုံလေးမို့ နှမြောမိပြန်သည်။ ချစ်ရသူ၏ ပုံမဟုတ်ဘဲ အနုပညာလက်ရာတစ်ခုအနေဖြင့် သဘောထားမည်ဆိုလျှင်ရော။ ခက်သည်က တိုက်ဆိုင်မှုရှိတိုင်း သူ့ ကိုသတိရ။ သတိရတိုင်းလည်းထုတ်ကြည့်။ ထုတ်ကြည့်တိုင်းလည်း လွမ်းမိနေသောကြောင့်ဖြစ်သည်။ ကျွန်မဒီပုံလေးကိုဆွဲခဲ့မိသောတစ်နေ့တာသည် အတိတ်မှာ မှုန်ဝါးဝါးသာကျန်ခဲ့သော်လည်း ထိုမြင်ကွင်းလေးကိုတော့မျက်လုံးမှိတ်လိုက်တိုင်းမြင်ယောင်နေမိသည်။ တစ်ချိန်က ကျွန်မကို ရင်တသိမ့်သိမ့်ခုန်အောင်ညှို့ငင်ဖူးသောအပြုံးလေးများနှင့် မိုးသည်းထဲမှ အမှတ်တမဲ့လွင့်စင်လာသောအကြည့်တစ်ချက်။

ထိုနေ့ကမိုးတွေရွာသောကျောင်းဖွင့်ရက်တစ်ရက်ဖြစ်သည်။ မိုးရွာထဲတွင် လမ်းထိပ်ထွက်ကာ ထီးတစ်ချောင်းနှင့် ဖယ်ရီစောင့်ရသောအလုပ်သည် အတော်စိတ်ညစ်ဖို့ကောင်းသဖြင့် ကျွန်မမိုးရာသီကိုမုန်းမိသည်။ သို့သော်ထိုနေ့ကတော့ Tutorial ပြီးခါစရက်ဖြစ်၍ အိပ်ရာထဲမှာ စောင်ကို ပုခုံးထိဆွဲခြုံပြီးကွေးနေရင်း ဇိမ်ယူရမည်ဟုအကြံထုတ်ထားသော်လည်း မအောင်မြင်လိုက်ပါ။ ဖေဖေရောမေမေပါ အလှူတစ်ခုသို့သွားနေသဖြင့် ကျွန်မကိုကျောင်းပြေးမည့်အတူတူ ဆိုင်စောင့်ခိုင်းခဲ့သည်။ သည်းထန်သောမိုးကြောင့် ဝယ်သူလည်းမလာ။ မီးကလည်းပျက်နေသဖြင့် ဖုန်းအားပင်သွင်းမရသောကြောင့် ကျောင်းသွားတက်ရတာကမှ အပျင်းပြေဦးမည်ဟုနောင်တရစွာတွေးလိုက်မိသည်။ ကောင်တာပေါ်မေးတင်ရင်း ဆိုင်တံစက်မြိတ်ရေတစ်လျောက်တစ်လျှောက်အရှိန်ပြင်းပြင်းစီးကျနေသော ရေများကို ငေးကြည့်နေစဉ် ကျွန်မရှေ့သို့ လူရိပ်တစ်ခုဖြတ်ခနဲရောက်လာသည်။

Related Article >>> နိဒါန်းတစ်ခုရဲ့ နိဂုံး

ဝတ်နေကျအင်္ကျီလက်ရှည်လေးကို လက်ခေါက်ဝတ်ထားသောသူသည် တစ်ကိုယ်လုံးမိုးစိုကာခိုက်ခိုက်တုန်နေသည်။

`ဟယ် မိုးတွေရွှဲလို့ပါလား ထီးမပါဘူးလား လာလေ အထဲဝင်´

ကျွန်မကအမြန်ကြိုဆိုလိုက်သော်လည်း သူသည် ရေစိုနေသော ဆံပင်များကို စိတ်လောနေဟန်ဖြင့် နောက်သို့သပ်ချလိုက်ပြီး

`မဝင်တော့ဘူး ကျွန်တော်အရေးတကြီးပြောစရာရှိလို့လာတာ၊ ဟိုလေ ကျွန်တော်…”

သူကျွန်မကိုအကြည့်လွှဲထားရာမှရုတ်တရက်စိုက်ကြည့်လိုက်သည်။မိုးရေစက်တို့ကြားမှသူ့အကြည့်သည် မျှော်လင့်ချက်များနှင့်ပြည့်နှက်ကာတောက်ပနေပြီး နှစ်နှစ်လုံးလုံး ကျွန်မမျှော်လင့်ခဲ့ရသော စကားတစ်ခုကိုထုတ်ပြောခဲ့သည်။ ဒါပေမဲ့ ကျွန်မလေ ဝမ်းသာဖို့ထက် မိုးရေတွေစိုရွှဲနေတဲ့ သူ့ကို ပိုစိုးရိမ်သွားသည်။ သူတို့အတန်းက Tutorial တွေမပြီးသေးမှန်းကျွန်မသိသည်။အအေးမိပြီးဖျားနာနေမှဖြင့်ဒုက္ခ။

စိုးရိမ်ပူပန်စွာဖြင့် ကျွန်မအိမ်ထဲသို့ အမြန်ပြေးဝင်လာခဲ့သည်။ မျက်နှာသုတ်ပုဝါတစ်ထည်ကို ကမန်းတတန်းထုတ်ယူပြီးအိမ်ပြင်ပြန်ပြေးခဲ့ချိန်မှာတော့ သူမရှိတော့ပါ။ ဆိုင်ပြင်လမ်းမအထိပြေးထွက်ကာရှာဖွေခဲ့သော်လည်း မတွေ့ရတော့ချေ။ ကျွန်မကတော့မိုးရေထဲမှာ သူ့နာမည်ကိုသာအော်ခေါ်နေခဲ့သည်။ ကျွန်မအသံကုန်ဟစ်ခါအော်ခေါ်ခဲ့သော်လည်း မိုးချုန်းသံတို့အကြားတွင် ကျွန်မအသံသည် တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ရသည်။ မိုးရေစက်တို့သည်သာ ကျွန်မမျက်နှာပေါ်သို့ရိုက်ခတ်ကာ မျက်ရည်များနှင့်ရောနှောရင်း ကျွန်မ၏ကြေကွဲမှုကိုအသိမှတ်ပြုသွားကြသည်။

ညဥ့်သန်းခေါင်ယံ အိမ်အပြင်မှာမိုးသည်းနေသော်လည်း ကျွန်မမိုးတွေရွှဲမနေပါ။ အိပ်ရာထဲတွင်သာနွေးထွေးစွာရှိနေခဲ့သည်။သို့သော် ကျွန်မမျက်နှာမှာတော့ မျက်ရည်တွေစိုရွှဲနေလေသည်။ ဟုတ်ပါသည်။ ထိုအဖြစ်အပျက်တစ်ခုလုံး အိပ်မက်တစ်ခုသာဖြစ်သည်။ မိုးကိုမုန်းသော ကျွန်မ မိုးအကြောင်းမက်ခဲ့သောအိပ်မက်တစ်ခုသာဖြစ်သည်။ သို့သော် မိုးတွေရွာတဲ့တစ်နေ့မှာ သူ့ကို ထိုအင်္ကျီဖြူလေးနှင့်ပင် တွေ့လိုက်ရသည်ကတော့အမှန်ပေ။ သူ့အကြည့်များသည် အိပ်မက်ထဲကအတိုင်းပင်တောက်ပနေခဲ့သည်။သို့သော်ထိုအကြည့်များသည် ကျွန်မထံသို့ မိုးရေစက်များထဲမှ အမှတ်မထင်လွင့်စင်လာခဲ့ခြင်းသာ။ ကျွန်မမြင်နေရသောမြင်ကွင်းလေးကို ဦးနှောက်ကမတားနိုင်ခင်မှာပင် ကျွန်မလက်ကအလိုလို ဆွဲမိလျက်သားဖြစ်သွားသည်။ ကျွန်မ၏ခံစားချက်များသည် စာရွက်ဖြူဖြူပေါ်တွင်မျဉ်းကြောင်းများအဖြစ်သို့သာပြောင်းလဲထွက်ပေါ်လာခဲ့ကြရသည်။

ပျော်ရွှင်နေသော အပြုံးပိုင်ရှင်၏ပုံလေးကို ကျွန်မဘာလုပ်ပစ်ရမယ်ဆိုတာမစဉ်းစားတတ်တော့ပါ။ စဉ်းလည်းမစဉ်းစားချင်တော့ပါ။ ပန်းချီစာအုပ်လေးကို ခပ်ငိုင်ငိုင်ကြည့်နေမိသောကျွန်မကို ပုံထဲက သူနှင့်ထီးအတူတူဆောင်းထားသောဆံပင်ရှည်နှင့်အင်္ကျီနီနီပိုင်ရှင်မလေးက လှည့်ကြည့်၍ လှောင်ရယ်နေမည်လားတော့မသိပါ။ လှောင်ပါစေတော့လေ။ အစကတည်းက ချစ်သူနှင့်သူ့ချစ်သူတို့၏ပန်းချီကားကိုဆွဲခဲ့မိသည်ကိုး။

Miyuki(For Her Myanmar)

Miyuki
Miyuki

Miyukiပါရှင့်။အသက်ကတော့ ၂၁ နှစ်ပါ။ ဘဝနေထိုင်မှုဆိုင်ရာဆောင်းပါးလေးတွေ ဝတ္ထု တိုလေးတွေနဲ့ review လေးတွေရေးမှာပါ။ Anime အရမ်းကြိုက်ပြီး စာဖတ်ရတာဝါသနာပါ ပါတယ်။ Yuki ရဲ့စာလေးတွေဟာ ယောင်းတို့ဘဝမှာတနည်းနည်းနဲ့အကူအညီပေးနိုင်တယ်ဆိုရင်ရေးရကျိုးနပ်ပါပြီရှင့်။