ရုံမတင်ခင်ကတည်းက နာမည်တွေကြီးနေတာ.. ကြီးလည်း ကြီးလောက်ပါပေရဲ့…

ဒီလိုမျိုး နောက်တစ်ကားလာမယ်ဆိုလည်း အချိန်မဆိုင်းဘူး ခုပဲ ပြေးကြည့်မှာ အချိန်ဘယ်လောက် ကုန်ကုန်

မြန်မာ့ရုပ်ရှင်လောကရဲ့ ရှားပါးအမျိုးသမီးဒါရိုက်တာတစ်ဦးဖြစ်တဲ့ Christina Kyi ရဲ့ ပွဲဦးထွက်ရုပ်ရှင်  “မုဒြာခေါ်သံ- Mudras Calling ” ရုပ်ရှင်အတွက် အက်ဒ်မင် ခံစားရသမျှကို ယောင်းတို့အတွက် ဦးဦးဖျားဖျား တင်ဆက်ပေးလိုက်ပါတယ်နော်…

အက်ဒ်မင်တစ်ယောက် ဒီရက်ပိုင်း ကံတွေကောင်းနေတယ်ဆိုရမလားပဲ။ လူတွေသည်းသည်းလှုပ်ကြည့်ချင်နေတဲ့ မုဒြာခေါ်သံ ရုပ်ရှင် Red Carpet Show ကိုကြည့်ဖို့ Our Actor Zenkyi Group ကနေ ကံစမ်းမဲပေါက်ခဲ့ပါတယ်။ (အားကျသွားတယ်မလား ယောင်း 😛 )

ဒီလိုဦးဦးဖျားဖျားလေးကြည့်ခွင့်ရတုန်း ချစ်ရတဲ့ယောင်းတို့ကိုလည်း အက်ဒ်မင့်လိုပဲ ခံစားစေချင်တာမို့ အညွှန်းလေးရေးပေးလိုက်ပါတယ်နော်။ အက်ဒ်မင်က ရုပ်ရှင်ပညာကိုတော့ ဘာမှသိပ်နားမလည်လှပေမယ့် သာမန်ရုပ်ရှင်ကြည့်ပရိသတ်တစ်ယောက်ရဲ့ အမြင်နဲ့ပဲ တင်ပြလိုက်ရပါတယ်။

ဇာတ်လမ်းအကျဉ်း

အမေရိကန်နိုင်ငံသား ဂျေဒင် ဝီလျံ ဟာ မြန်မာပြည်မှာမွေးဖွားခဲ့တဲ့ မြန်မာလူမျိုးတစ်ယောက်ဖြစ်ပေမယ့် ငယ်စဉ် မြန်မာပြည်မှထွက်ခွာသွားကတည်းက တစ်ခါမှပြန်မရောက်တော့သလို မြန်မာစကားလည်းမပြောတတ်၊ မြန်မာ့ယဉ်ကျေးမှုတွေနဲ့လည်း စိမ်းသူတစ်ယောက်ပါ။

သူဟာ သူရဲ့တက္ကသိုလ်ဘွဲ့ စာတမ်းကိစ္စကြောင့် မြန်မာ့ရိုးရာဂီတကိုလေ့လာဖို့မြန်မာပြည်ကိုလာရောက်ခဲ့ပါတယ်။ မြန်မာပြည်က မိတ်ဆွေအချို့ရဲ့ မိတ်ဆက်ပေးမှုကြောင့် Travel and Tour လုပ်ငန်းရှင်မလေး နှင်း ခေါ် နှင်းသူဇာ နဲ့ ရင်းနှီးခင်မင်ခဲ့ပါတယ်။ နှင်း ကသူ့ရဲ့မြန်မာပြည်ခရီးစဉ်အတွင်းမှာ ဧည့်လမ်းညွှန်အဖြစ် ကူညီပေးဖို့ ကတိပေးခဲ့ပြီး သူတို့တွေမြန်မာပြည်အနှံ့ခရီးထွက်လာကြပါတော့တယ်။

အတူတကွလေ့လာရေးခရီးထွက်ကြရင်း ဂျေဒင် ဝီလျံဟာ စာတမ်းပြုစုဖို့သက်သက် မြန်မာပြည်ကိုရောက်လာခဲ့တာမဟုတ်ဘဲ သူ့မှာ လျှို့ဝှက်ရည်ရွယ်ချက်တစ်ခုရှိကြောင်း နှင်း သိရှိသွားပါတော့တယ်။

ဂျေဒင် ရဲ့ လျှို့ဝှက်ချက်တွေကို နှင်း သိသွားချိန်မှာ ဂျေဒင်ကို ဆက်ကူညီပေးဦးမှာလား ….။

ဂျေဒင်ကရော သူမထင်မှတ်ထားတဲ့ သူ့ဘဝအကြောင်းကိုသိလိုက်ရချိန် ဘယ်လိုဆက်လုပ်မလဲ ……….။

ဒါတွေကို ဆက်သိချင်ရင်တော့ ၁၆.၃.၂၀၁၈ ကနေစပြီး ငွေရောင်ပိတ်ကားပေါ်မှာ ကြည့်ရှုနိုင်ပါပြီနော်…

Related Article>>> ယောင်းယောင်းတို့ပြောတဲ့ အကြိုက်ဆုံး ရုပ်ရှင်တွေ အကြောင်း

Mudras Calling

အက်ဒ်မင့်အမြင်

ဒီရုပ်ရှင်မှာ အက်ဒ်မင် အရမ်းကြိုက်ပြီး ရင်သပ်ရှုမောဖြစ်ရတာတော့ နောက်ခံတေးဂီတနဲ့ ရုပ်ရှင်ဓာတ်ပုံတွေပါ။ နောက်ခံတေးဂီတဆိုရင် ပုံမှန်မြန်မာရုပ်ရှင်တွေမှာ ကြားနေကျတီးလုံးမျိုးတွေမဟုတ်ဘဲ ဇာတ်ဝင်ခန်းတစ်ခန်းချင်းစီအလိုက် အသေးစိတ်ဖန်တီးထားမှန်း သိပ်သိသာပါတယ်။ နောက်ခံတေးဂီတကောင်းမွန်တာကြောင့် သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေဟာ ရုပ်လုံးပိုကြွလာပြီး ကြည့်ရှုသူပရိသတ်ကို ကောင်းကောင်းဖမ်းစားနိုင်ခဲ့ပါတယ်။ ရုပ်ရှင်ဓာတ်ပုံနဲ့ ကင်မရာရှုထောင့်တွေဟာလည်း ပုံမှန်မြန်မာရုပ်ရှင်တွေနဲ့ သိပ်ကွာခြားပါတယ်။ မြန်မာပြည်မှာမွေးပြီး ဒီရှုခင်း၊ ဒီပုံရိပ်တွေကို ထပ်တလဲလဲမြင်ဖူးနေကျဆိုပေမယ့် ထူးခြားတဲ့ ရှုထောင့်ကနေရိုက်ကူးထားတာကိုမြင်ရတဲ့အခါ ကိုယ့်အတွက် လုံးဝအသစ်အဆန်းလိုဖြစ်နေပါတယ်။ ဒီရုပ်ရှင်ထဲမှာ ပုဂံ၊ မန္တလေးနဲ့ ရှမ်းပြည်နယ်က ရှုခင်းတွေကို မတူတဲ့ရှုထောင့်ကနေ ရင်သပ်ရှုမောဖွယ်ရာ မြင်ရ တွေ့ရမှာပါ။

နောက်တစ်ခုက သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုဟာ အပိုအလိုမရှိကွက်တိပါပဲ။ ဒါရိုက်တာ ခရစ်စတီးနားခီရဲ့ပါရမီတစ်ခုဖြစ်တဲ့ ဇာတ်ပို့အသစ်တွေကို သူ့ဇာတ်ကောင်နဲ့လိုက်ဖက်အောင်ပုံသွင်းနိုင်မှုကို ပထမဆုံးရုံတင်တဲ့ရုပ်ရှင် ဥပါယ်တံမျဉ်လိုပဲ ဒီ မုဒြာခေါ်သံမှာလည်း ထပ်တွေ့ရပါတယ်။ (အမှန်တော့ မုဒြာခေါ်သံက အရင်ရိုက်ခဲ့တာပါ) အသစ်တွေဖြစ်တာမို့ ဇာတ်ကောင်ဈာန်ဝင်မှုမှာ အနည်းငယ်လိုအပ်နေတယ်လို့ ထင်မြင်မိပေမယ့် ရုပ်ရှင်ရဲ့ အရသာကတော့မပျက်စီးသွားပါဘူး။ မြန်မာ့ရုပ်ရှင်လောကက ဝါရင့်ဇာတ်ပို့ကြီးတွေကို ထည့်သုံးထားတာကိုလဲ နှစ်ခြိုက်မိပါတယ်။ ဒါရိုက်တာကောင်းတစ်ဦးရဲ့ ညွှန်ကြားမှုအောက်မှာ သရုပ်ဆောင်ကြီးတွေရဲ့ စွမ်းရည်ဟာ ပိုတောက်ပလာတယ်လို့ မြင်မိပါတယ်။

Related Article >>> Old but Gold ဆိုတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားများ

Mudras Calling

မင်းသမီးတွေဟာလည်း မိတ်ကပ်အဖွေးသားတွေ၊ မလိုအပ်ဘဲ အဝတ်အစားကို အလွန်အကျူး ဝတ်စားထားတာမျိုးတွေ မရှိပါဘဲ ဇာတ်လမ်းနဲ့လိုက်ဖက်တဲ့ သာမန်မိတ်ကပ်၊ သာမန်အပြင်မှာ ဝတ်လေ့ဝတ်ထရှိတဲ့ သာမန်မြန်မာဝတ်စုံတွေနဲ့ တွေ့ရပါလိမ့်မယ်။ မင်းသမီးဆိုရင် မိတ်ကပ်တွေနဲ့ ချောမောနုဖတ်နေတာမျိုးပဲ မြင်ဖူးနေကျပရိသတ်တွေအဖို့ စစချင်းမှာတော့ မင်းသမီး လှယဉ်ကျေးရဲ့ မိတ်ကပ်မပါတဲ့ မျက်နှာဟာ လှပခြင်းမရှိသလိုခံစားရပါလိမ့်မယ်။ ကြည့်နေကျသွားရင်တော့ သူ့ရဲ့ပင်ကိုယ်အလှကို ပိုခံစားတတ်လာပြီး ဘာကြောင့်ဒါရိုက်တာက မိတ်ကပ်မလိမ်းစေလဲဆိုတာ ပိုပြီး သဘောပေါက်မိပါလိမ့်မယ်။

ဇာတ်ညွှန်းဟာလည်း ဇာတ်လမ်းကို ကောင်းကောင်းပုံဖော်ပေးနိုင်တယ်လို့ထင်ပါတယ်။ ဒါပေမဲ့ အက်ဒ်မင်ရဲ့အမြင်မှာတော့ တစ်ချို့နေရာလေးတွေမှာ ဇာတ်ညွှန်းချိတ်ဆက်မှုနဲ့ တင်ပြမှု အားနည်းနေသေးသလိုခံစားမိတယ်။ နည်းနည်း ဘဝင်မကျဖြစ်မိတာတော့ ဒါတစ်ခုပဲ ရှိပြီး ကျန်တာအားလုံး အပြစ်ပြောစရာ ဘာမှကို မရှိတာပါ။ ဇာတ်ကောင်အချင်းချင်းပြောရတဲ့ Dialogue (ဒိုင်ယာလော့ခ် စကားပြော) တွေကလည်း ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျဖြစ်နေလို့ နှစ်ခြိုက်မိသလို စကားတွေအများကြီးမပြောရဘဲ စကားတစ်ခွန်းနဲ့တင် အဓိပ္ပာယ်အများကြီးသက်ရောက်အောင် ပုံဖော်နိုင်မှုကို သဘောကျမိပါတယ်။ တစ်ချို့နေရာတွေမှာ စကားလုံးတွေမသုံးဘဲ မျက်လုံးအကြည့်တွေ၊ အမူအရာတွေနဲ့ဇာတ်လမ်းကိုပုံဖော်သွားတာတော့ နောက်ပိုင်း မြန်မာရုပ်ရှင်တွေမှာ တွေ့ရနည်းလွန်းသွားပေမယ့် ခုတော့ မုဒြာခေါ်သံမှာ ပြန်မြင်တွေ့လာရပါပြီ။

Related Article >>> သင်ခန်းစာတွေအများကြီး ယူလို့ရနိုင်မယ့် ဘောလိဝုဒ်ဇာတ်ကား ၂ကား

Mudras Calling

အက်ဒ်မင်ရဲ့ တစ်ကိုယ်ရည်ခံစားချက်အရပြောရရင် အက်ဒ်မင်က မြန်မာ့ရိုးရာဂီတနဲ့ အကတွေကို နှစ်ခြိုက်သူမို့ မြန်မာ့ဂီတနဲ့ အကကို ဒီဇာတ်လမ်းမှာ အကောင်းဆုံးတင်ပြပေးသွားတဲ့ ဒါရိုက်တာ Christina Kyi ကို သိပ်ကျေးဇူးတင်မိပါတယ်။

အချုပ်ပြောရရင်တော့ မုဒြာခေါ်သံ ရုပ်ရှင်ဟာ ဝင်ငွေကောင်းစေဖို့ရည်ရွယ်ရိုက်ကူးတဲ့ စီးပွားဖြစ်ရုပ်ရှင်ကားမဟုတ်ဘဲ အနုပညာမြောက်စေဖို့ ပရိတ်သတ်အတွက် စေတနာအပြည့်နဲ့ဖန်တီးထားတယ်လို့ ရဲရဲကြီးပြောနိုင်တဲ့ ရုပ်ရှင်တစ်ကားပါ။ သွားကြည့်မယ်ဆိုရင်တော့ အချိန်ကုန်ရကျိုး၊ ငွေကုန်ရကျိုးနပ်စေမယ့် မြန်မာ့ရုပ်ရှင်ကားဖြစ်ကြောင်း အက်ဒ်မင်က ယောင်းတို့ကို လက်တို့လိုက်ပါတယ်နော်။

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane

ကျွန်မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။

error: Content is protected !!