မှားယွင်းတဲ့ရိုးရာယုံကြည်မှုတွေကို မီးမောင်းထိုးပြခဲ့တဲ့ အိန္ဒိယရုပ်ရှင်နှစ်ကား

ထိန်းသိမ်းရမယ့် အစဉ်အလာရှိတွေရှိသလို ပယ်ဖျက်သင့်တဲ့ အစဉ်အလာတွေလည်း ရှိတယ်ဆိုတာ …

ဒီတစ်ခေါက် အက်ဒ်မင်ပြောပြချင်တဲ့ ရုပ်ရှင်ကားနှစ်ကားကတော့ အိန္ဒိယနဲ့ ကမ္ဘာအနှံ့မှာ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားနှစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားတွေဟာ မှားယွင်းနေတဲ့ ရိုးရာအစဉ်အလာနဲ့ ယုံကြည်မှုတွေကိုတော်လှန်တဲ့ အတွေးအခေါ်တွေ၊ မှတ်သားလောက်စရာ အသိပညာတွေ ပေးစွမ်းနိုင်တာကြောင့် ယောင်းတို့အတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်…

ပထမဇာတ်လမ်းအမည်က Secret Superstar ဆိုတဲ့ ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းကို သီချင်းဆိုတာ အရမ်းဝါသနာပါတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်နဲ့အစပြုထားပါတယ်။ သူ(မ)ဟာ သီချင်းဆိုအရမ်းကောင်းပြီး နာမည်ကျော် အဆိုတော်အဖြစ် ဆုတွေ အများကြီး ပိုင်ဆိုင်ချင်တဲ့ အိပ်မက်ရှိတဲ့ ကောင်မလေးတစ်ယောက်ပဲပေါ့။ ဇာတ်လမ်းကို ဒီလိုအစပြုထားတော့ အက်ဒ်မင်တွေးခဲ့မိတာက “ဒီလိုကားမျိုးတွေက အက်ကြောင်းထပ်နေပါပြီ။ အခက်အခဲတွေ ထည့်ရိုက်ပြမယ်၊ သူက ပါရမီအရမ်းရှိတော့ အခက်အခဲတွေကိုကျော်လွှားပြီး အဆိုတော်ဖြစ်မယ်၊ ဒါပါပဲ”လို့ပါ။ ဒါပေမဲ့ အက်ဒ်မင်မှားသွားပါတယ်။ ဒီဇာတ်လမ်းက အရှေ့တိုင်းက အမျိုးသမီးငယ်လေးတွေ၊ အိမ်ထောင်ရှင် အမျိုးသမီးတွေအတွက် ထူးခြားတဲ့ အသိပညာတစ်ခုကို ပေးသွားပါတယ်။

ဒီဇာတ်လမ်းရဲ့ အကျဉ်းချုပ်ကိုပြောရမယ်ဆိုရင် ….

အင်ရှားဆိုသူ မူဆလင်အမျိုးသမီးလေးဟာ သီချင်းဆို အရမ်းဝါသနာပါတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အဆိုပါရမီထူးချွန်ပါတယ်။ သူဟာ အရွယ်နဲ့ မလိုက်အောင် အဆိုပညာ ထူးချွန်တယ်ဆိုပေမဲ့ သူ့ရဲ့ဝါသနာနဲ့ ပါရမီကို ပိတ်ပင်တားဆီးနေတဲ့အရာ တစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ အင်ရှားရဲ့ ဖခင်ပါပဲ။ ဒီအကြောင်းကိုပြောရမယ်ဆိုရင် အင်ရှားတို့ မိသားစုအကြောင်းကို အသေးစိတ်နားလည်ဖို့လိုအပ်ပါတယ်။ အင်ရှားတို့ မိသားစုမှာ ဖခင်ဟာ တစ်အိမ်လုံးမှာ သြဇာအကြီးဆုံးသူဖြစ်ပြီး တစ်မိသားစုလုံးဟာ သူ့စကားကို မြေဝယ်မကျနားထောင်ရပါတယ်။ အင်ရှားတို့ မိသားစုဝင်တွေကတော့ အင်ရှားရဲ့အဘွား (ဖခင်ရဲ့ အမေ)၊ အင်ရှား ရဲ့ အဖေနဲ့ အမေ၊ အင်ရှားနဲ့သူ့ရဲ့မောင်လေးတို့ပါပဲ။

Related Article >>> ချစ်ခြင်းမေတ္တာနဲ့ လူသားချင်းစာနာမှုအတွက်ဆို ဒီရုပ်ရှင်(၂)ကားကို ကြည့်ကြည့်ပါ။

Secret Superstar

အင်ရှားတို့ မိသားစုဟာ အမျိုးသားကိုပဲ ဦးစားပေးတဲ့ ရှေးရိုးစွဲတွေမို့ အင်ရှားရဲ့ မိခင်နဲ့ အင်ရှားတို့ဟာ ဘယ်တော့မှ မျက်နှာသာမရရှာပါဘူး။ အင်ရှားရဲ့ ဖခင်ဟာ မိခင်ကို ဘယ်တော့မှ မျက်နှာသာမပေးဘဲ အိမ်ဖော်တစ်ယောက်ထက်တောင် ဆိုးဆိုးဝါးဝါးဆက်ဆံတတ်တဲ့သူပါ။ စိတ်တိုင်းမကျတာ၊ အမှားလုပ်မိတာရှိတိုင်း ရိုက်နှက်နှိပ်စက်တတ်ပါသေးတယ်။ အင်ရှားရဲ့ မိခင်ဟာဆိုရင်လည်း ရှေးရိုးစွဲမိဘတွေမှာ မွေးဖွားလာသူဖြစ်တာကြောင့် ပညာမသင်ခဲ့ရလို့ စာတောင်မဖတ်တတ်ရှာပါဘူး။ မိဘပေးစားထားတဲ့ ယောကျာ်းဖြစ်သူအပါးမှာ ကျွန်တစ်ယောက်လို အမိန့်နာခံကာ ဝတ်ကြီးဝတ်ငယ် ပြုစုပေးနေရသူပါ။ ဒါပေမဲ့ အင်ရှားကိုတော့ သူ့လိုမဖြစ်စေချင်တာကြောင့် မိသားစုရဲ့ ဆန္ဒကိုဆန့်ကျင်ကာ ပညာတွေတတ်အောင်သင်ပေးပါတယ်။

အင်ရှားဟာလည်း သူတို့ ကျောင်းကကျင်းပတဲ့ ဂီတပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လိုပေမဲ့ အင်ရှားရဲ့ဖခင်ကခွင့်မပြုတာကြောင့် အင်ရှားက သူဝါသနာပါရာကို လုပ်နိုင်ဖို့တစ်ခုတည်းသော နည်းလမ်းကို ရွေးချယ်လိုက်ပါတယ်။ သူ(မ)ဟာ မူဆလင်အမျိုးသမီးတွေ ဝတ်ဆင်တဲ့ ခေါင်းဖုံး( nijab) ကို ဝတ်ဆင်ပြီး သူ့ရဲ့ မျက်နှာကိုဖုံးကွယ်၊ သီချင်းတွေဆိုကာ Youtube ပေါ်တင်လိုက်ပါတယ်။ သူမရဲ့ အနုပညာနာမည်က Secret Super Star (လျှို့ဝှက် အနုပညာရှင် လို့ပဲခေါ်ရမလား)  တဲ့။ နဂိုပါရမီရှိပြီးသား အင်ရှားဟာ Youtube မှာ ဖော်လိုဝါများစွာရကာ တစ်ဟုန်ထိုး နာမည်ကြီးသွားပါတယ်။ (လူတွေက အင်ရှားဟာ Secret Super Starဆိုတာတော့ မသိကြဘူးပေါ့လေ)

မွန်ဘိုင်းမြို့တော်က ဂီတပညာရှင် ရှာတီးကူမား(အမီးရ်ခန်း) က အင်ရှားရဲ့ ပါရမီကိုသတိပြုခဲ့မိပြီး သူမကိုမွန်ဘိုင်းအထိ ဖိတ်ခေါ်ကာ သီချင်းထုတ်ပေးဖို့ကမ်းလှမ်းလာတဲ့အခါ …..

အင်ရှားရဲ့ အနုပညာခရီးကို ဖခင်ကဘယ်လိုပုံစံမျိုးနဲ့ နှောင့်ယှက်မှာလဲ …..

အင်ရှားဟာ မိခင်ဖြစ်သူကို ဖခင်ရဲ့ဖိနှိပ်မှုကနေလွတ်မြောက်အောင်ကယ်တင်နိုင်မှာလား ….

ဒီရုပ်ရှင်ကနေ လူတွေကိုပေးချင်တဲ့အသိပညာကဘာများဖြစ်မလဲ ….

ဒါလေးတွေ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးသာ ပြေးကြည့်ကြပါတော့လို့.. 😉

Related Article >>> ယောင်းယောင်းတို့ပြောတဲ့ အကြိုက်ဆုံး ရုပ်ရှင်တွေ အကြောင်း

နောက်ထပ်တစ်ကားကတော့ Padman ဆိုတဲ့ အိန္ဒိယရုပ်ရှင်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ နာမည်ကျော်မင်းသား အက်ရှေးကူးမားနဲ့ မင်းသမီး ဆိုနမ်ကပူး၊ ရာဒီကာအစရှိတဲ့ သူတွေက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Pad Man

ဒီဇာတ်လမ်းဟာ တကယ့်အပြင်လက်တွေ့ဘဝက ဇာတ်လမ်းပါ။ ဟိုးတစ်ခေါက်က လူမှုကွန်ရက်တွေမှာ နာမည်ကြီးသွားတဲ့ #PadmanChallange ဆိုတဲ့ လှုပ်ရှားမှုလေး ရှိပါရောလား… ဒီလှုပ်ရှားမှုဟာ ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ လက်ရှ်မီးကြောင့်ဖြစ်လာခဲ့တာဆိုရင်…. ဒါဆို ဘယ်လိုအကြောင်းကြောင့် ဒီအရာတွေ ဖြစ်လာလဲ ဆိုတာ ကြည့်ကြရအောင်နော်.. 

အိန္ဒိယရဲ့ မထင်မရှားရွာလေးတစ်ရွာမှာ လက်ရှ်မီးနဲ့ ဂိုက်သရီးတို့ လက်ထပ်လိုက်ကြပါတယ်။ လက်ရှ်မီးဟာ ဇနီးဖြစ်သူ ဂိုက်သရီးကို အလွန်မြတ်နိုးပြီး ဘာမဆို ဖြည့်ဆည်းပေးချင်သူဖြစ်ပါတယ်။ လက်ရှမီးဟာ အတန်းပညာမတတ်ပေမဲ့ ပင်ကိုယ်ဉာဏ်ကောင်းပြီး တီထွင်ကြံဆတတ်သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့အသက်မွေးဝမ်းကျောင်းကလည်း စက်ပြင်ဆရာဆိုတော့ စက်နဲ့ပတ်သက်တဲ့ တီထွင်မှုအသေးစားလေးတွေကို လုပ်လေ့ရှိပါတယ်။ ဥပမာ သူ့မိန်းမကြက်သွန်းလှီးရင် မျက်ရည်ကျတတ်လို့ မျောက်ရုပ်လေးနဲ့ကြက်သွန်နီလှီးစက်လေးတီထွင်ပြုလုပ်ပေးတာမျိုးပေါ့။

တစ်ရက်တော့ မိသားစုထမင်းစားနေကြတုန်း ဇနီးဖြစ်သူဟာ ရုတ်တရက် အိမ်ရှေ့ကိုပြေးထွက်သွားပါတယ်။ လက်ရှ်မီးက ဘာကြောင့်လဲလို့မေးကြည့်တော့ အမျိုးသမီးပြဿနာလို့ ပြန်ဖြေပါတယ်။ လက်ရှ်မီးက ဒါဆိုလည်း အိမ်ထဲဝင်နေပါလို့ပြောလည်း လက်မခံခဲ့ပါဘူး။ ရိုးရာထုံးစံအရ ရာသီပန်းပွင့်ချိန်မှာ အိမ်အပြင်ထွက်နေရမယ်လို့ ဆိုပါတယ်။ မိသားစုကလည်း ဂိုက်သရီးဘက်က ထောက်ခံတာကြောင့် လက်ရှ်မီး ဘာမှမပြောသာတော့ပါဘူး။

ဒါပေမဲ့ ဂိုက်သရီးဟာ အလွန်ညစ်ပတ်တဲ့ အဝတ်အပိုင်းအစတွေကို ရာသီသွေးအတွက် အသုံးပြုတာကိုမြင်ရတဲ့အခါ လက်ရှ်မီးတစ်ယောက် နှုတ်ဆိတ်မနေနိုင်တော့ပါဘူး။ သူ့မိန်းမ သန့်သန့်ရှင်းရှင်းအသုံးပြုနိုင်ဖို့ ခေတ်မီလစဉ်သုံးဂွမ်းထုပ်ဝယ်ပေးတော့လည်း မိန်းမဖြစ်သူကဈေးကြီးလို့ မသုံးစွဲချင်ကြောင်းပြောပါတယ်။ ဒါကြောင့် လက်ရှ်မီးကအဝတ်စနဲ့ ဂွမ်းတွေကိုအသုံးပြုပြီး လစဉ်သုံးကို ကိုယ်တိုင်လုပ်ပေးပေမဲ့ ဂိုက်သရီးက အသုံးပြုရတာအဆင်မပြေကြောင်း သူမရဲ့ဝတ်စုံတွေညစ်ပေကုန်ကြောင်း ပြောပြီး သုံးနေကျ ညစ်ပတ်တဲ့အဝတ်စတွေကိုဆက်လက်အသုံးပြုပြန်ပါတယ်။

Related Article >>> ဓမ္မတာလာတာဟာ သဘာဝမို့ ရှက်စရာမဟုတ်ပါဘူး #Padmanchallenge

တစ်နေ့မှာတော့ အလုပ်သမားတစ်ယောက် အလုပ်ခွင်မှာ မတော်မဆဖြစ်လို့ဆေးခန်းသွားပြရင်း လက်ရှ်မီးဟာ သူ့အမျိုးသမီးအကြောင်း ဆရာဝန်နဲ့ဆွေးနွေးခွင့်ရခဲ့ပါတယ်။ဆရာဝန်က အမျိုးသမီးတွေ ရာသီသွေးဆင်းချိန်မှာ သန့်ရှင်းမှုကိုဂရုပြုသင့်ကြောင်း၊ ညစ်ပေတဲ့ အဝတ်စတွေကို အသုံးပြုတာကနေ ရောဂါပိုးကူးစက်ပြီး အသက်ဆုံးရှုံးသည်အထိ ခံစားရနိုင်ကြောင်းရှင်းပြပါတယ်။ဒါကြောင့် လက်ရှ်မီးက ညစ်ပေတဲ့ အဝတ်စတွေကို ဂိုက်သရီးမသုံးစေချင်လို့ လစဉ်သုံးတွေ ကိုယ်တိုင်လုပ်ပေးပေမဲ့ ဂိုက်သရီးက ခါးခါးသီးသီးကို ငြင်းဆန်ပါတယ်။ အမျိုးသမီးတွေရဲ့ကိစ္စမှာ လက်ရှ်မီးမပါဝင်ဖို့ အထိပြောပါတယ်။

သူလုပ်ပေးတဲ့ လစဉ်သုံးကအဆင်မပြေလို့ ဂိုက်သရီးမသုံးချင်တာကြောင့် သူစမ်းသပ်လုပ်ထားတဲ့ လစဉ်သုံးကိုအခြားအမျိုးသမီးတွေသုံးစွဲကြည့်ဖို့ လိုက်လံပြောရင်း လက်ရှ်မီးကို ရပ်ရွာကအထင်လွဲပြီး အပြစ်ဒဏ်ပေးဖို့အထိဆုံးဖြတ်လိုက်တဲ့အခါ …..

လက်ရှ်မီးရဲ့ စေတနာကို ဂိုက်သရီးတစ်ယောက်နားလည်လာမှာလား …..

လက်ရှ်မီးတစ်ယောက် ဂိုက်သရီးသုံးစွဲရ အဆင်ပြေမယ့် လစဉ်သုံးကိုတီထွင်ပေးနိုင်မလား …

လက်ရှ်မီးကို စာနာနားလည်ပေးမယ့်သူကော ရှိနိုင်ဦးမှာလား…

ဒါတွေကိုတော့ Pad Man ရုပ်ရှင်မှာ ဆက်လက် ရှုစားကြပါလို့….

ဒါတွေကတော့ ရိုးရာယုံကြည်မှု အစဉ်အလာကြီးမားလှတဲ့ အိန္ဒိယနိုင်ငံက မှားယွင်းတဲ့အစဉ်အလာအချို့ကိုတော်လှန်တဲ့အတွေးအခေါ်တွေ၊ အသိပညာတွေပေးတဲ့ နာမည်ကျော်ရုပ်ရှင်ကားတွေပါ။ မြန်မာနိုင်ငံဟာလည်း အိန္ဒိယလောက်မဆိုးပေမဲ့ မှားယွင်းတဲ့ ရိုးရာအစဉ်အလာတွေ၊ လူမှုစည်းကမ်းတွေ၊ အမျိုးသမီးတွေအပေါ်ခွဲခြားဆက်ဆံမှုတွေရှိနေဆဲပါ။ ဒါတွေပြောရင် ဒေါတွေ ပါလာတော့မှာမို့ ဆက်တော့ ပြောတော့ဘူးနော်… ဒီရုပ်ရှင် နှစ်ကားကတော့ တကယ်လည်း ပေးလိုက်ရတဲ့ အချိန်နဲ့ တန်မှာမို့ ကြည့်ဖြစ်အောင် ကြည့်ကြပါလို့….

Sugar Cane(For Her Myanmar)

No Comments Yet

Comments are closed