Movie Review

ဘယ်သူကိုမှ လျှော့တွက်လို့မရဘူးဆိုတာ ပြခဲ့တဲ့ ဘောလိဝုဒ်ရုပ်ရှင် (၂)ကား

လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး လျှော့တွက်လို့ မရဘူးဆိုတာ….

ဒီတစ်ခါ အက်ဒမင်ပြောပြချင်တဲ့ ရုပ်ရှင်ကားနှစ်ကားကတော့ ဘယ်လိုလူမျိုးကိုမှ အထင်မသေးဖို့၊ တစ်ဖက်သားက ဘယ်လိုအခြေအနေရှိသူပဲဖြစ်ပါစေ “ဒီလိုလူမျိုးလောက်ကတော့ ငါအနိုင်ကျင့်လို့ရပါတယ်၊ အနိုင်ယူလို့ရပါတယ်” လို့ မမှတ်ယူဖို့ရယ်၊ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး အကျင့်ပျက်ခြစားနေတဲ့ နိုင်ငံ အခြေအနေကို ကွင်းခနဲ ကွက်ခနဲ မြင်အောင် ဖော်ပြသွားတဲ့ ရုပ်ရှင်ကား နှစ်ကားပါ။ ဒီဇာတ်ကားတွေကို ယောင်းတို့သိပြီးသားလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်ကားတွေက အိန္ဒိယရုပ်ရှင်ကားတွေဖြစ်ပြီး အိန္ဒိတင်မကဘဲ မြန်မာအပါအဝင်အခြားနိုင်ငံတွေမှာပါ အောင်မြင်လူကြိုက်များခဲ့တဲ့ ရုပ်ရှင်ကားတွေပါ။ ဘောလီးဝုဒ်ကားတွေတော့ ကြည့်ချင်ပါရဲ့ အကခန်းတွေက အာရုံနောက်တယ်လို့ဆိုတဲ့ ယောင်းတို့အတွက်လည်း ဒီနှစ်ကားက သင့်လျော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ကားစလုံးမှာ အကခန်းတွေလုံးဝမပါဘဲ ဇာတ်လမ်းနဲ့လိုက်ဖက်တဲ့ ဇာတ်ဝင်တေးအချို့ပဲ ပါဝင်တာမို့ပါ။

ပထမဆုံးပြောပြချင်တဲ့ကားကတော့ “Drishyam” ဆိုတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားမှာ အိန္ဒိယနာမည်ကျော်မင်းသား အဂျေး နဲ့ နာမည်ကျော်မင်းသမီး တဗူးတို့က အားပြိုင်ပြီးသရုပ်ဆောင်ထားတာပါ။

Drishyam

ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် တော့ ဗီဂျေး (မင်းသား အဂျေး) ဆိုသူဟာ တောင်ပေါ်မြို့ငယ်လေးတစ်မြို့မှာ ကေဘယ်လ်တီဗီရုပ်သံလိုင်း (ရုပ်သံလိုင်းတွေကို အင်တာနာ၊ စလောင်းတွေနဲ့ မဟုတ်ဘဲ ကြိုးတွေနဲ့ ချိတ်ဆက်ကြည့်ရတဲ့ ရုပ်သံလိုင်း) ထုတ်လွှင့်တဲ့ လုပ်ငန်းကို လုပ်ကိုင်သူပါ။ သူဟာ မိဘမဲ့တစ်ဦးဖြစ်ပြီး လေးတန်းနဲ့ ကျောင်းထွက်ခဲ့ရသူဖြစ်ပါတယ်။ လက်ရှိမှာတော့ အတန်အသင့် အောင်မြင်တဲ့ လုပ်ငန်းတစ်ခု၊ ချစ်စရာကောင်းတဲ့ ဇနီးနဲ့သမီးလေးနှစ်ဦးကို ပိုင်ဆိုင်ထားပါတယ်။ ဗီဂျေးဟာ ရုပ်ရှင်ကြည့်ခြင်းကို အထူးနှစ်သက်သူဖြစ်ပြီး ရုပ်ရှင်ကြည့်ခြင်းအားဖြင့် ဗဟုသုတရှာမှီးတတ်သူပါ။ ရုပ်ရှင်ကားတွေကနေ ရရှိလာတဲ့ ဗဟုသုတတွေနဲ့ သူ့ဝန်းကျင်က လူတွေကို ကူညီပေးတတ်တဲ့သူလည်း ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ့ရဲ့ဗဟုသုတတွေကို သူကိုယ်တိုင်အတွက် အသုံးချဖို့ အကြောင်းဖန်လာပါတော့တယ်။

အကြောင်းအရင်းကတော့ သူ့ရဲ့ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူ အန်ဂျူးရဲ့အတန်းဖော်ကောင်လေး ဆမ် ဆိုသူက ကျောင်းရဲ့လေ့လာရေးခရီးတစ်ခုမှာ အန်ဂျူးရဲ့မဖွယ်မရာပုံတွေကို ဗီဒီယိုခိုးရိုက်တာကနေ အစပြုပါတယ်။ ဆမ်က အန်ဂျူးကို သူမရဲ့ဗီဒီယိုဖိုင်အင်တာနက်ပေါ်မပြန့်ချင်ရင် သူ့အလိုကိုလိုက်ရမယ်လို့တောင်းဆိုလာပါတယ်။ ဘာလုပ်ရမယ်မှန်းမသိတဲ့ အန်ဂျူးဟာ မိခင်ဖြစ်သူ နန်ဒနီကို ဖြစ်ကြောင်းကုန်စင်ရှင်းပြပါတယ်။ နန်ဒနီနဲ့ အန်ဂျူးဟာ ဆမ်နဲ့တွေ့ဆုံဆွေးနွေးရာမှ အချေအတင်ဖြစ်ကာ လက်လွန်ပြီး ဆမ်ကို သတ်လိုက်မိပါတယ်။

ဒီကိစ္စတွေကို သိလိုက်ရတဲ့ ဗီဂျေးဟာ ရဲတပ်ဖွဲ့နဲ့ ဉာဏ်ရည်ပြိုင်ပြီး သူ့မိသားစုကို ဒီအမှုထဲက ဆွဲထုတ်ဖို့ကြိုးစားပါတော့တယ်။ သူအဓိက ယှဉ်ပြိုင်ရမယ့်သူကလည်း ခေသူမဟုတ်ပါဘူး။ ရဲထောက်လှမ်းရေးချုပ် မီရာ (မင်းသမီး တဗူး) ဟာ ထက်မြက်လွန်းပြီး တရားခံတွေကို လုပ်ထုံးလုပ်နည်းနဲ့ ညီသည်ဖြစ်စေ မညီသည်ဖြစ်စေ သက်ညှာမှုကင်းကင်းနဲ့ ကိုင်တွယ်တတ်သူပါ။ မီရာဟာ ဒီအမှုကို လုပ်ငန်းသဘောအရ ကိုင်တွယ်မှာဖြစ်သလို လူမှုရေးအရလည်း ဆမ်ဟာ သူ့ရဲ့သားအရင်းဖြစ်တာကြောင့် သူ့ဗီဇအတိုင်း အမှုမှန်ပေါ်ဖို့ ဘာကိုမှ မထောက်မညှာဘဲ လုပ်မှာဖြစ်တာမို့ ဗီဂျေးတို့လို သာမန်မိသားစုအတွက်တော့ ဉာဏ်ရည်ထက် အခြားဘာကိုမှ အားကိုးလို့မရတော့ပါဘူး။

သူ့ရဲ့နောက်မှာ မှီခိုနေတဲ့မိသားစုသာရှိပြီး လေးတန်းသာအောင်တဲ့ ဗီဂျေး နဲ့ ရဲတပ်ဖွဲတစ်ခုလုံးနောက်ခံရှိတဲ့ ရဲချုပ်မီရာ သူတို့နှစ်ယောက်ရဲ့ ဉာဏ်ရည်ပြိုင်ပွဲမှာ ဘယ်သူက ဘယ်သူ့ကို အနိုင်ယူလိုက်နိုင်မှာလဲ ဆိုတာကိုတော့ “Drishyam” ဆိုတဲ့ ရုပ်ရှင်ကားမှာသာ ကြည့်ရှုကြပါတော့လို့…

Related Article >>> မှားယွင်းတဲ့ရိုးရာယုံကြည်မှုတွေကို မီးမောင်းထိုးပြခဲ့တဲ့ အိန္ဒိယရုပ်ရှင်နှစ်ကား

နောက်ထပ်ရုပ်ရှင်ကားကတော့ ပရိသတ်အချစ်တော် လက်ပွားမင်းသားလို့လည်း ခေါ်ကြတဲ့ Hrithik Roshan ပါဝင်သရုပ်ဆောင်ထားတဲ့ Kaabil ဆိုတဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။

Kaabil

ဒီဇာတ်လမ်းမှာတော့ လက်ပွားမင်းသားဟာ ကာတွန်းရုပ်ရှင်ဇာတ်လမ်းတွေမှာ အသံသရုပ်ဆောင် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်တဲ့ မျက်မမြင်လူငယ်လေး ရိုဟန်အဖြစ် သရုပ်ဆောင်ပါတယ်။ ရိုဟန်ဟာ အသံတုကို ကျွမ်းကျင်ပိုင်နိုင်စွာပြုလုပ်နိုင်တဲ့ စွမ်းရည်ရှိသူဖြစ်ပါတယ်။ တစ်ရက်မှာတော့ ရိုဟန်ဟာ သူငယ်ချင်းတွေရဲ့မိတ်ဆက်ပေးမှုနဲ့ ဆူပရီယားဆိုသူ အမျိုးသမီးလေးနဲ့ ဆုံဆည်းခဲ့ရပါတယ်။ ဆူပရီယားဟာလည်း မျက်မမြင်အမျိုးသမီးလေးဖြစ်ပေမဲ့ အမှီခိုကင်းစွာ ရပ်တည်နေတဲ့ လုပ်ငန်းခွင်ထဲက အမျိုးသမီးလေးပါ။ အဲဒီလိုနဲ့ ဘဝကိုအရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ရှိကြတာချင်း တူညီကြတဲ့ ရိုဟန်နဲ့ ဆူပရီယားတို့ ရွှေလက်တွဲလိုက်ကြပါတော့တယ်။

ဒါပေမဲ့ ရိုဟန်နဲ့ ဆူပရီယားတို့ရဲ့သာယာနေတဲ့ဘဝထဲကို အဖျက်အမှောင့်တစ်ခု ဝင်ရောက်လာပါတော့တယ်။ အမစ်ဆိုသူဟာ သူ့အစ်ကိုဖြစ်သူ နိုင်ငံရေးသမား နောက်ခံရှိနေတာကြောင့် အရပ်ထဲမှာ လူတကာကို အနိုင်ကျင့်တတ်သူတစ်ဦးပါ။ ရိုဟန်နဲ့ ကတောက်ကဆဖြစ်ဖူးတဲ့ ရန်ငြိုးကြောင့် တစ်ရက်မှာတော့ အမစ်နဲ့ သူ့နောက်လိုက်တစ်ဦးဟာ ရိုဟန်မရှိချိန် အိမ်ထဲကိုခိုးဝင်ပြီး ဆူပရီးယားကို မုဒိန်းကျင့်ကြပါတယ်။ ရိုဟန်ဟာ အမစ်ကို အမှုဖွင့်ဖို့ကြိုးစားသော်လည်း အမစ်နဲ့ သူ့နောက်ခံအင်အားရဲ့ ဖိနှိပ်အနိုင်ကျင့်မှုတွေကြောင့် လက်လျှော့လိုက်ရပါတယ်။

တစ်ရက်မှာတော့ ရိုဟန်အလုပ်က ပြန်လာချိန် ဆူပရီးယားဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာကို သိလိုက်ရပါတယ်။ ပထမတော့ ရိုဟန်ဟာ ပြီးခဲ့တဲ့အဖြစ်ဆိုးကြောင့် ဆူပရီးယားသတ်သေသွားတယ်လို့ ထင်ခဲ့ပေမဲ့ အဖြစ်မှန်က ယုတ်မာလွန်းတဲ့ အမစ်ဟာ ရိုဟန်မရှိချိန် နောက်လိုက်တစ်ဦးနဲ့ အတူဆူပရီးယားကို ထပ်မံမုဒိန်းကျင့်ကာ နောက်ထပ်လည်း အခွင့်အရေးရရင်ရသလို လာဦးမှာဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့လို့ဆိုတာ သိလိုက်ရတဲ့အခါ ……

မျက်မမြင်တစ်ဦးဖြစ်သလို ကျောထောက်နောက်ခံမရှိသော်လည်း ဉာဏ်စွမ်းနဲ့ အသံတုစွမ်းရည်ကိုအသုံးချပြီး လူယုတ်မာတွေကို ကလဲ့စားချေချင်တဲ့ ရိုဟန် နဲ့ ငွေကြေးနဲ့ အသိုင်းအဝိုင်း၊ အာဏာအစစအရာရာပြည့်စုံတဲ့ အာမစ်တို့ ညီအစ်ကို သူတို့တွေရဲ့ အားပြိုင်ပွဲမှာ ဘယ်သူက ဘယ်သူ့ကို လှလှပပအနိုင်ယူမှာလဲဆိုတာ သိချင်ရင်တော့ လက်ပွားမင်းသားရဲ့ “Kaabil” ဆိုတဲ့ ရုပ်ရှင်ကားမှာ အဖြေရှာကြည့်ကြပါနော်။

ခု အက်ဒ်မင်ဖော်ပြထားတဲ့ ရုပ်ရှင်ကားနှစ်ကားမှာ တူညီတာကတော့ ကိုယ်က ဘယ်လိုအခြေအနေမှာရှိသူပဲဖြစ်ပါစေ ဉာဏ်စွမ်းကိုသာ ပိုင်နိုင်စွာအသုံးချနိုင်ရင် ကိုယ့်ထက် အင်အားကြီးမားသူကိုတောင် စိန်ခေါ်နိုင်တာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်နှစ်ကားလုံးဟာ ဖျော်ဖြေမှုပေးနိုင်သလို အတွေးအမြင်ဗဟုသုတပေးနိုင်စွမ်းရှိတာကြောင့် ယောင်းတို့အတွက်ညွှန်းပေးလိုက်ပါရစေနော်။

Sugar Cane(For Her Myanmar)

Sugar Cane
Sugar Cane
ကျွန်မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *