Movie Review

Amir Khan ရဲ့ ကမ္ဘာကျော် ရုပ်ရှင်ကား (၅)ကား

ကြည့်လို့လည်း အရမ်းကောင်း၊ ကြည့်ပြီးပြန်တာ့လည်း တွေးစရာတွေအများကြီးကျန်ခဲ့တဲ့ရုပ်ရှင်ကားလေးတွေပေါ့ …

ဒီဘက်ခေတ်တွေမှာ ပရိသတ်အကြိုက်များလာတဲ့ ဘောလိဝုဒ်မင်းသား Aamir Khan ကို ယောင်းတို့သိကြမှာပါ။ အဲ့ဒီမင်းသားက ဘောလိဝုဒ်မှာ အောင်မြင်နေတာတော့ နှစ်ပေါင်းသုံးဆယ်ကျော်လာပါပြီ။ အခုနောက်ပိုင်းမှာ သူရိုက်ထားတဲ့ရုပ်ရှင်တွေက အရမ်းကိုအဓိပ္ပာယ်ပြည့်ဝပြီး မှတ်သားဖွယ်ရာကောင်းတာကြောင့် နိုင်ငံတကာကပါလက်ခံအားပေးတဲ့မင်းသားဖြစ်လာတာပါ။

ဒီတော့ ဘယ်ဇာတ်ကားတွေက ဘယ်လိုအကြောင်းတွေကြောင့် သူ့ကို ကမ္ဘာကျော်စေသည်ထိ စွမ်းဆောင်နိုင်ခဲ့တာလဲ? ဆိုတော့ကာ… ကမ္ဘာက နှစ်ခြိုက်အားပေးခဲ့ကြတဲ့ သူ့ရဲ့ ဇာတ်ကား (၅)ကားကို တူတူကြည့်ကြရအောင်နော်…

Like Stars on Earth: Taare Zameen Par (2007)

Like Stars on Earth: Taare Zameen Par

သူများနဲ့မတူဘဲ စာသင်ရခက်ခဲနေတဲ့ ကလေးငယ်တစ်ယောက်မှာလည်း အများနဲ့မတူ ထူးချွန်ပြောင်မြောက်တဲ့ အရည်အချင်းတွေ ရှိတယ်ဆိုတာနဲ့၊ မိဘ အုပ်ထိန်းမှု အတတ်ပညာ၊ ပညာသင်ကြားခြင်း အနုပညာ၊ အတတ်ပညာတို့ကို ပရိသတ်တွေ ရင်ထဲ ရောက်အောင် ရိုက်ကူးနိုင်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။ 

သားသမီးတွေကို ချစ်ကြတဲ့ မိဘတွေ၊ တပည့်တွေကို တော်စေတတ်စေချင်တဲ့ စေတနာရှိတဲ့ ဆရာတွေ မှန်ပေမဲ့ ကလေးတွေအပေါ် ပြုစုပျိုးထောင်ပုံတွေမှန်ကန်ရဲ့လား ကလေးတွေရဲ့ တစ်ဦးချင်းစီးမှာရှိတဲ့ သူမတူတဲ့ အရည်အသွေးတွေကို လျစ်လျူရှုပြီး ပုံစံခွက်ထဲ အတင်းထိုးသွင်းနေမိပြီလားဆိုတာကို မေးခွန်းထုတ်ထားတဲ့ ကားကောင်းတစ်ကားဖြစ်ပြီး ဒီဇာတ်ကားလေးရဲ့ ဆောင်ပုဒ်ကတော့ Every Child is Special ပါတဲ့။

Aamir Khan ကိုယ်တိုင် ထုတ်လုပ်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးဟာ အထူးအောင်မြင်ခဲ့ပြီး Walt Disney ကုမ္ပဏီကတောင် ပြန်လည်ဝယ်ယူထားတဲ့ကားဖြစ်တယ်လို့လည်းသိရပါတယ်။

Related Article >>> ဓမ္မတာလာတာဟာ သဘာဝမို့ ရှက်စရာမဟုတ်ပါဘူး #Padmanchallenge

Three Idiots (2009)

Three Idiots

ဒီဇာတ်လမ်းဟာလည်း လူအများလက်ခံထားတဲ့ ပညာရေးစနစ်ဆိုတာကို မေးခွန်းထုတ်ထားတဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး ဘွဲ့ရလူငယ်တွေ အလုပ်အကိုင်ရွေးချယ်တဲ့အခါ အများသဘောကျတဲ့ ဆရာဝန်၊ အင်ဂျင်နီယာ အစရှိတဲ့လုပ်ငန်းမျိုးမှာပဲ ဝါသနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ ဝင်ငွေနဲ့ ဂုဏ်ဒြပ်အရ ဝင်ရောက်လုပ်ကိုင်နေကြတာ မှန်ကန်ရဲ့လားဆိုတာ ပြန်လည်စဉ်းစားမိစေမယ့် ကားကောင်းတစ်ကားပါပဲ။  

ဒီဇာတ်ကားဟာ ထွက်ရှိခဲ့ပြီးနောက် လူငယ်တွေကြား အထူးအောင်မြင်ခေတ်စားခဲ့တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ လေးနက်တဲ့ အတွေးအခေါ်၊ သမားရိုးကျက ဖောက်ထွက်ထားတဲ့ အတွေးအခေါ်တွေနဲ့အတူ ဟာသတွေ တက္ကသိုလ်လူငယ်ဘဝပျော်ရွှင်မှုတွေ ရောနှောရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားလည်းဖြစ်ပါတယ်နော်။ 

PK (2014)

PK

အမြဲတမ်း လူ့လောကရဲ့ အယူအဆတွေ၊ ထုံးတမ်းစဉ်လာဓလေ့တွေကို တော်လှန်တတ်တဲ့ Aamir Khan ရဲ့အကျင့်အတိုင်းပဲ ဒီဇာတ်ကားမှာတော့ ဘာသာရေးအပေါ် မျက်ကန်းယုံကြည်တတ်ကြတဲ့ လူတွေအကြောင်း ရိုက်ပြထားပါတယ်။ အိန္ဒိယဟာ ဘာသာရေးနဲ့ပတ်သက်ရင် အကဲဆတ်တဲ့နိုင်ငံဖြစ်တဲ့အလျောက် PK ရုပ်ရှင်ဟာ ဝေဖန်မှုတွေအများကြီးခံရသလို အထူးအောင်မြင်ခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာတော့ Aamir ဟာ ကမ္ဘာမြေပေါ်ကလူတွေရဲ့ ယုံကြည်မှုတွေ၊ ထုံးတမ်းစဉ်လာတွေကိုနားမလည်နိုင်တဲ့ ဂြိုဟ်သားတစ်ယောက်အဖြစ် ဟာသမြောက်စွာသရုပ်ဆောင်ထားပါတယ်။

Related Article >>> ဘယ်သူကိုမှ လျှော့တွက်လို့မရဘူးဆိုတာ ပြခဲ့တဲ့ ဘောလိဝုဒ်ရုပ်ရှင် (၂)ကား

Dangal (2017)

နပန်းသမားဖခင်ကြီးက သမီးငယ်တွေကို နိုင်ငံ့လက်ရွေးစင် နပန်းအားကစားမယ်ဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးပုံအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အမျိုးသမီးငယ်တွေအပေါ် ခွဲခြားမှုတွေများတဲ့ အိန္ဒိယနိုင်ငံရဲ့ ရိုးရာဓလေ့တွေကို ပညာပေးထားတာတွေပါဝင်တဲ့ ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။

ဒီဇာတ်ကားကို ရိုက်ကူးတဲ့အခါ Aamir ဟာ ဇာတ်ကောင်စရိုက်ပီပြင်ဖို့အတွက် ဝိတ်တက်လိုက် ဝိတ်ချလိုက်နဲ့ အကြိမ်ကြိမ် အပင်ပန်းခံအားထုတ်ခဲ့တဲ့ ရုပ်ရှင်ကားတကားဖြစ်သလို ငွေကြေးအရလည်း အရမ်းအောင်မြင်တဲ့ကားတစ်ကားဖြစ်ပါတယ်။

Secret Superstar (2018)

Secret Superstar

နောက်ဆုံးထွက်ရှိထားတဲ့ ဒီဇာတ်ကားဟာလည်း နိုင်ငံတကာမှာ အထူးအောင်မြင်မှုရခဲ့တဲ့ကားတစ်ကားဖြစ်ပါတယ်။ အပေါ်ယံမှာတော့ သီချင်းဆိုဝါသနာပါတဲ့ ကောင်မလေးတစ်ယောက်အကြောင်း ဖြစ်ပေမဲ့ တကယ်တမ်းမှာတော့ အိန္ဒိယမှာ အမြစ်တွယ်နေတဲ့ အမျိုးသမီးတွေအပေါ်ခွဲခြားဖိနှိပ်မှုတွေနဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေအကြောင်း မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Like Stars On Earth နဲ့ ဒီ Secret Superstar ရုပ်ရှင်တွေရဲ့ထူးခြားမှုက Aamir Khan ပါဝင်သရုပ်ဆောင်ထားတယ်ဆိုပေမဲ့ ဇာတ်ပို့သာသာအခန်းကနေပဲ ဇာတ်လမ်းကိုပံ့ပိုးပေးတာပါ။ ဇာတ်ကားကောင်းတစ်ကားဖြစ်စေဖို့အတွက် မင်းသားနေရာက နေမှမဟုတ်ဘူး၊ ဘယ်နေရာကျကျ အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးတဲ့ Aamir Khan ရဲ့စိတ်ဓာတ်ကလည်း ချီးကျူးစရာပါပဲ။ ဆေးစက်ကျရာ အရုပ်ထင်ရတဲ့ တကယ့် အနုပညာရှင်တွေရဲ့ ချီးကျူးနှစ်သက်စရာ စိတ်ဓာတ်လေးပေါ့… 

ဖျော်ဖြေရေးရသတွေသာမက အတွေးအမြင်ကောင်းတွေကိုပါ ပေးစွမ်းတဲ့ Aamir Khan ရဲ့ ဒီဇာတ်ကားကောင်းတွေကို ယောင်းတို့ ကြည့်ဖူးကြမယ်ထင်ပါတယ်နော်… ကြာလည်း ကြာခဲ့ပြီကိုး ဇာတ်ကားတွေက။ မကြည့်ရသေးတဲ့ ယောင်းတို့လည်း ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ အက်ဒ်မင်က တိုက်တွန်းချင်ပါတယ်… တကယ် တကယ်ကို ကောင်းတဲ့ ဇာတ်လမ်းတွေမို့ပါနော်..

ယောင်းတို့ ပျော်ရွှင်ကြပါစေ…

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
ကျွန်မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *