Breadwinner (သို့မဟုတ်) ခေါက်ရိုးကျိုးနေတဲ့ လူအဖွဲ့အစည်းကို တော်လှန်ခဲ့သည့် အမျိုးသမီးတစ်ယောက်အကြောင်း

ကာတွန်းကားလေးတစ်ကားကနေ အမျိုးသမီးထုအတွက် ခွန်အားတွေ အများကြီး ရစေခဲ့တယ်ဆိုရင်…. 

Bread Winner ဆိုတာကတော့ ကမ္ဘာကျော် မင်းသမီး အင်ဂျလီနာဂျိုလီ ကိုယ်တိုင် ထုတ်လုပ်တဲ့ တာလီဘန်တွေထိန်းချုပ်ထားတဲ့ အာဖဂနစ်စတန်မှ မိန်းကလေးတစ်ယောက်ရဲ့ ကာတွန်းဇာတ်လမ်းလေးပါ။

အာဖဂနစ်စတန်က မိန်းကလေးတွေ ဘာလို့ခေါင်းမြီးခြုံထားကြရသလဲ။ ကိုယ့်ရဲ့ ယောက်ျား (သို့) သွေးချင်းတစ်ယောက်ယောက်မပါဘဲ ဘာလို့ အပြင်ထွက် ဈေးဝယ်လို့မရတာလဲ။ မိန်းကလေးတွေဟာ အဲ့ဒီနိုင်ငံမှာ ဘယ်လိုဆက်ဆံခံရသလဲ။ အော်စကာဆုပေးပွဲမှာ Best Animated Feature ဆုရထားတဲ့ဇာတ်လမ်းလေးဟာ မိန်းကလေးတွေရဲ့ စိတ်ဓာတ်ခွန်အားကို ဘယ်လိုပုံစံမျိုးနဲ့ ကြီးမားလာစေနိုင်သလဲ။ ယောင်းတို့ကို အမြည်းလေး ပြောပြမယ်နော်… 

  • ပုံပြင်တွေရဲ့ တန်ခိုး

ပုံပြင်တွေမှာ တန်ခိုးရှိတယ်ဆိုရင် နည်းနည်းအိုဗာများ ဖြစ်သွားတယ်လို့ ထင်မိသလား။ လူသားတစ်ယောက်ချင်းစီတိုင်းမှာ ဘဝဇာတ်လမ်းတစ်ပုဒ်စီ ရှိတတ်ကြပါတယ်။ အဲဒီအပြင် ကိုယ်ကြားဖူးတဲ့ ပုံပြင်တွေကလည်း ကိုယ့်ဘဝအပေါ်မှာ သက်ရောက်မှုရှိတယ်ဆိုတာလည်း ငြင်းလို့မရပါဘူး။ ယောင်းတို့ ငယ်ငယ်က နားထောင်ခဲ့ရတဲ့ နတ်သမီးပုံပြင်လေး ပြန်တွေးကြည့်ပါ။ ကလေးကလားဆန်တယ်လို့ တွေးမိကောင်းတွေးမိနိုင်ပေမယ့် ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တယ်မဟုတ်လား။ ဒါနဲ့ ဒီပုံပြင်တွေနဲ့ ဒီရုပ်ရှင် ဘာများဆက်စပ်နေလို့လဲလို့ မေးကောင်းမေးချင်လာပါလိမ့်မယ်။

ဒီဇာတ်လမ်းလေးမှာ အဓိကဇာတ်ဆောင် ကောင်မလေးက သူ့ရဲ့မိသားစု ခက်ခဲတဲ့အချိန်ကို တုန်လှုပ်စွာဖြတ်သန်းရတဲ့အချိန်မှာ ရဲရင့်တဲ့ ပုံပြင်လေးတစ်ခုကိုဖန်တီးပြီး ကြံ့ကြံ့ခံကျော်လွှားလိုက်တဲ့ ဇာတ်ကွက်က အရမ်းကို အနှစ်သာရ ရှိလွန်းလို့ ခုထိ ကာတွန်းကွက်လေးတွေ မျက်လုံးထဲ မြင်ယောင်နေတုန်းပါပဲ။ ကိုယ်ဘယ်တုန်းကမှ မထင်ခဲ့တဲ့ ဇာတ်အိမ်တည်ဆောက်ပုံလေးက ကိုယ့်ကိုမတူညီတဲ့ ရှုထောင့်ကနေ ကြည့်တတ်ဖို့ သင်ပေးလိုက်တဲ့အရာပါ။

  • ပညာရေးရဲ့ အရေးကြီးမှု

အမျိုးသမီးတွေ ပညာမသင်ရဆိုတဲ့ စနစ်အောက်မှာ ဖခင်ဖြစ်သူဟာ သမီး ၂ယောက်စလုံးကို စာတတ်အောင်ကို သင်ပေးပါတယ်။ ဘာသာစကားကိုလည်း တစ်ခုမကသင်ပေးပြီး အမျိုးသမီးတွေ ယောက်ျားသား တစ်ဦးတစ်ယောက်မှမပါဘဲ အပြင်မထွက်နဲ့ဆိုတဲ့ ဖိနှိပ်မှုအောက်မှာ ကိုယ့်သမီးအငယ်ဆုံးလေးကို အပြင်လောကကြီးနဲ့ အဆက်အသွယ်မပြတ်စေဖို့ ကိုယ်နဲ့မကွာ အမြဲခေါ်သွားတဲ့ ခြေတစ်ဘက်မရှိတော့တဲ့ ကျောင်းဆရာဟောင်းတစ်ယောက်ရဲ့ တည်တံ့တဲ့ခံယူချက်ကိုလည်း တွေ့ရမှာပါ။

အစပိုင်းမှာတော့ သမီးဖြစ်သူက စိတ်လိုလက်ရမဟုတ်ပေမဲ့ ကိုယ့်ရဲ့တံတိုင်းလို အားထားရတဲ့ ဖခင်က မတရားအဖမ်းခံလိုက်ရတဲ့အခါ စာတတ်တာဟာ သူတို့ရဲ့မိသားစု ရပ်တည်ရေးအတွက် အရမ်းကို တန်ဖိုးရှိလာတာကိုပါ ထည့်ပြီးရိုက်ပြထားတာကို တွေ့ရမှာပါ။ ခေတ်ကာလအခြေအနေတွေကို ရုပ်ရှင်ထဲ အချိတ်အဆက်မိမိ ထည့်သွင်းထားတာတင်မက ပညာရေးရဲ့ အရေးကြီးပုံကိုလည်း မသိမသာ ထည့်ပြီး ရုပ်ရှင်ကို ပြီးပြည့်စုံစေခဲ့တာက ဒီရုပ်ရှင် ဆုရဖို့အတွက်များဖြစ်စေခဲ့သလား?

Related Article >>> ၅၂၈ မေတ္တာကိုဖော်ကျူးထားတဲ့ Anime ရုပ်ရှင်ကား(၃)ကား

  • မိန်းမငယ်လေး တစ်ယောက်ရဲ့ ရဲရင့်ခြင်းနဲ့ လွတ်လပ်မှုအရသာ

ပိုက်ဆံရှိရင်တောင် မိန်းကလေးဖြစ်လို့ ပန်းသီးတစ်လုံးတောင် ဝယ်လို့မရတဲ့အခြေအနေ၊ ရေခပ်သွားလို့မရတဲ့အခြေအနေမှာ ကိုယ့်ဆံပင်ကိုဖြတ်လို့ ယောက်ျားလေးတစ်ယောက်လို ဝတ်စားပြီး ကိုယ့်အမေ၊ အစ်မနဲ့ မောင်လေးကို ဖခင်မရှိတဲ့ အချိန် ကာကွယ်စောင့်ရှောက်ပေးတဲ့ မိန်းကလေးကို အရမ်းချီးကျူးမိပါတယ်။ အဲဒီထက် အက်ဒ်မင့်ကို အံ့အားသင့်စေတဲ့ ဇာတ်ကွက်ကတော့ တားမြစ်ချက်တွေကြားထဲမှာ နေခဲ့ရတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ချက်ချင်းဆိုသလို ယောက်ျားလေးတစ်ယောက်လိုမျိုး ပြောင်းလဲလိုက်တဲ့အတွက် ရလာတဲ့ လွတ်လပ်မှုတွေအပေါ် အံ့အားသင့်စီးမျောတဲ့အခါမှာ ကိုယ်ကိုယ်တိုင်လည်း ဇာတ်လမ်းထဲကပေးတဲ့ ရသအပေါ် ထပ်တူခံစားကိုယ်ချင်းစာမိသွားတာပါ။

ယောင်းတို့ကို ဒီထက်ပိုအလင်းမပြတော့ဘူး။ ကြည့်ရတာပေါ့သွားမှာစိုးလို့လေ..  ကြည့်ဖြစ်အောင်ကြည့်ဖို့တော့ တိုက်တွန်းချင်တယ်။ ကြည့်ပြီး မတူတဲ့အတွေးလေးတွေ ရလာရင်လည်း ဒီပို့စ်ရဲ့ comment မှာ ရေးဖို့မမေ့နဲ့ဦးနော်။ နေကြာစေ့စားရင်း ရုပ်ရှင်အကြောင်းဆွေးနွေးကြစို့လား…

ကျေးကျေး ( For Her Myanmar )

No Comments Yet

Leave a Reply

Your email address will not be published.