သင်္ကြန်ကို ချစ်သည်…. ဒါပေမဲ့ မုန်းသည်

“ဟွန်းမေမေ ဆိုသည်မှာလေ မတော်ရသေးတဲ့ သားမက်ကို သိပ်ချစ်၊ မနာလိုဘူး ဟွန်း” ဆိုပြီး သူမ နွဲ့ဆိုးဆိုးလိုက်သည်။

အိုး ခြံထဲက ပိတောက်တွေတောင် အဖူးတွေ ထွက်နေတာ အများကြီးပါပဲလား။ အင်း သင်္ကြန်တောင် ရောက်တော့မှာပဲလေ။ သူမ ပိတောက်အကြောင်း တွေးရင်း စိတ်က လွန်ခဲ့ (၃) နှစ်က သင်္ကြန်အခါစီ ရောက်ရှိသွားသည်။ “သမီးရေ ဒီမှာ မောင်နောင် အောက်မှာ ရောက်နေတယ်။ အောက်ဆင်းခဲ့ဦး” ဆိုတဲ့ မေမေ့ခေါ်သံကြားတာနဲ့ သူမ အောက်ကို ဝုန်းဒိုင်းဆင်းခဲ့သည်။

ဒီနေ့အိမ်မှာ သင်္ကြန်အမှတ်တရ ရွှေရင်အေးလုပ်စားမှာမို့ မောင့်ကို မေမေ အိမ်လည်ခေါ်ထားသည်။ “သား မောင်နောင် များများစားနော်” ဆိုတဲ့ မေမေ့ ကရုဏာအသံနှင့်အတူ လက်က စေတနာပိုပို ရွှေရင်အေးပန်းကန်အပြည့်ထည့်ပေးနေတဲ့ မေမေရယ်လေ။ “ဟွန်းမေမေ ဆိုသည်မှာလေ မတော်ရသေးတဲ့ သားမက်ကို သိပ်ချစ်၊ မနာလိုဘူး ဟွန်း” ဆိုပြီး သူမ နွဲ့ဆိုးဆိုးလိုက်သည်။ ဟုတ်သည် မေမေက မောင့်ကို သားအရင်းတစ်ယောက်လိုချစ်သည်။

“မြန်မြန်တော်ချင်ပြီဟေ့ နှစ်ကုန်ရင် ယူကြတော့” ဆိုပြီး မေမေက မျက်စောင်းထိုးရင်း ပြန်ပြောသည်။ “ဟုတ်ကဲ့ မေမေ” ဆိုပြီး မောင်ကလည်း ပြန်ဖြေသည်။ “ဟွန်းနော် ယောက္ခမနဲ့ သားမက် တော်တော်အတိုင်ဖောက်ညီ ဒါနဲ့လေ မောင် မေ ပြောစရာရှိ”

“ပြောလေ မေ”၏

Related article >>> သင်္ကြန်တွင်း အိမ်တွင်းပုန်းသမားတွေရဲ့ စပယ်ရှယ် အားသာချက် (၄)ချက်

“မေလေ ဒီနှစ်သင်္ကြန် ရေပက်ခံထွက်ချင်တယ် မေ မြန်မာပြည် ပြန်ရောက်ကတည်းက သင်္ကြန်တစ်ခါမှ ထွက်မလည်ဖူးသေးဘူးရယ် လိုက်ပို့နော်” သူမ ပြောစကားကို မောင်က တွေတွေလေးငေးရင်း ပြန်ကြည့်နေသည်။ မေမေက “ညည်းကတော့ လုပ်ပြီ။ ထွက်မလည်ပါနဲ့ဆိုတာကို မရဘူး” “လုပ်ပါ မောင်ရယ်နော် နော်လို့”

“မောင် သင်္ကြန် မထွက်တာကြာပြီ မေရဲ့ သင်္ကြန်က ဟိုးအရင်လို မဟုတ်တော့ဘူးကွ အရင်လို မလုံခြုံတော့ဘူး” မောင့် ပြောစကားကို ကလေးဆန်ဆန် သူမ နှုတ်ခမ်းစူပြီး စိတ်ကောက်လိုက်သည်။

“မောင် မတရားဘူးကွာ မေက မသွားဖူးလို့ပါဆို နက်ဖြန် အကြတ်နေ့ တစ်ရက်ပဲ လိုက်ပို့ကွာ နော်လို့ နော်”သူမ မောင့်ကို ထပ်ဆိုးနွဲ့လိုက်သည်။

“ညည်းနော် မောင်နောင့်ကို ဂျီမကျနဲ့ မောင်နောင်က သင်္ကြန်ဆို နှစ်တိုင်း တရားစခန်းဝင်နေကျ ဒီနှစ် ညည်းပြန်လာတဲ့ရက်နဲ့ တိုက်နေလို့သာ သူမဝင်ဖြစ်တာ”

“ဟာ မေမေကလည်း တစ်ရက်တည်းပဲဟာကိုလို့”

“မသိဘူးအေ မောင်နောင် လိုက်ပို့မယ်ဆိုရင်တော့ သွား မောင်နောင်မပါရင် မသွားရဘူး ဒါပဲ” ဟုဆိုကာ မေမေ ထွက်သွားသည်။ ” မောင်……. လို့ တော်ပြီ မခေါ်တော့ဘူး” ဆိုပြီး ခြေဆောင့်အပေါ်ပြန်တက်မည်အပြု

“ကဲကဲ လိုက်ပို့ပါ့မယ် မယ်မင်းကြီးမရေ စိတ်တော့ကောက်တော်မမူပါနဲ့ မယ်မယ့်ကို ချော့ရတာ ကျားမြီးပဲ ပြေးဆွဲချင်တယ် မနက်ဖြန် မောင်လာခေါ်မယ် အဆင်သင့်လုပ်ထား”

Related article >>>> အချစ်ကို ယုံကြည်ကိုးစားလွန်းတဲ့ မိန်းကလေးတိုင်း ဖတ်သင့်တဲ့ စာအုပ်လေး ၂အုပ်

” ရေးးးး ဒါမှ တို့မောင်ကွ အာ့ဆို မေ့ သူငယ်ချင်းတွေပါ ခေါ်လိုက်မယ်နော် (၂)ယောက်တည်းဆို ပျင်းစရာကြီး” “ဟုတ်ပါပြီ မယ်မယ်ဖုရား သဘောအတိုင်းပါဖျာ့” နောက်ဆုံးတော့ သင်္ကြန်လည်ရတော့မည်။ လည်ရတော့မည်ဆိုသည့် အပျော်အတွေးကြောင့် သူမတစ်ညလုံး အိပ်မပျော်။ မနက်ကျတော့လည်း အစောကြီးထ အလှတွေပြင်ပြီး မောင့်ကို စောင့်နေလိုက်သည်။ (၈)နာရီလောက်ကျတော့ မောင် အမိုးဖွင့်ကားတစ်စီးနဲ့ ရောက်လာသည်။ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် လိုက်ခေါ်သည်။ အားလုံး တက်တက်ကြွကြွနဲ့ တစ်မနက်ခင်းလုံး လျှောက်လည်ကြသည်။ ပျော်တယ်ဆိုပေမယ့် စိတ်မကောင်းစရာတချို့တော့ တွေ့ရသည်။ တချို့တွေ အင်မတန်မှ မူးရူးနေကြသည်။

မောင်ကလွဲပြီး မိန်းကလေးတွေချည်းဖြစ်တဲ့ သူမတို့ကားကို မကြာခဏ စနောက် အော်ဟစ်သွားကြသည်။ ဒါပေမယ့် မောင်က သည်းခံတတ်သည်မို့ ပြဿနာတော့ မတက်။ နေ့လည်နေ့ခင်း ပန်းခြံတစ်ခုမှာ သူတို့ တထောက်နားကြသည်။ သူမတို့သူငယ်ချင်းမိန်းကလေးတစ်အုပ်စု အပေါ့အပါးသွားပြီး အပြန် လမ်းမှာ မူးရူးနေအောင် သောက်ထားတဲ့လူတစ်စု သူမကို အရက်တွေထည့်ထားတဲ့ရေနဲ့ လှမ်းပက်သည်။ စိတ်ဆတ်လွန်းတဲ့ သူမ သကောင့်သားတွေဆီ ဖျက်ခနဲရောက်သွားပြီး ပက်တဲ့ကောင်ကို “ဖြန်း” ခနဲနေအောင် ပါးချထည့်လိုက်သည်။

“ဟဲ့ကောင်မ မင်းက ဘာဖြစ်တာလဲ သင်္ကြန်မို့ပက်တာ မင်းက ဘာေ-ာက်ကြီးကျယ်တာလဲ” သကောင့်သားက မိုက်မိုက်ရိုင်းရိုင်းပြောသည်။ “ဟဲ့ ပက်တာလည်း အချိန်အခါနဲ့ ပက်ရတယ်ဟဲ့ ဒီလောက် နေလည်အချိန်ကြီး သူများတွေ နားနေတဲ့အချိန်မှာ နင်က အရက်နဲ့ ငါ့ကို ပက်တာလေ မိမဆုံးမ ဖမဆုံးမ အကောင် နင့်နှမကို ဒီလိုလုပ်ရင် ကြိုက်မလားဟဲ့” ဆိုပြီး ပြန်ရန်တွေ့လိုက်သည်။

ဒီလိုကိစ္စမျိုးဆို သူမ လုံးဝ သည်းမခံတတ်။ “ဆောရီးပဲ ငါ့မှာ ညီမလည်းမရှိဘူး အစ်မလည်းမရှိဘူး။ မကျေနပ်လည်း အဲ့မှာ လဲသေလိုက်ကောင်မ”ဆိုပြီး ပြန်တုံ့ပြန်သည်။ ရုတ်ရင်းဆန်ခတ်ဖြစ်သည်မို့ လူတွေကလည်း အုံကြည့်လာကြသည်။ ဝင်ဆွဲ ဝင်ဖြန်ပေးဖို့နေသာသာ ဗီဒီယိုတွေတောင် ရိုက်နေကြသေးသည်။ သူမ ရှက်ရမ်းရမ်းပြီး ပါးထပ်ချဖို့မြင်တော့ သူငယ်ချင်းမတွေက အတင်းဝင်ဆွဲသည်။

Related article >>>ထီးနန်းကိုစွန့်ပြီး ချစ်သူကို ရွေးချယ်သွားတဲ့ ရာဇဝင်ထဲက အချစ်တတ်ဆုံး လူသား

“ဟဲ့ ငါ့ကိုလွှတ် ဒီအကောင်တွေ လူးပါးဝနေတာ ငါ ပါးထပ်ချရမှကျေနပ်မယ်” “အံမာ ကောင်မကေ-ာက်ကြီးေ-က်ကျယ်နဲ့ ” ဆိုပြီး သူမသူငယ်ချင်းတွေကို အတင်းဖယ်ချပြီး သူမကို ဓားနဲ့လှမ်းထိုးလိုက်သည်။ အဲ့အချိန် “မေ” ဆိုပြီး အသံကျယ်ကြီးနဲ့လှမ်းခေါ်လိုက်တဲ့ မောင့်အသံနှင့်အတူ သူမကို မောင် တွန်းထုတ်လိုက်သည်။ သူမပြန်လှည့်ကြည့်မိတော့ အမလေး မောင် မောင်ရယ်လေ သွေးအိုင်ထဲမှာ လဲနေပြီ။

ဟိုကောင်ကတော့ ကြောင်ပြီးရပ်နေဆဲ။ သူ့သူငယ်ချင်းတွေကတော့ ထွက်ပြေးသွားသည်။ သူမ မောင့်ကို အပြေးသွားထူပြီး မောင့်ကို အတင်းလှုပ်နှိုးသည်။ မောင် မျက်လုံးလေးဖွင့်ပြီး ” မေ တွေ့လား မောင်ပြောသားပဲ သင်္ကြန်က အရင်လို မလုံခြုံတော့ပါဘူးလို့ နောင်ဆို မထွက်နဲ့တော့နော် မောင် မောင်……..” မောင့်စကားတို့ မဆုံးလိုက်။ မောင့်ကို ဘယ်လိုမှ ခေါ်မရတော့ပြီ။ သူမ မောင့်ကို အော်ခေါ်ရင်း မူးမေ့သွားသည်။ သူမ ပြန်နိုးလာတော့ ဆေးရုံပေါ်ရောက်နေပြီ။

မေမေ နဲ့ သူငယ်ချင်းတွေက သူမကို စိုးရိမ်တကြီးနဲ့ ကြည့်နေကြသည်။ “မေမေ မောင်… မောင်ရောဟင်” မေမေ မျက်နှာပျက်သွားသည်။ ” မောင်နောင် မောင်နောင် ဆုံးသွားပြီ သမီး” မေမေ့ရဲ့ စို့နင့်နင့် စကားသံနောက်မှာ သူမ ကမ္ဘာပျက်သွားသလို ခံစားလိုက်ရသည်။ အဖြစ်အပျက်တွေက လွန်ခဲ့တဲ့ (၃) နှစ်ကဆိုပေမယ့် သူမစိတ်ထဲမှာ မနေ့တစ်နေ့ကလို ပြတ်ပြတ်သားသားမှတ်မိနေဆဲပင်။ သြော် ကံတရားရယ်။ ရက်စက်လှပေစွ။

မောင့်လို လူရိုးလူအေးကြီးကိုမှ လောကကြီးကနေ အစောကြီး ခေါ်သွားရက်လေသလား။ မောင်ဆုံးတာ အခုချိန်ထိ ဖြေမရသေးဘူး မောင်ရယ်။ တကယ်လို့သာ သူမသာ သင်္ကြန်လည်ဖို့ မောင့်ကို မပူဆာခဲ့ဖူးဆိုရင်၊ သူမသာ ဟိုလူရမ်းကားတွေရဲ့ စော်ကားမှုကို ခွန်းတုံ့မပြန်ခဲ့ဖူးဆိုရင်၊ သင်္ကြန်လိုအချိန်အခါမှာ မောင်းဓားတွေဆောင်ထားတတ်တဲ့သူတွေရှိနိုင်တယ်ဆိုတာ သိထားခဲ့ရင် မောင် ဒီလိုအဖြစ်ဆိုးမျိုးတွေ ကြုံတွေ့ရမှာ မဟုတ်ဘူး မောင်ဆုံးတာ သူမကြောင့်ဆိုတဲ့ အတွေးက အမြဲတမ်း သူမကို စိုးမိုးထားသည်။ သူမသိထားခဲ့တဲ့ မြန်မာတို့ရဲ့ အတာသင်္ကြန်ဆိုတာ ဒီလိုမဟုတ်ဘူးလေ။ သူမသိထား နားလည်ထားခဲ့တဲ့ အတာသင်္ကြန်ဆိုတာ အပူတွေ ငြိမ်းဖို့ တစ်ယောက်နဲ့ တစ်ယောက် ရေလောင်း ရေပက်ကြတယ်။

ပျော်စေပျက်စေ စတုဒိသာ မုန့်လေးတွေ လုပ်ကြတယ်၊ ဝေကြတယ်၊ နောက်နောက်ပြောင်ပြောင်နဲ့ မုန့်လုံးရေပေါ်ထဲ ငရုတ်သီးထည့်လုံးကြတယ်။ သူတစ်ပါးကို မွှေးကြိုင်လိုတဲ့ စိတ်လေးနဲ့ နံ့သာရေလေးတွေ ထည့်ပြီးလောင်းကြတယ်။ အဲ့လိုမြင်ကွင်းမျိုးလေးတွေ မြင်ဖူးချင်လို့ မောင့်ကို သင်္ကြန် အလည်လိုက်ပို့ခိုင်းခဲ့မိတာပါ မောင်။ ခုတော့ အားလုံးဟာ တခြားစီဖြစ်နေပါပေါ့လား။ တော်တော်များများ မူးရူးနေကြပြီး နှမချင်းကိုယ်ချင်းမစာ လူသားချင်းမစာနာတဲ့ လုပ်ရပ်မျိုးတွေကို လက်မတွံ့ဘဲ လုပ်နေကြပါလား။

သြော် သူတို့ရဲ့ ခဏတာ အပျော်ကြောင့် အခုဆို မောင်တစ်ယောက် လောကကြီးက စွန့်ခွာခဲ့ရပြီလေ။ သင်္ကြန် ဘယ်တော့မှ မလည်တော့ပါဘူးမောင်။ သူမ အတိတ်ကို ပြန်လည်တွေးမိရင်း မျက်ရည်တွေ တလိမ့်ချင်းစီးကျလာသည်။ ခုတော့ ပိတောက်ကို မြတ်နိုးတဲ့သူမ၊ သင်္ကြန်ကို ချစ်တဲ့သူမ အခုတော့ သင်္ကြန်ကို မုန်းတတ်ခဲ့ပြီလေ။
Myat (For Her Myanmar)

Myat Moe
Myat Moe

နာမည်က မြတ်မိုးဆင့်ပါ. အသက်က ၂၀ ပါ. အပျိုကြီးမမပေါ့. For Her Myanmar မှာ Full time writer အနေနဲ့ စလုပ်မှာပါ. အားမနာဘဲနဲ့ သင်စရာရှိရင် သင်ပြီး ပြောစရာရှိရင် ပြောလို့ရပါတယ်. Love me more! ❤

error: Content is protected !!