Celebrity News Love Relationship

၁၉နှစ်ကြာ အိမ်ထောင်ရေးကို မပြိုကွဲအောင် ဒေးဗစ်နဲ့ဗစ်တိုးရီးယား ဘက်ခမ်းတို့ ဘာတွေကို ဘယ်လိုကျော်ဖြတ်ခဲ့ရလဲ?

ဘက်ခမ်းမောင်နှံဆိုရင် အားကျတဲ့သူပေါင်း မနည်း… <3 

Celebrityအသိုင်းအဝိုင်းမှာ ဆိုရင် ဘက်ခမ်းမောင်နှံကို မသိသူ ရှိမယ် မထင်ပါဘူး။ သားသမီး လေးယောက်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝကို ထိန်းသိမ်းထားကြပြီး ခုဆို အိမ်ထောင်သက် ၁၉နှစ်ထဲထိ ဝင်လာတာမို့ ရှားမှရှား အတော်လေးမြဲတဲ့ စုံတွဲလို့ ဆိုရမှာပါ။

တကယ်တော့ ခုလို အိမ်ထောင်ရေးမျိုး ဖြစ်လာဖို့အတွက် ဘက်ခမ်းမောင်နှံဟာ လက်တွေ့ဘဝထဲက လောကဓံရဲ့ စမ်းသပ်မှုတွေကို ကြံ့ကြံ့ခံ ကျော်ဖြတ်ခဲ့ကြရတာပါ။ ပုံမှန် အိမ်ထောင်သည်တွေ ကြုံတွေ့နေကျ ပြဿနာတွေကိုလည်း ထပ်တူ ရင်ဆိုင်ခဲ့ကြရပါသေးတယ်.. ဒါတောင်မှ ခုချိန်ထိ ချစ်ချစ်ခင်ခင်နဲ့ တည်မြဲနေကြတာ ဘာကြောင့်များလဲ?

သူတို့အကြောင်းကို ပြောရမယ်ဆိုရင်…

ဗစ်တိုးရီးယား နဲ့ ဒေးဗစ်ဘက်ခမ်းဟာ မန်ယူအသင်းရဲ့ နားနေခန်းမှာ မမျှော်လင့်ဘဲ စတွေ့ခဲ့ကြတာဖြစ်ပြီး ဒေးဗစ်က ဗစ်တိုးရီးယားကို မြင်မြင်ချင်း ချစ်မိသွားတယ်လို့ ဆိုပါတယ်။ ၁၉၉၉ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ရွှေပလ္လင်ပေါ် ထိုင်ပြီး မင်္ဂလာဆောင်တာရယ် ပေါင်တစ်သန်းတန်တဲ့ မင်္ဂလာပွဲတန်ဖိုးကြောင့်ရယ် လူပြောစရာဖြစ်ခဲ့ပါသေးတယ်။ သိပ်ချစ်တဲ့ လင်မယားနှစ်ယောက်ဟာ ပွဲတွေတက်တဲ့အခါ စုံတွဲ ဝတ်စုံဆန်းဆန်းလေးတွေဝတ်ပြီး အတူပွဲတက်၊ ပရဟိတဆိုလည်း နှစ်ယောက် အတူတူ လုပ်ကြဆိုတော့ သူတို့စုံတွဲကို လူတိုင်းအားကျခဲ့တာပေါ့။

ဒါပေမဲ့ သူတို့ရဲ့ အိမ်ထောင်ရေးဟာ အမြဲတမ်း ပျော်စရာတွေနဲ့ချည်း ကြုံတွေ့နေရတာ မဟုတ်ပါဘူး။ ၂၀၀၄ခုနှစ်မှာ ဘက်ခမ်းဟာ Rebecca Loosဆိုတဲ့ မော်ဒယ်လ်နဲ့ ဖောက်ပြန်နေပါတယ်လို့ စွပ်စွဲခံခဲ့ရပြီး စွပ်စွဲသူက တခြားမဟုတ်ပါဘူး။ Rebecca Loos ကိုယ်တိုင်ဖြစ်ပြီး သူ(မ)ဟာ David ရဲ့ personal assistance အဖြစ် လုပ်ပေးနေချိန်မှာ ငြိစွန်းခဲ့ကြတာပါလို့ ရုပ်သံအင်တာဗျူးတွေမှာ အခိုင်အမာပြောကြားခဲ့တာပါ။

ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ Sarah Marbeckဆိုတဲ့ မော်ဒယ်လ် နဲ့ Danielle Heathဆိုတဲ့ အလှဖန်တီးရှင် အမျိုးသမီးဟာလည်း ဒေးဗစ်ဘက်ခမ်းနဲ့ သူတို့ ဖောက်ပြန်ခဲ့ဖူးကြောင်း သတင်းမီဒီယာတွေမှာ အခိုင်အမာ ပြောကြားလာခဲ့ပါတယ်။ ဗစ်တိုးရီးယားကတော့ ဒါတွေဟာ သူတို့ဆီက ငွေလိုချင်လို့ လုပ်တဲ့ အကြံအဖန်သတင်းတွေ ဖြစ်ကြောင်း ပြောခဲ့သလို ဒေးဗစ်ဘက်ခမ်းကလည်း မဟုတ်ကြောင်း ငြင်းခဲ့ပါတယ်။

သူတို့လေးတွေ ငယ်ငယ်က

ဒါပေမဲ့လည်း ဒီပြဿနာတွေကြောင့် ဒေးဗစ်နဲ့ ဗစ်တိုးရီးယားဟာ ညတိုင်းလိုလို အကြီးအကျယ် စကားများ ရန်ဖြစ်ခဲ့ရပြီး ဗစ်တိုးရီးယားတစ်ယောက် ကိုယ်ဝန်ခုနစ်လ အရင့်အမာဖြစ်နေတဲ့အချိန်မှာတောင် ဒေးဗစ်ဘက်ခမ်းက ကွာရှင်းလိုက်ဖို့ထိ ပြောခဲ့တယ်လို့ ဆိုပါတယ်။ ပိုဆိုးတာက သူတို့ရဲ့ ကလေးထိန်းက သူတို့လင်မယားရဲ့ အတွင်းရေးသတင်း၊ ပြဿနာတွေကို သတင်းမီဒီယာတွေဆီမှာ ရောင်းစားခဲ့တာပါပဲ။

Related Article >>> မိသားစုဝင်အသစ်ရတော့မယ့် ဟယ်ရီနဲ့မက်ဂန်

ဒီအခြေအနေမှာတော့ နှစ်ယောက်လုံး စိတ်ဓာတ်တွေ အကြီးအကျယ်ကျခဲ့ကြပြီး တကယ် ကွာရှင်းမိတော့မယ့် အခြေအနေရောက်ဖို့ လက်တစ်ကမ်းပဲ လိုတော့ပါတယ်။ ဒါပေမဲ့ သားတွေရဲ့ မျက်နှာထောက်တာက တစ်ကြောင်း၊ ခင်ပွန်းဖြစ်သူကို ယုံကြည်တာက တစ်ကြောင်း ဗစ်တိုးရီးယားဟာ ဒေးဗစ်ဘက်ခမ်းနဲ့ ပြန်သင့်မြတ်ဖို့ ညှိနှိုင်းခဲ့ပြီး ခက်ခဲတဲ့ကာလတွေကို နှစ်ယောက်အတူတူရင်ဆိုင်ခဲ့ပါတယ်။

အကြည့်တွေ

ဘယ်သူတွေ ဘာပြောပြော၊ ဘယ်လိုပဲ နာမည်ပျက်ထွက်နေပါစေ ဗစ်တိုးရီးယားဟာ ဒေးဗစ်ဘက်ခမ်းအနားကနေ လုံးဝ ထွက်မသွားခဲ့ပါဘူး။ “အဲဒီကာလတွေဟာ ကျွန်မအတွက် အတော်လေး ကြမ်းတမ်းခက်ခဲခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်မတို့နှစ်ယောက်အတူ အဖြေရှာပြီး ကျော်ဖြတ်နိုင်ခဲ့တယ်လေ” လို့ ဗစ်တိုးရီးယားကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။

ဒေးဗစ်ဘက်ခမ်းကလည်း ဇနီးသည်နဲ့သားတွေကို မအားလပ်တဲ့ကြားက အချိန်ရအောင်ပေးပြီး အရင်ကထက် အတူရှိနိုင်ဖို့ ကြိုးစားလာပါတယ်။ နောက်ပြီး ဗစ်တိုးရီးယား ဖြစ်ချင်တာတွေ၊ သူ့ရဲ့ ဖက်ရှင်လုပ်ငန်းတွေကိုလည်း ပံ့ပိုးပေးခဲ့ပြီး ဇနီးသည်မအားလပ်တဲ့အခါ သားတွေအတွက် ဖခင်တာဝန်ကော မိခင်တာဝန်ကောပါ ကျေပြွန်ခဲ့ပါတယ်။

အသည်းတွေ စုစုစည်းစည်း

နာမည်ပျက်တွေ ဗလပွနဲ့ စိတ်ဆင်းရဲခဲ့ရတဲ့ ကာလတွေကို နှစ်ယောက် အတူ မကွဲမကွာ ရင်ဆိုင်ပြီးတဲ့နောက်မှာတော့ ဗစ်တိုးရီးယားနဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ အိမ်ထောင်ရေးဟာ အရင်လို ပြန်ပြီး သာယာခဲ့ပါပြီ။ အဆိုးဆုံးကာလတွေကို အတူကျော်ဖြတ်ခဲ့ကြတာမို့ နှစ်ယောက်လုံးဟာ ပိုရင့်ကျက်လာခဲ့ကြပြီး သူတို့ မိသားစုဘဝကလည်း အရင်ကထက် ပိုပြီး ခိုင်မြဲလာခဲ့ပါတယ်။

“ကျွန်မတို့ အိမ်ထောင်ရေးဟာ ခုဆို ယူပြီးခါစထက် ပိုပြီး သာယာလာတယ်” လို့ ဗစ်တိုးရီးယား က ပြောခဲ့ပါတယ်။ အခုဆို စတုတ္ထမြောက်ကလေးလေး ဟာပါဘက်ခမ်းကြောင့် ပိုတောင်ပျော်စရာကောင်းလာပါတယ်။သားချည်း သုံးယောက်ရှိရာကနေ မွေးဖွားလာခဲ့တဲ့ တစ်ဦးတည်းသော သမီးလေး မဟုတ်လား။

တကယ်တော့ အနောက်နိုင်ငံတွေမှာ မြဲမြံတဲ့ အိမ်ထောင်ရေးဆိုတာ တွေ့ရခဲပါတယ်။ အလုပ်များပြီး မိသားစုကို အချိန်မပေးနိုင်တဲ့အခါ (ဒါမှမဟုတ်) ခက်ခဲပင်ပန်းလာတဲ့အခါ သည်းမခံနိုင်ဘဲ ကွဲကြ ကွာကြ၊ နောက်အိမ်ထောင် ထပ်ပြုကြတာတွေ ဒုနဲ့ဒေးပါပဲ။ ဒီလိုအခြေအနေတွေထဲက တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အားပေးပံ့ပိုးမှု၊ သည်းခံခွင့်လွှတ်မှု၊ ညှိနှိုင်းမှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့ရဲ့ အိမ်ထောင်ရေးကတော့ တကယ်ကို လေးစားစရာပါပဲ။

ဘယ်နေရာရောက်ရောက်.. သူတို့က ထင်းနေတာပဲ

ဟိုးတလောကတောင် ဗစ်တိုးရီးယားရဲ့ instagramကို မွှေရင်းနဲ့ တွေ့လိုက်သေးတယ်။ အဲဒါကတော့ သူ့ရဲ့ ဖက်ရှင်လုပ်ငန်း အောင်အောင်မြင်မြင်နဲ့ ဆယ်နှစ်ပြည့်သွားပြီ ဖြစ်တဲ့အတွက်၊ သာယာတဲ့မိသားစုဘဝလေးကို ထိန်းထားနိုင်ခဲ့တဲ့အတွက်၊ ၁၉နှစ်ကာလအထိ သူ့ဘေးမှာ ရှိနေပေးတဲ့အတွက် ခင်ပွန်းဖြစ်သူကို ကျေးဇူးတင်ထားတဲ့ post လေးတွေပါ။ အားကျစရာလေးနော်…

အက်ဒ်မင်ကတော့ Brooklyn Beckhamကို ခုလို ချောမောခန့်ညားအောင် မွေးပေးခဲ့တဲ့ သူတို့ကို ကျေးဇူးတင်နေမိတော့ပါပဲ 😛 (ဤကား စကားချပ် :3 )

By

Mia (For Her Myanmar)

References : Daily Mail Eonline.com standard telegraph femalefirst.co.uk goalcast

Aye Mon Kyaw
Aye Mon Kyaw
ကျွန်မကတော့ Miaပါ။ အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး စာတွေ၊ ကျန်းမာရေးတွေ ရေးပေးမယ့်သူပါ။ foodieဖြစ်တာမို့ ဟင်းချက်နည်းတွေလည်း ရေးပေးမှာနော်။

Leave a Reply

Your email address will not be published. Required fields are marked *