Letters From Heart

မနက်ဖြန်ဆိုတာ မရှိတော့ဘူးလို့ သတ်မှတ်ပြီးချစ်ပါ…

မနက်ဖြန်ဆိုတာ တကယ်ကိုပဲ မသေချာတဲ့ နေ့ရက်တွေပါ…

အတွဲတစ်တွဲမှာ နားလည်မှု၊ ယုံကြည်မှု၊ ဖေးမမှုတွေက ဘယ်လောက်အရေးကြီးတယ်ဆိုတဲ့ အကြောင်းကို နှင်းဆောင်းပါးတွေ အများကြီးမှ အများကြီးရေးပြီးခဲ့ပါပြီနော်။ (ဆောင်းပါးတွေဖတ်ပြီး ဒုံရင်းကဒုံရင်းဆိုရင်တော့ တုတ်ကောက်ခဲ့ပါနော်။ -_- ) ဒီတစ်ခေါက်ကတော့ အချင်းချင်းအကျီစားသန်လွန်းပြီး ရန်များ ပြီးရင် မာနကြီးတစ်ခွဲသားနဲ့ ဘယ်သူအရင် စချော့ကြေး ဆိုတဲ့ ကစားနည်းကို ခဏခဏဆော့တတ်ကြတဲ့ စုံတွဲလေးတွေအတွက် ရေးတဲ့အိတ်ဖွင့်ပေးစာပါ ယောင်းတို့ရေ။

နှင်းတို့တွေ အများအားဖြင့် ကြုံတတ်ရတာက အတွဲတစ်တွဲမှာ ရန်ဖြစ်တဲ့အခါ ဘယ်သူမှားမှားမှန်မှန် ယောက်ျားလေးက မိန်းကလေးကို ချော့ကိုချော့ရမယ်ဆိုတဲ့ စံနှုန်းပါပဲ။ အမှန်တော့ (အများသောအားဖြင့်) မိန်းကလေးတွေရဲ့ သဘာဝကိုက အနုအရွလေးတွေ ကြိုက်တယ်၊ ကိုယ့်ကို ဦးစားပေး ချော့မော့နေတာကို သဘောကျတယ် စသည်ဖြင့် ရှိကြတော့ တော်တန်ရုံဆို ယောကျာ်းလေးတွေကလည်း နွဲ့ဆိုးလေးဆိုပြီး သိပ်မတွေးကြဘဲ ချော့လိုက်ကြတာပဲလေ။ ဒါပေမဲ့ ဘာဖြစ်လာလဲဆိုတော့ တစ်ခါတလေမှာ ကောင်မလေးက အချော့ခံချင်လို့ဆိုပြီး မရှိရှိတဲ့အကြောင်းတွေကို မီးမောင်းထိုးရှာဖွေ ပြောဆိုရင်းနဲ့ တမင်ကိုစိတ်ဆိုး၊ စိတ်ကောက်တာတွေ လုပ်လာကြတော့ ယောကျာ်းလေးတွေကလည်း စိတ်မရှည်တော့ မချော့ချင်တာမျိုး ဖြစ်လာတဲ့အခါ တစ်ဘက်နဲ့ တစ်ဘက် အတင်းလွန်ပြီး အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက် တာမျိုးဖြစ်လာကြတာပေါ့။

Related Article >>> Self-esteemလို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်အောင် ဘယ်လိုနေကြမလဲ

အမှန်တော့လေ ဒီစံနှုန်းကိုက မှားနေတာလို့ နှင်းတော့ထင်တယ်။ ဘာလို့လဲဆိုတော့ လိင်မခွဲခြားဘဲ သူလည်းလူတစ်ယောက်၊ ကိုယ်လည်းလူတစ်ယောက်လို့ သတ်မှတ်ပြီး စဉ်းစားကြည့်လိုက်ရင် ဘာပဲဖြစ်ဖြစ် ကိုယ်မလုပ်ထားတဲ့ အပြစ်တစ်ခုကို ခဏခဏတောင်းပန်ရတဲ့အခါ ဘယ်သူမဆို စိတ်ပျက်မှာပဲလေ။

နောက်ပြီး အရင်ချော့တဲ့လူက ပိုချစ်တယ်ဆိုတော့ ကိုယ်ကရော ပိုချစ်ပြီး ပိုသဘောထားကြီးတဲ့လူ မဖြစ်ချင်ဘူးလား? ချော့တယ်ဆိုတဲ့နေရာမှာလည်း ကိုယ်ကအတင်းကာရော ရစ်ပြီးဂျစ်နေလို့ သူချော့ရတာထက်စာရင် သူ့ဘာသာစိတ်ထဲက လိုလိုလားလားရှိလို့ ချော့နေတာက ပိုမကောင်းဘူးလား?

‘သြော် ကိုယ်က ဒီလိုမှ ဈေးမကိုင်ရင် သူကရောင့်တက်မှာပေါ့’ ဆိုရင်တော့ ယောင်းရဲ့ ချစ်ခြင်းအပေါ်တိုင်းတာထားတဲ့ ပေတံက အရမ်းတိုလွန်းတယ်လို့ပဲ ပြောပါရစေ။ တကယ်ချစ်ရင် ဘာလုပ်ပေးရမယ် ညာလုပ်ပေးရမယ် ဆိုတဲ့ အများသတ်မှတ်ထားတဲ့ စံနှုန်းတစ်ခုကနေ ခွဲထွက်ပြီး ကိုယ့်ချစ်သူရဲ့ အခြေအနေ၊ သူ့ရဲ့မူရင်းပုံစံ စသည်ဖြင့် အားလုံးကို ခြုံငုံပြီး ‘သြော် သူငါ့ကို တကယ်ချစ်ရှာပါတယ်’ ဆိုတဲ့စိတ်မျိုး ကိုယ့်ရင်ထဲ အသည်းထဲကနေ နက်နက်နဲနဲယုံကြည်ပြီး လက်ခံနိုင်အောင်ပဲ ကြိုးစားပါ။ သူများ သတ်မှတ်ထားတဲ့ ဘောင်ထဲ ကိုယ့်ကိုယ်ကိုယ် မထည့်ပါနဲ့။ သီးသန့်ကမ္ဘာကို ကိုယ်ပိုင်သီးသန့်တည်ဆောက်ပါ။

‘ဟင့်အင်း မသိဘူး။ လာချော့ ကျန်တာဘာမှမစဉ်းစားချင်ဘူး’ လို့တွေးထားရင်တော့ ‘မနက်ဖြန်ဆိုတာ ဘယ်တော့မှမတည်မြဲဘူး’ ဆိုတဲ့ သဘောတရားကို ခေါင်းထဲမှာတွေးကြည့်လိုက်ပါ။ ကိုယ်ကအခု စိတ်တွေဆိုး၊ ရန်ဖြစ် စိတ်ကောက်ပြီး မာနတစ်ခွဲသားတွေနဲ့ အိပ်ရာဝင်၊ မနက်လည်းကျရော သူကတစ်ခုတစ်စုံ မတော်တဆဖြစ်သွားရင်ရော? ငါသူ့ကို မနေ့က စိတ်မကောက်ခဲ့ရင် အကောင်းသား၊ ငါသူ့ကို စိတ်ဆိုးဆိုးနဲ့ ဒီလိုထိခိုက်စေမယ့် စကားလုံးတွေ မပြောခဲ့ရင် အကောင်းသား ဆိုတဲ့စိတ်ကြီးနဲ့ တစ်သက်လုံး နောင်တရနေပါလိမ့်မယ်။

Related Article >>> ချစ်သူနှစ်ဦးကြား နားလည်မှုကို ဒီလိုတည်ဆောက်ပါ

ယောင်းတို့ရေ… ဖြစ်နိုင်ရင်လေ လူလူချင်းပဲ ဆိုတဲ့စိတ်လေးနဲ့ သူ့ဘက်ကိုယ့်ဘက်ကို အမြဲကြည့်ပေးပါ။ ညှိနှိုင်းပေးပါ။ ငါက အဖြူကြိုက်လို့ နင်လည်း အမည်းမကြိုက်ဘဲ အဖြူပဲကြိုက်ရမယ် ဆိုတာမျိုးအစား ငါတို့နှစ်ယောက်ပေါင်းပြီး မီးခိုးကို ပြောင်းကြိုက်ရင်ကြိုက်၊ ဒါမှမဟုတ်ရင်လည်း သူလည်းသူ့စိတ်ကြိုက်ရွေးချယ်၊ ကိုယ်လည်း ကြိုက်တာတစ်ခုကို စိတ်ကြိုက်ရွေးချယ်။ ဒီလိုလေးတွေ ညှိနှိုင်းပြီး နေသွားတာ ပိုကောင်းပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်၊ စိတ်ကောက်ကြရင်လည်း မာနတွေတစ်ခွဲသားနဲ့ ဟန်ဆောင် ဥပေက္ခာတွေပြုနေမယ့်အစား၊ သူမချော့မချင်း ငါ့ဘက်လည်း နိုးပါလို့ တင်းခံနေမယ့်အစား တစ်ယောက်ကိုတစ်ယောက် နားလည်မှုလေးတွေနဲ့ပဲ ရှေ့ဆက်ပြီး သွားပါ။ ငါတို့နှစ်ယောက်အတွက် မနက်ဖြန်ဆိုတာ မရှိတော့ဘူးလို့ စိတ်ထဲမှာမှတ်ပြီး နောင်တတွေ မရှိလောက်တော့တဲ့အထိ ဖေးမရင်းပဲ တည်ဆောက်ပါ။ ယောင်းတို့အားလုံး ယောင်းတို့ရဲ့ ချစ်ရသူတွေနဲ့ ပိုကောင်းတဲ့နေ့သစ်တွေဆီကို လျှောက်လှမ်းနိုင်ပါစေနော်။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလှအပ၊ ဖက်ရှင်၊ gym နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ အချစ်ရေး စတဲ့ကဏ္ဍတွေကို အဓိကထားရေးတဲ့ စာရေးသူပေါက်စလေး တျောက်ပါ 😁 အခွီနဲ့ စိတ်ဓာတ်ခွန်အားပေးစာတွေကိုလည်း ဒဲ့တိုးတွေ ရေးတတ်ပါသေးတယ် 😛

Leave a Reply

Your email address will not be published. Required fields are marked *