Letters From Heart

အားနာတတ်တဲ့စိတ်ကို ဘယ်လိုဖျောက်ရမလဲ။

အားလည်းနာရင်းနာရင်း ခါးလည်းပါရင်းပါရင်း လုံးပါးပါးလာရသော ယောင်းတို့အတွက်

အားနာတတ်တယ်ဆိုတာ ကိုယ့်ကြောင့်မို့လို့ တစ်ဖက်သားထိခိုက် နစ်နာသွားလေမလား။ တစ်ခုခုများဖြစ်သွားလေမလားဆိုပြီး တွေးပူရင်း ကိုယ်ပြောမယ့်စကား၊ ကိုယ်လုပ်မယ့် ကိစ္စတစ်ခုကို ရုတ်သိမ်းလိုက်တာပါ။ နောက်ပြီး အားနာတတ်တယ်ဆိုတာကလည်း မြန်မာလူမျိုးတွေရဲ့ ချစ်စရာဓလေ့တစ်ခုဖြစ်နေပေမဲ့ သူများကို ကြည့်လွန်းတော့ ကိုယ့်အတွက်လည်း ထိခိုက်တာတွေ အရမ်းများလာတဲ့အခါ ဒီစိတ်ကလေးကို တစ်ချို့နေရာမှာ ကြိုးစားပြီး ဖျောက်ဖို့လိုပါလိမ့်မယ်။ ဆိုတော့ အားနာလွန်းပြီး ခါးပါနေတဲ့ ကိစ္စကနေလွတ်ဖို့ အဲ့ဒီစိတ်ကြီးကို ဒီလိုလေးဖျောက်ကြည့်ရင်ရော?

(၁) ငြင်းဖို့အားမနာပါနဲ့။

ငြင်းပါ။ ကိုယ်မလုပ်ချင်တာကို မလုပ်ချင်ဘူးလို့ ပြောပြီးငြင်းပါ။ မစားချင်တာကို အတင်းလာကျွေးရင်လည်း မစားချင်ဘူးလို့ငြင်းပါ။ ဟိုနေရသွားမယ် ဒီနေရာသွားမယ်ဆိုပြီး လာခေါ်တဲ့အခါ မလိုက်ချင်ဘူးဆိုရင် တည့်ငြင်းပါ။ ဒါပထမဆုံး နဲ့အရေးကြီးဆုံး အဆင့်ပါပဲ။

Related Article >>> ငြင်းတတ်ကြပါစေ

(၂) ကိုယ့်ကိုယ်ကိုယ် အနစ်နာခံပြီး သူများတွေကို ကူညီနေခြင်းများ ရပ်လိုက်ပါ။

သြော် သူ့ခမျာ ဒုက္ခများနေရှာတယ် သွားစရိတ်လာစရိတ်မရှိရှာဘူး။ ငါက လမ်းလျှောက်ပြန်လည်း ရပါတယ်လေဆိုပြီး ကိုယ့်ရဲ့ရှိစုမဲ့စု ပိုက်ဆံများ အလှူပေးသလို ပေးနေခြင်းများ ရပ်တန်းကရပ်ပါ။ ဘယ်သူမဆို ကိုယ်ပိုင်အပူနဲ့ ကိုယ့်ဘဝကိုယ်ရှိနေပြီးသားမို့  ရှိရှိသမျှသာ လိုက်အကူအညီတွေ ပေးနေရရင် လုံးပါးပါးသွားပါလိမ့်မယ်။

(၃) အတ္တကြီးဖို့ဝန်မလေးပါနဲ့။

တစ်ခါတလေ အတ္တကြီးလို့ရပါတယ်။ ကိုယ့်အတွက်လည်း အရမ်းကြီး မပြေလည်ဘူး (သို့) လိုအပ်နေတယ်ဆိုတဲ့ အခြေအနေမှာ တစ်ခုခုအကူအညီလာတောင်းရင် ဒီနေရာအထိ တကူးတက လာရတာဆိုပြီး အားနာတဲ့စိတ်နဲ့ ကူညီလိုက်ဖို့ မစဉ်းစားပါနဲ့။ သူ့အတွက် အရေးတကြီး လိုအပ်နေတာမျိုး ဟုတ်ဟုတ်မဟုတ်ဟုတ် သူ့အတွက်နဲ့ ကိုယ့်အတွက် ယှဉ်လာရင် ကိုယ့်အတွက်ကိုယ် ပိုဦးစားပေးပါ။ (အချိန်တိုင်းအတွက် ပြောတာမဟုတ်ဘူးနော်.. )

(၄) သူ့ကိုကူညီတိုင်း သူကပြန်ကူညီမှာမဟုတ်ဘူး ဆိုတာကို သတိရပါ။

ကိုယ်က ဘယ်နေ့ဘယ်အချိန်တုန်းက ဘယ်လိုမျိုးအနစ်နာခံပြီး ကူညီခဲ့ရတာ။ သူ့အလှည့်ကျတော့ ဒီသေးသေးလေးတောင် မလုပ်ပေးချင်ဘူးလို့ စိတ်ထဲမှာဖြစ်သွားရင် ဒါက တကယ့်လူ့ဘဝအမှန်လို့ ပြောပါရစေ။ လူတိုင်းမှာ ကိုယ့်လိုစိတ်မျိုးမရှိပါဘူးနော်။ သူတို့စိတ်ပါရင် ကူညီမယ်၊ မပါရင် ကိုယ်ဘာပဲလုပ်ပေးခဲ့လုပ်ပေးခဲ့ အဖက် ပြန်လုပ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ကူညီပေးပြီးရင် သူ့ဆီက ဘာမှမျှော်လင့်မနေပါနဲ့တော့။ တစ်ခုခုလိုလို့ အကူအညီသွားတောင်းတော့မှ ဟိုကအဖက်မလုပ်ရင် ကိုယ့်ကိုယ်ကိုယ် ခေါင်း (၃) ချက်လောက်ခေါက်ပြီး “ခံရပြန်ပြီဟဲ့ နောက်တစ်ခါ” လို့ ၃ ခါအသံကုန်ဟစ်အော်ပြီး နောက်တစ်ခါ မကူညီမိအောင် ဆင်ခြင်ပါ။

Related Article >>> မက်စ်စီကိုနိုင်ငံက ကျောချမ်းဖွယ် အရုပ်ကျွန်း

၁၀ ခါမှာ ၉ ခါကူညီခဲ့ရင်တောင် အဲ့ဒီမကူညီတဲ့ တစ်ခါကို လူတွေက အမြဲ အမှတ်ရနေတတ်ကြပါတယ်။ ဘယ်လိုပဲ ကိုယ်က ကူညီတတ်တယ် ကောင်းပါတယ်ဆိုတဲ့လူ ဖြစ်နေပါစေ၊ တစ်ခါလောက် မကောင်းလိုက်တာနဲ့ ကိုယ်ကမကောင်းဘူးဆိုတာမျိုး ဖြစ်မယ့်အတူတူ အရမ်းအားနာမနေဘဲ ကိုယ်ကူညီသင့်တဲ့အတိုင်းအတာ တစ်ခုလောက်ထိပဲ ကူညီလိုက်တာ ပိုအဆင်ပြေပါလိမ့်မယ်။ ဒါပေမဲ့ နှင်းက တစ်ကိုယ်ကောင်းဆန်ဖို့ပြောတာ မဟုတ်ပါဘူးနော်။ အရမ်းအားနာတတ်တော့ ကြာရင် ကိုယ့်ကို ထိခိုက်ရင်း ထိခိုက်ရင်းနဲ့ စိတ်ဓာတ်တွေပါကျလာမှာစိုးလို့ပါ။ စိုတဲ့လက် မခြောက်စကောင်းဆိုတာကို မေ့ထားလိုက်ပါ။ အမြဲတမ်း တသမတ်တည်းမနေဘဲ အခြေအနေအလိုက် လိုက်လျောညီထွေ နေရင်း ငြင်းစရာရှိတာ ငြင်း၊ လိုက်လျောသင့်တာ လိုက်လျောရင်း ဘဝကို သာယာချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါစေကွယ်… 

Hnin Ei Oo ( For Her Myanmar )

Hnin Ei Oo
Hnin Ei Oo
အလှအပ၊ ဖက်ရှင်၊ gym နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ အချစ်ရေး စတဲ့ကဏ္ဍတွေကို အဓိကထားရေးတဲ့ စာရေးသူပေါက်စလေး တျောက်ပါ 😁 အခွီနဲ့ စိတ်ဓာတ်ခွန်အားပေးစာတွေကိုလည်း ဒဲ့တိုးတွေ ရေးတတ်ပါသေးတယ် 😛

Leave a Reply

Your email address will not be published. Required fields are marked *