experience Letters From Heart

နူးညံ့တဲ့လက်ချောင်းလေးတွေ ပါးရိုက်ပစ်ဖို့လည်း ဝန်မလေးသင့်တော့ပါ

ဘာဝတ်ထားလဲမှ မသိတာလို့ မပြောရဘူးနော်။ လူတစ်ယောက်ရဲ့ ဆန္ဒသိက္ခာကို အဝတ်အစားကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ မထိန်းသိမ်းနိုင်ဘူးဆိုတာ ခေါင်းထဲဘာတွေနဲ့များ ပြည့်နေတဲ့လူတန်းစားမို့လဲ?

ယောင်းတို့လမ်းလျှောက်နေတုန်း လမ်းမှာ ပါးစပ်သရမ်းခံရ၊ ဟိုဟိုဒီဒီတွေ အစခံရတာမျိုးရှိဖူးလားဟင်။ အရင့်အရင်တုန်းက အဲ့လိုသရမ်းခံရတယ်၊ ဒီလိုအခွင့်အရေးယူခံရပါတယ်ဆိုပြီး ပိုစ့်တွေတက်လာတော့ ကိုယ်တကယ်ကြီးမကြုံဖူးလို့ အရမ်းအထိတ်တလန့် ဖြစ်သွားတာမျိုးမရှိခဲ့ဘူး။ ဒါပေမဲ့ ကိုယ်တိုင်တကယ်ကြီး ကြုံလာရတဲ့အချိန်မှာတော့ သြော် ဒီလိုအောက်တန်းကျတဲ့သူတွေ တကယ်ရှိတာပါလားဆိုပြီးတော့ တော့ ဖြစ်သွားတာပေါ့။ ဘယ်လိုမျိုးကြုံလာလဲဆိုတာ ယောင်းတို့ကို ပြောပြမယ်နော်…

Related Article >>> Sexual Abuse နဲ့ပက်သက်ပြီး ကလေးကို ပြောပြထားသင့်တာတွေ

နှင်းမနေ့က ကမာရွတ်လှည်းတန်းကနေ အလုပ်ဆင်းတော့ ခါတိုင်းလိုပဲ စံရိပ်ငြိမ်ကားဂိတ်ကနေ အိမ်ပြန်တော့ ဘတ်စ်ကားပေါ်က သုံးယောက်ထိုင်တဲ့ခုံမှာ အစ်မတစ်ယောက်ပဲထိုင်နေတော့ အဲ့မှာပဲ ဝင်ထိုင်မိတယ်။ အဲ့အစ်မက လှည်းတန်းရောက်တော့ ဆင်းသွားတဲ့အချိန် ထောင့်စွန်းမှာဝင်ထိုင်လိုက်တာပေါ့။ မြေနီကုန်း ဂိတ်လည်းရောက်ရော အဲ့ဒီနားက ပန်းရံလုပ်နေတဲ့အုပ်စုထင်ပါတယ်.. တစ်အုပ်စုလိုက်ကြီးတက်လာရော။ စတက်လာတည်းက လူကို စားမတတ်ဝါးမတတ်ကြည့်နေတာမို့ ပြဿနာလည်း မတက်ချင်တာနဲ့ နေရာပြောင်းဖို့ နှင်း လုပ်လိုက်တဲ့အချိန်မှာ အရှေ့ဆုံးကနေ တက်လာတဲ့တစ်ယောက်က ဘေးနားကို ခပ်တည်တည်နဲ့ ဇွတ်ဝင်ထိုင်လာတယ်။ နှင်းလည်း ပြောင်းဖို့က အချိန်မရလိုက်တော့တာကြောင့် ပထမကတော့ တစ်ယောက်ပဲ ဝင်ထိုင်တာပါ။ ခဏနေလည်းကျရော ဒါသုံးယောက်ထိုင်တဲ့ခုံကွ ဆိုပြီး သူ့အဖော်ကို အတင်းဆွဲခေါ်ထိုင်ပါလေရော။ သိတဲ့အတိုင်း (၃) ယောက်ထိုင်တာဆိုပြီး အတင်းကပ်ကပ်နေတော့ နှင်းကလည်း ‘ဟိုဘက်တိုးလို့ရမလား’ ဆိုပြီး ခပ်ကျယ်ကျယ်အော်ပစ်ရော..

အဲ့တော့ ခဏလောက်တိုးသွားပေမဲ့ ကားရမ်းတိုင်း မတရားကပ်လာတယ်လေ။ နှစ်ခေါက်လောက် အသံခပ်ကျယ်ကျယ်အပြင် နဂါးမျက်စောင်းနဲ့ပါ ထိုးပြီးလို့ ဆင်းမယ့်မှတ်တိုင်နား ရောက်တော့မယ်အချိန် မီးပွိုင့်မှာ ကားဘရိတ်အုပ်လိုက်တာကို အခွင့်ကောင်းယူပြီး သူ့လက်ကို နှင်းရဲ့ ခါးနဲ့တင်ပါးအစပ်နားကို လာတင်ပါတယ်။ (အရှေ့မှာခုံတန်းကို ကိုင်ထားတဲ့လက်က ရုတ်တရက် ကိုယ့်တင်ပါးနားရောက်လာတယ်ဆိုတာ တမင်တကာလုပ်မှန်း အရမ်းသိသာတယ်လေ။) အဲ့တော့ ကိုယ်လည်း ရုတ်တရက် မတ်တပ်ရပ်ချလိုက်ပြီး ‘ဘာလုပ်တာလဲ’ လို့အော်ရင်း လက်ထဲကထမင်းချိုင့်နဲ့ ကောက်ထုချလိုက်တယ်။

နောက်ပြီး ချက်ချင်း ရဲစခန်းကို မောင်းခိုင်းလိုက်တော့ ကားဆရာကလည်း မှတ်တိုင်ရပ်နေရင် အဲ့လူတွေထွက်ပြေးမှာဆိုးလို့ ချက်ချင်းအနီးမှာ ရှိနေတဲ့ ရဲစခန်းကို မောင်းချသွားတယ်လေ။ နောက်ပြီးတော့ ကားပေါ်ကဦးလေးတွေရဲ့ အကူအညီကြောင့်ရော စခန်းထဲကတာဝန်ရှိသူတွေရဲ့ အကူအညီကြောင့်ရော တစ်အုပ်စုလိုက်ကို ဆွဲချပြီး စခန်းမှုးက သမီးဘာဖြစ်တာလဲလို့ မေးတဲ့အချိန် ‘သမီးတင်ပါးကိုလာထိလို့’ လို့ပြောလိုက်တာနဲ့ ဘယ်တစ်ယောက်လဲမေးတော့ လက်ညှိုးထိုးပြလိုက်တယ်လေ.. အဲ့မှာ စခန်းမှာရှိရှိသမျှလူတွေက တစ်မုန်းဝိုင်းကျွေးတာပဲ။ အဲ့ဒါနဲ့ နှင်းလည်းဆက်မကြည့်ချင်တော့လို့ ထွက်လာလိုက်ပါတယ်။ နောက်ဆက်တွဲ ဘာဆက်ဖြစ်သွားလဲဆိုတာတော့ နှင်းလည်းမသိလိုက်ဘူး။ ဒါတော့ နှင်းကြုံခဲ့တဲ့ အဖြစ်အပျက်ပေါ့နော်.. ထပ်ပြီးပြောချင်တာရှိသေးတယ်။ ဘာလဲဆိုတော့ စိတ်ဓာတ်ပါ။

Related Article >>> ပါးစပ်သရမ်းတတ်တဲ့သူတွေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲ?

ဒီလူတွေနဲ့ နှင်းရင်ဆိုင်နေတဲ့အချိန်မှာ စိတ်ဓာတ်နှစ်မျိုးနှစ်စားကို တွေ့လိုက်ရပါတယ်။ အဲ့ဒီလူတွေ လွတ်သွားမှာစိုးလို့ ထွက်ပေါက်ကိုပိတ် စခန်းရောက်တော့ ဆွဲချပေးပြီး ကူညီပေးတဲ့လူ နဲ့ ငါအိမ်ပြန်စရာရှိသေးတယ်ဆိုပြီး ဂိတ်မှာအတင်းရပ်ခိုင်းတဲ့ တစ်ဖို့တည်းသမား ဆိုပြီးတော့ပေါ့။ အံ့သြစရာကောင်းတာက အမျိုးသမီးကြီးတစ်ယောက် ပါးစပ်က ထွက်လာတာပါပဲ။ တကယ်ကိုပဲ ငါကောင်းရင်ပြီးရော နင်ကတော့ ကျီးထိုးထိုး ခွေးစားစားဆိုတဲ့ စိတ်ဓာတ်နဲ့ လူတန်းစားရယ်၊ မိန်းကလေးတစ်ယောက်ကို အိနြေ္ဒပျက်ပြားအောင် နှုတ်နဲ့ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ ထိပါးစော်ကားလိုက်တဲ့ လုပ်ရပ်ရယ်က အင်မတန်ကိုမှအောက်တန်းကျပြီး ရှက်စရာကောင်း၊ သိက္ခာမဲ့တဲ့ လုပ်ရပ်တွေပါ။

အဲ့လို နှုတ်သရမ်း တစ်ကိုယ်လုံးသရမ်းတတ်တဲ့လူတွေ ခေါင်းထဲမှာ မှတ်ထားရမှာက ‘မိန်းကလေးတွေလုံးဝအားမနွဲ့ပါဘူး။ ပုခက်လွှဲတဲ့လက်တွေက လိုအပ်ရင် လိုအပ်သလို လက်နက်ကိုင်ဖို့လည်း ဝန်မလေးပါဘူး’ ဆိုတာပါပဲ။ ‘ဟင် ဒီမိန်းကလေး စွာလိုက်တာ၊ ယောကျာ်းတွေကိုတောင် ပြန်ခံလုပ်ရဲတယ်’ ဆိုတဲ့ စကားအတွက်လည်း ‘ဟုတ်ကဲ့ ကျွန်မက ကိုယ့်ခန္ဓာကိုယ်ကို အခွင့်မရှိဘဲ စူးစိုက်ပြီး ကြည့်ရင်တောင် မျက်လုံးတွေဖောက်ထုတ်ပစ်လိုက်ချင်တဲ့ မိန်းမသားမို့ ကိုယ်ထိလက်ရောက်လာပြုတဲ့အချိန် လူမသတ်မိတာ ကံကောင်းတယ်လို့မှတ်ပါ’ ဆိုတဲ့ စကားမျိုးပြန်တုန့်ပြန်မိပါလိမ့်မယ်။

ဒါကြောင့် ယောင်းတို့လည်း အလားတူ ဖြစ်ရပ်မျိုးရှိလာခဲ့ရင် ကိုယ်ခံလိုက်ရတာကို ရှက်စရာလို့ မသတ်မှတ်ဘဲ ပတ်ဝန်းကျင်အကူအညီနဲ့ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ တစ်ခုခုပြန်လုပ်ပါ။ ဒီလိုများများလုပ်ပေးလေ ဒီလိုအောက်တန်းကျတဲ့စိတ်ဓာတ်နဲ့ လူတွေအတွက် လောကကြီးမှာ နေရာမရှိဘူးဆိုတဲ့အသိ ရိုက်သွင်းပေးလေဖြစ်တာမို့ ကိုယ်မဟုတ်တဲ့ တခြားမိန်းကလေးတွေကို ကာကွယ်ပေးရာလည်းရောက်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေ ဘယ်နေရာသွားသွား ဂရုတစိုက်နေပါ။ ကိုယ့်ကို အခွင့်အရေးယူတာမျိုး၊ အသားယူတာမျိုးရှိလာရင်လည်း မကြောက်ဘဲ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပါလို့ နှင်းက အကြံပြုပါရစေ။ 

အန္တရာယ်ကင်းကြပါစေ ယောင်းတို့ရေ…

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလှအပ၊ ဖက်ရှင်၊ gym နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ အချစ်ရေး စတဲ့ကဏ္ဍတွေကို အဓိကထားရေးတဲ့ စာရေးသူပေါက်စလေး တျောက်ပါ 😁 အခွီနဲ့ စိတ်ဓာတ်ခွန်အားပေးစာတွေကိုလည်း ဒဲ့တိုးတွေ ရေးတတ်ပါသေးတယ် 😛

Leave a Reply

Your email address will not be published. Required fields are marked *