လူ့အခွင့်အရေး ချိုးဖောက်မိတဲ့ ဗိုက်ကြီးသည်

ဗိုက်ကြီးသည်မို့ နေရာတကာ အခွင့်ထူးခံနေရတာ ဗိုက်ကြီးသည်တိုင်း ပျော်နေမယ် ထင်လို့လား? 

“ဗိုက်ကြီးသည်ကို နေရာထပေးလိုက်ပါလား”

ဘတ်စ်ကားပေါ်မှာ ဒီလိုစကားသံတွေကြားတိုင်း ထိုင်ရမလို ထရမလို အားတုံ့အားနာဖြစ်ရတဲ့ ဒီဗိုက်ကြီးသည်က ဘာလုပ်ရမှန်းမသိအောင်ပါ…

ကိုယ်ဝန်ဆောင် ၃ ၄လလောက်ဆို ဗိုက်ကမသိသာပေမယ့် ၄လကျော်ပြီဆိုတာနဲ့ ဗိုက်ထွက်လာတော့ ကိုယ်မပြောလည်း ဗိုက်ကြီးသည်ဆိုတာကို မြင်ရုံနဲ့သိနေပြီလေ … ဒီလိုအချိန်မျိုးမှာ အလုပ်လုပ်နေတဲ့ မဗိုက်ကတော့ ဘတ်စ်ကားစီးပြီဆိုရင် မလုံမလဲဖြစ်ရတဲ့ အဖြစ်တွေ ကြုံရပြီပေါ့…

လူတိုင်းကကားခပေးပြီး စီးရတဲ့ ဘတ်စ်ကားကို ခရီးဝေးတာ၊ နီးတာနဲ့ သူသူကိုယ်ကိုယ် ထိုင်ချင်ကြမှာပဲမလား… တစ်ခါတလေ ဝေးဝေးလံလံသွားရတဲ့သူမျိုးဆို ထိုင်နေရာရဖို့ ပိုအရေးကြီးတော့ ဘယ်သူက ထပေးချင်တော့မလဲနော်…. ဒီလိုအချိန်မျိုးမှာ ကိုယ့်ရှေ့ဗိုက်ကြီးသည်တစ်ယောက်လာရပ်နေတယ်ဆိုရင် ထပဲရပ်ပေးရမလား… မသိချင်ယောင်ဆောင်ပြီး ဆက်ပဲထိုင်နေရမလားဆိုတဲ့ ဒွိဟအတွေးတွေလဲ သူ့မှာရှိမှာပဲလေ…

ကိုယ်လည်း အများနည်းတူ ကားခပေးပြီးစီးတဲ့ ဗိုက်ကြီးသည်မို့ ကားပေါ်တက်သွားတဲ့အချိန် “ဒီမှာလာထိုင်” ဆိုရင် အားနာနေရပါတယ်… ထိုင်သာ ထိုင်နေရတယ် ကိုယ့်ကို ထပေးလိုက်သူကို အားနာရတာက ဘယ်လိုပြောရကောင်းမှန်းကို မသိတဲ့ ခံစားမှုပေါ့… အဲ့ဒီလူနေရာရသွားမှ ဒါမှမဟုတ် ဆင်းသွားမှပဲ စိတ်သက်သာရာနည်းနည်းရသွားတာ ကိုယ်နဲ့နည်းတူ မဗိုက်တွေခံစားရတဲ့ ခံစားချက်များလား…

Related Article >>> ဗိုက်ဗိုက်လေးအစား စိတ်ပူကြသူများ

တစ်ခါကကြုံတဲ့အဖြစ်ပေါ့ ကိုယ်ကကားပေါ်မှာ ထိုင်နေတဲ့အမျိုးသားတစ်ယောက်ရှေ့မှာ သွားရပ်မိတော့ နည်းနည်းကြပ်နေတဲ့ကားပေါ်မှာ မဗိုက်တစ်ယောက် တိုင်မမှီ လက်ကိုင်ကွင်းမမှီနဲ့ ယိမ်းထိုးနေရော.. ဗိုက်ကြီးသည်အဖြစ်ကို မကြည့်နိုင်တော့တဲ့ ဦးလေးတစ်ယောက်က “ညီလေး ဗိုက်ကြီးသည်ကို ထပေးလိုက်ပါလား”ဆိုတဲ့စကားကို ကိုယ်ရော ထိုင်နေတဲ့သူပါကြားလိုက်ရပါတယ်…

ကိုယ်ကတော့ ရပါတယ် ဆိုတဲ့စကားနဲ့ အားနာခဲ့ပေမယ့် အဲ့ဒီလူငယ်လေးကတော့ထပေးလိုက်တယ်… ဒါပေမယ့် သူကထိုင်နေတဲ့ကိုယ့်ကို တစ်ချိန်လုံးမကြည်တဲ့ အမူအရာနဲ့ ကြည့်လိုက် “သူကရော ကားခပိုပေးထားလို့လား သူလည်း လိုင်းကားစီးတာပဲ” ဆိုပြီး ပွစိပွစိပြောနေတော့ ထိုင်သာထိုင်နေရတယ် ပြန်ပဲထပေးလိုက်ရမလိုလို၊ ဆက်ပဲထိုင်နေရမလိုလို ဆိုတဲ့ စိတ်က မသက်မသာဖြစ်ရပါတယ်… ကားပေါ်မှာ တစ်ခုခုဖြစ်မှာလည်း ကြောက်ရတော့ ဘာပြောလို့ပြောရမှန်းမသိအောင်ကို စိတ်မကောင်းဖြစ်ခဲ့ရတယ်…

ဒီလိုအဖြစ်လေးကြုံရတော့ ဒီလိုလေး စဉ်းစားမိတယ်လေ… ဗိုက်ကြီးသည်ဆိုတာက လူ့အခွင့်အရေးချိုးဖောက်နေတဲ့သူလား??? ခန္ဓာကိုယ်တစ်ခုထဲမှာ အသက်နှစ်ချောင်းပေါင်းစပ်ထားတဲ့ တစ်ကိုယ်တည်းမဟုတ်တော့တဲ့သူမို့ အများကအထူးအခွင့်အရေးပေးကြတာလား…

ဒါပေမဲ့ ဒီမဗိုက်ကတော့ သူသူငါငါလိုပဲ တန်းတူအခွင့်အရေးပဲ လိုအပ်တာဖြစ်ပြီး တကူးတက ထပေးဖို့လည်း မလိုအပ်ဘူးဆိုတာ အဲဒီ လူငယ်လေးကို သိစေချင်လိုက်တာ… စိတ်ရော ကိုယ်ပါ လေးလံနေရတဲ့ မဗိုက်အတွက် ဘတ်စ်ကားစီးဖို့ တော်တော်များ ခက်ခဲသွားပြီလား?

May (For Her Myanmar)

No Comments Yet

Comments are closed