Letters From Heart Love

ရည်းစားဟောင်းထံမှပေးစာ…

ယောင်းရေ.. သူကဒီစာလေးထဲကနေတစ်ဆင့် သူ့အပြစ်တွေကို ဝန်ချတောင်းပန်ချင်ပါတယ်တဲ့။

အချစ်ကို စတင်ထိတွေ့မိတဲ့အချိန်မှာ အနာကျင်ရဆုံးအဖြစ်အပျက်က ဘာလဲဆိုရင် ရုတ်တရက်ထားခဲ့ခံရတာပါပဲ။ အချိန်အတိုင်းအတာတစ်ခု ကြာသွားတဲ့အချိန်မှာ ဒီလမ်းခွဲခြင်းကို စိတ်ထဲကနေထုတ်ပစ်လိုက်နိုင်ပေမဲ့ သူ့ဘက်ကအမှားတွေအတွက် ပြန်တောင်းပန်တာကို မသိစိတ်ကဖြစ်စေ၊ သိစိတ်ကဖြစ်စေ ပြန်လိုချင်ကြတာပါပဲ။ အဲ့ဒါကြောင့် သူ့ရဲ့ ရင်တွင်းဖြစ်စာသားတစ်ချို့ကျု သူ့ကိုယ်စား နှင်းကယောင်းဆီကို စာလေးတစ်စောင် ရေးပြီးပို့ပေးလိုက်ပါတယ်။

Related Article >>> Exက ကိုယ့်ဆီပြန်လာတဲ့အခါ အရင်ဆုံး စဉ်းစားသင့်တဲ့ အချက် (၅)ချက်

သို့ တစ်ချိန်ကချစ်ခဲ့သော…

ငါဒီစာကို ရေးဖို့အရမ်းခက်ခဲပါတယ်ကွာ။ မင်းငါ့ကိုသေမလောက်မုန်းနေမယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ ဒါမင်းဆီကိုငါနောက်ဆုံးရေးတဲ့စာမို့ တစ်ခါလောက်တော့ ပြီးဆုံးအောင်ဖတ်စေချင်တယ်။ စာဖတ်နေတဲ့အချိန် မင်းမျက်လုံးကိုကြည့်ပြီး တစ်လုံးချင်းစီပြောနေတယ်လို့ မင်းစိတ်ထဲမှာပုံဖော်ပေးပါ။ (မင်းက ငါ့မျက်နှာကိုမမြင်ချင်၊ ငါ့အသံကိုမကြားချင်ဘူး ဆိုပေမဲ့ပေါ့။)

ဒီစကားတွေကို မင်းကိုအစတည်းက ပြောခဲ့သင့်ပေမဲ့ ငါ့စိတ်တွေအစိုးမရခဲ့ဘူးဆိုတာ မင်းလည်းသိမှာပါ။ ငါအရမ်းဒေါသထွက်ပြီး ဘာမှကိုမမြင်နိုင်ခဲ့ဘူး (မင်းအပါအဝင်ပေါ့။) မင်းအပေါ် အပြစ်တွေတင်မိခဲ့တယ်၊ မင်းနာကျင်ရမယ့်စကားတွေကို ငါမဆင်မခြင်ပြောခဲ့မိတယ်။ မင်းခံစားချက်ကို ထည့်မတွက်ဘဲ ငါ့အတ္တတွေကိုပဲ ရှေ့တန်းတင်ပြီး မင်းထိခိုက်အောင် စကားလုံးတွေနဲ့တိုက်ခိုက်ခဲ့မိတယ်။ ငါတကယ်ကို မင်းဒီလောက်ထိထိခိုက်သွားမယ်လို့ မရည်ရွယ်ပါဘူး ဒါပေမဲ့အရာရာကနောက်ကျသွားခဲ့ပြီလေ။ ငါဘာမှလုပ်လို့မရတော့ဘူးကွာ။ မင်းအခုအဆင်ပြေရဲ့လား? အဆင်ပြေလောက်ပြီလို့ မျှော်လင့်ပါတယ်။

ငါမင်းကို ထားခဲ့တဲ့အချိန်မှာ မင်းအံသြနာကျင်နေခဲ့ပေမဲ့ ထားခဲ့တဲ့ငါကလည်း မင်းရဲ့ ငါမရှိလည်းဖြစ်တယ်ဆိုတဲ့ တုန့်ပြန်မှုကြောင့် ရူးမတတ်တုန်လှုပ်ခဲ့ရပါတယ်။ ငါကမင်း ဒီလောက်လွယ်လွယ်လက်ခံမယ်လို့ မထင်ထားမိခဲ့ဘူးလေ။ ပြေလျော့နေတဲ့လက်တစ်စုံကို ငါဆက်တွဲထားလည်း ဘာမှအကျိုးဆက်ထူးလာတော့မှာမှမဟုတ်တာ။ ဒါပေမဲ့ ငါ့ဘက်ကလည်း မင်းကိုစိတ်ကုန်နေပြီမို့ ဒီအတိုင်းဆက်သွားရင် မင်းအပေါ်အစစ်အမှန်မဟုတ်တဲ့ နှလုံးသားနဲ့ စိတ်ပြန်လည်လာမှာဆိုးလို့ မင်းမရှိတဲ့ဘဝတစ်ခုမှာ ငါကောင်းကောင်းရှင်သန်မယ်လို့ ဆုံးဖြတ်ပြီး ထွက်သွားလိုက်တယ်။ (အခု ငါ့မှာသိပ်ချစ်ရတဲ့ မိန်းမတစ်ယောက်ရှိနေပြီး အဆင်ပြေပြေရှင်သန်နေပါတယ်။)
ငါအခုဒီစာကို ရေးတယ်ဆိုတာ မင်းဆီကိုပြန်လာချင်လို့လည်းမဟုတ်ဘူး၊ မင်းခံစားခဲ့ရသမျှကို ခနဲ့တဲ့တဲ့နဲ့ ရွဲ့ပြီး ရေးတဲ့စာလည်းမဟုတ်ဘူး။ မင်းအပေါ်မှားခဲ့သမျှကို ဝန်ချပြီး တောင်းပန်တဲ့စာပါ။

ငါမင်းကိုသိစေချင်က ငါ့ထက်ပိုပြီးချစ်တတ်၊ ဂရုစိုက်တတ်တဲ့ လူတစ်ယောက်နဲ့ မင်းတကယ်ကိုထိုက်တန်ပါတယ်။ ငါမင်းကိုပြောဆိုခဲ့၊ ဆက်ဆံမိခဲ့တဲ့ ပုံစံတွေကို မင်းမရသင့်၊ မခံစားသင့်ပါဘူး။ ဒီအချစ်လမ်းက မဖြောင့်ဖြူးပေမဲ့ ထိန်းသိမ်းဖို့အတွက် မင်းအစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ နောက်ပြီး မင်းကတန်ဖိုးအရမ်းရှိတဲ့ မိန်းကလေးတစ်ယောက်ပါ။ ငါ့အတွက် အကောင်းဆုံးအခိုက်အတန့်တွေကို ယူဆောင်လာပေးပြီး ငါလိုအပ်နေတဲ့အချိန်တိုင်း မင်းကအနားမှာရှိပေးခဲ့တယ်။ အဲ့လို မင်းဘက်ကအများကြီးပေးဆပ်ခဲ့တာတောင် ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ ပြဿနာအကြီးကြီးရှာပြီး မင်းကိုထားခဲ့မိတယ်။ ငါ့ဘက်ကတောင်းပန်လို့ရတဲ့အခြေအနေမှာတောင် မင်းကိုဒီအတိုင်းဥပေက္ခာပြုခဲ့မိတယ်။ ငါမင်းရဲ့ ယုံကြည်မှုနဲ့ ကောင်းမွန်တဲ့အကျင့်တစ်ချို့ကို ဖျက်ဆီးခဲ့မိတယ်။ အဲ့ဒါတွေအားလုံအတွက် ငါမင်းကို လေးလေးနက်နက်တောင်းပန်ပါတယ်။ မင်းရဲ့လာမယ့် အနာဂတ်မှာလည်း မင်းအချစ်နဲ့ထိုက်တန်တဲ့လူတစ်ယောက်ကို ရှာတွေ့ပါစေလို့ ငါဆုတောင်းပေးပါတယ်။ မင်းပျော်ရွှင်ပါစေ။

မှ

မင်းရဲ့အတိတ်…

Related Article >>> exကြီး သိကိုသိရမယ့် အချက်များ

သူ့ဆီကရောက်လာစေချင်တာတော့ ဒီလိုစာမျိုးပေါ့နော်။ ဒါပေမဲ့ တကယ်တမ်းကျတော့ အဲ့ဒီအသိခေါက်ခက် အဝင်နက်တဲ့ လူကကိုယ့်ကို ပစ်သွားပြီးကတည်းက အဖတ်ကိုပြန်မလုပ်တော့ဘူးဆိုရင်လည်း ဒီစာလေးကိုပဲ နှင်းကနေတစ်ဆင့် ပို့လိုင်းလိုက်တယ်လို့ပဲ သဘောထားလိုက်ပါ။ သူ့အပေါ်သံယောဇဉ် ရှိနေသေးလို့ဖြစ်စေ၊ အခဲမကြေသေးလို့ဖြစ်စေ စိတ်ထဲကထုတ်မရသေးဘူးဆိုရင်လည်း တဖြည်းဖြည်းချင်း ကိုယ့်အနာကို ကိုယ်ကုစားပါ။ အတတ်နိုင်ဆုံး ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပါ။ ကိုယ်နဲ့ထိုက်တန်တဲ့လူဆိုရင် ကိုယ့်အနား ရောက်လာပါလိမ့်မယ်။ ယောင်းလေးရဲ့ ဘဝခရီးလမ်း သာယာဖြောင့်ဖြူးပါစေ။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလှအပ၊ ဖက်ရှင်၊ gym နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ အချစ်ရေး စတဲ့ကဏ္ဍတွေကို အဓိကထားရေးတဲ့ စာရေးသူပေါက်စလေး တျောက်ပါ 😁 အခွီနဲ့ စိတ်ဓာတ်ခွန်အားပေးစာတွေကိုလည်း ဒဲ့တိုးတွေ ရေးတတ်ပါသေးတယ် 😛

Leave a Reply

Your email address will not be published. Required fields are marked *