ယောက်ျားအစစ်ဆိုတာ

တို့ယောင်းယောင်းတွေကို ယောက်ျားတွေအကြောင်း ပြောပြရဦးမယ်။

ယောင်းတို့ရေ “မိန်းမလိုမိန်းမရ” တို့ “ယောက်ျားကြီးတန်မဲ့တို့” စတဲ့စကားတွေက မိန်းကလေးတွေကို ဘယ်လိုတွေတောင် နှိမ်ထားတဲ့ စကားတွေလဲ ယောင်းတို့ သိပြီးနေမှာပါ။ မိန်းကလေးတွေကမှ အတင်းပြောတတ်တာ၊ စိတ်ထားသေးသိမ်တာ၊ မနာလိုအူတိုတတ်တာဆိုပြီး ယောက်ျားလေးတွေကျ ဒါမျိုးအကျင့်တွေ မရှိတာကျနေတာပဲနော်။ တကယ်တော့ ကောင်းခြင်းဆိုးခြင်းဆိုတာဟာ လူတစ်ယောက်ချင်းဆီမှာ တည်တာပါကွယ်။ မိန်းမ၊ ယောက်ျားဆိုတဲ့ လိင်အပေါ်မမူတည်ပါဘူး။

Related article >>> မိန်းကလေးတစ်ယောက်လက်မတွဲသင့်တဲ့ယောက်ျားမျိုး

စကားစပ်လို့… ယောက်ျားလေးတွေဆိုတာ သူတို့ ကျားကျားလျားလျားရှိတာကို သိပ်ပြချင်ကြတာကလား။ ခုနပြောတဲ့ အတင်းပြောတာ၊ အူတိုတာတွေကို မိန်းမဆန်တယ်လို့ သတ်မှတ်တယ်။ အဲ့လိုအကျင့်ရှိတဲ့ ယောက်ျားကျတော့ မိန်းမလိုမိန်းမရတဲ့။ ရင်ထဲမှာ ခံစားရလို့ မျက်ရည်ကျမိတော့လည်း ယောက်ျားဆိုတာ မငိုရဘူးတဲ့။ ယောက်ျားလေးတွေအချင်းချင်း သူငယ်ချင်းတွေ ခင်လို့မင်လို့ ရင်းရင်းနှီးနှီးရှိတော့ကျ အခြောက်ကြီးတွေလားတဲ့။ မိန်းကလေးသူငယ်ချင်းတွေ လက်တွဲလမ်းလျှောက်ရင် ဘာမှမဖြစ်ဘူး ယောက်ျားလေး၂ယောက်လက်တွဲမိရင်တော့ သေချာပေါက် အခြောက်အခေါ်ခံရတာပဲ။

မိတ်ကပ်လိမ်းတာ၊ skin care လုပ်တာ စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာတွေ လုပ်ပြန်တော့လည်း မိန်းမကြီးကျနေတာပဲတဲ့။ ကျန်းမာရေးလိုက်စားတဲ့ ခပ်တောင့်တောင့်ကွီးတွေကိုတော့ ဗလကြီးနဲ့ ခြောက်နေတာပြောပြီး၊ ခပ်ပိန်ပိန်ပါးပါးလေးတွေကျ ပျော့နွဲ့နွဲ့လို့ လူတွေကခေါ်ကြပါတယ်။

ဒီလိုဖြစ်နေတာ ဘာလို့လဲလို့ စဉ်းစားလိုက်တော့ ယောက်ျားတွေရဲ့ masculinity တစ်နည်းအားဖြင့် ကျားကျားလျားလျားဖြစ်တဲ့စံက အရမ်းကို ပါးလွှာလွန်းလို့ဖြစ်မယ်လို့ အက်ဒမင်ဥာဏ်မီသလောက် ကောက်ချက်ချကြည့်ပါတယ်။ နောက်တစ်ခါ မိန်းကလေးဖြစ်တယ်ဆိုတာ အောက်ကျတယ် နိမ့်ပါးတယ်လို့ ယူဆကြပြန်တော့ သူတို့သတ်မှတ်ထားတဲ့ ကျားကျားလျားလျားစကေးကို နည်းနည်းလေးလျော့တာနဲ့ ဆတ်စလူးခါပြီး အခြောက်ကြီးတို့၊ မိန်းမဆန်တယ်တို့၊ ခပ်နွဲ့နွဲ့လေးတို့ အခေါ်ခံရတော့တာပဲလို့ မြင်ပါတယ်။ မိန်းကလေးတွေ ကိုယ်တိုင်က ဟဲ့ ဟိုကောင်လေးက နွဲတဲ့တဲ့နဲ့လို့ ပြောတာတွေ အက်ဒမင်ကြားဖူးပါတယ်။

ဒါဆို တကယ့်ကို ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်၊ အလှမကြိုက်၊ ခံစားချက်ကို မဖော်ပြတတ်တဲ့ လူသတ္တဝါတွေဟာ တကယ်ပဲ ယောက်ျားပီသနေတာလား။ အက်ဒ်မင်ကတော့ နိုးပါပဲ ယောင်းတို့ရယ်။ အဲဒီ ကျားချင်ဟန်ဆောင်နေတဲ့ သတ္တဝါတွေကို အက်ဒမင်ကတော့ ကျားလို့မမြင်ပါဘူး။

တကယ့် ယောက်ျားအစစ်ဆိုတာ ဘယ်လိုမျိုးလို့ အက်ဒမင်မြင်မိလဲ ဆိုတော့-

-ကိုယ့်ခံစားချက်ကိုယ် မကြောက်ဘဲ ချစ်တတ်၊ မုန်းတတ်၊ ဝမ်းနည်းတတ်၊ ဝမ်းသာတတ်တဲ့သူ

-ကိုယ့်သဘာဝကို တခြားသူတွေ အမြင်စောင်းမှာကြောက်ပြီး ဖွက်မထားတတ်သူ (ဥပမာ မိတ်ကပ်လိမ်းချင်ရင် ယောက်ျားမစစ်ဘူးလား အပြောခံရမှာ မကြောက်ဘဲ ခပ်တည်တည်လိမ်းရဲတဲ့သူ)

-သူငယ်ချင်းတွေကို မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ၊ စိတ်ရင်းနဲ့ ခင်တတ်သူ၊ ခင်ကြောင်း ပြသဖို့ဝန်မလေးသူ

-တခြားသူတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို နားလည်ပေးပြီး မချိုးဖောက်သူ (ဥပမာ ရည်းစားစကားပြောလို့ အငြင်းခံရလဲ ယဉ်ယဉ်ကျေးကျေးပဲ နောက်ဆုတ်တတ်သူ)

-မိန်းကလေးတွေကို ဦးစားပေးမယ့်အစား လေးစားပြီး တန်းတူဆက်ဆံသူ (အက်ဒမင့်ကို ဘတ်စ်ကားအပေါက်ဝမှာ တွန်းချပြီး လုတက်သွားတဲ့ အကောင်မပါ)

ဒီလိုလူတွေကိုသာ ယောက်ျားပီသတဲ့ ယောက်ျားတွေရယ်လို့ အက်ဒမင်က သတ်မှတ်ပါတယ်။ ယောက်ျားအစစ်ဆိုတာ ငါမိတ်ကပ်လိမ်းလိုက်လို့ မိန်းမဆန်သွားမလား၊ ငါ့သူငယ်ချင်းကို ပုခုံးဖက်ပေါင်းလို့ အခြောက်အခေါ်ခံရမလား၊ ငါဝမ်းနည်းလို့ကျတဲ့ မျက်ရည်တွေဟာ ငါ့ကိုပျော့ညံ့စေလားလို့ မတွေးဘဲ ရင်ထဲကခံစားချက်အတိုင်း နေရဲသူလို့ အက်ဒမင်ကတော့ မြင်ပါတယ်။

Related article >>> ရိုမန့်မတစ်တဲ့ ရိုမန့်တစ်များ

နောက်တစ်ခါ ဘတ်စ်ကားပေါ်မှာ မိန်းကလေးကို နေရာထပေးတာတို့၊ ကားတံခါးဖွင့်ပေးတာတို့၊ ထိုင်မယ့်ခုံကိုယူပေးတာတို့ လုပ်တဲ့ယောက်ျားတွေကိုလဲ အထင်မကြီးပါဘူး။ မိန်းကလေးတွေဟာ နူးညံ့တဲ့ ပန်းကလေးတွေလို့ မထင်ဘဲ အရည်အချင်းရှိတဲ့ လူသားတွေလို့ပဲမြင်ပြီး လေးစားပေးတဲ့၊ အခွင့်အရေးတွေ ဖန်တီးပေးတဲ့ ယောက်ျားမျိုးကိုပဲ အထင်ကြီးစရာ၊ လူသားဆန်ဆန် ယောက်ျားပီသတဲ့ ယောက်ျားလို့ မြင်ပါတယ်။

ယောင်းတို့တွေရော ဘယ်လိုယောက်ျားမျိုးကို ယောက်ျားပီသတယ်၊ လူသားဆန်တယ်လို့ ထင်လဲ။ ထုံးစံအတိုင်း အက်ဒမင်တို့ရော၊ တခြားယောင်းတွေရောနဲ့ ပြန်မျှပါဦး။

Khine (For Her Myanmar)

No Comments Yet

Comments are closed