ဘယ်လိုတွေတောင်လားလို့…ပြောယူရမတတ်ပါပဲ !!!

မုဒိမ်းကောင်လောင်းလျာနဲ့ အားပေးသူတွေကို တွေ့တွေ့နေရတဲ့အပေါ် ကျောချမ်းမိသူတစ်ယောက်ရဲ့ အိတ်ဖွင့်ပေးစာ

ယောင်းတို့ရေ.. တလောလေးက ဖြစ်သွားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တစ်ခုအကြောင်း ကြားမိကြမှာပေါ့။ အက်ဒမင့်အတွက်ကတော့ ဖြစ်သွားတဲ့အမှုထက် လူတော်တော်များများရဲ့ အဲ့အမှုအပေါ်ထားတဲ့ သဘောထားတွေကို ပိုပြီး စိတ်ဝင်စားမိတယ်။

ခံရသူ မိန်းကလေးဘက်က ကိုယ်ချင်းစာသူတွေ မရှိဘူး မပြောနိုင်ပေမဲ့ မိန်းကလေးလော်လီလို့ ဖြစ်ရတာ၊ မိန်းကလေးက အလိုတူတုန်းကတူပြီး ခုမှမတရားစွပ်စွဲတာ၊ မိန်းကလေးစကားတွေ အရှေ့အနောက်မညီဘူး စသည်ဖြင့် ခံရသူ မိန်းကလေးကို အပြစ်ဖို့ကြတာလည်း တော်တော်များပါတယ်။ အဲ့ထဲမှာ မိန်းကလေးတွေ အများဆုံးပါတာ ကြောက်ဖို့အကောင်းဆုံးပဲ။

Related article >>> တွစ်တာအသုံးပြုသူ မိန်းကလေးတစ်ယောက်ပြောပြတဲ့ မုဒိမ်းမှုအကြောင်း

ဆိုတော့ အက်ဒမင်တွေးနေမိတာက တို့တွေဟာ rape culture ထဲမှာ အထိတ်ထိတ်အလန့်လန့်နဲ့ နေနေကြရတာလားဆိုတာပဲ။ Rape culture ဆိုတာကတော့ မုဒိမ်းမှုဖြစ်လာပြီဆို မုဒိမ်းကောင်ရဲ့ အပြစ်ကို ဖော့ပစ်လိုက်ကြတာကို ပြောတာပါ။ တစ်ခါသား rape culture ကို မုဒိမ်းယဉ်ကျေးမှုလို့ အက်ဒမင်ကိုယ်တိုင် ဘာသာပြန်ပြဖူးပေမဲ့ ဒါကြီးကို ယဉ်ကျေးမှုလို့ မပြောချင်လို့ rape culture လို့ပဲ အင်္ဂလိပ်လိုသုံးတာကို ခွင့်ပြုပေးပါယောင်းရေ။

ဒီ rape culture ဆိုတာ ဘယ်ကဖြစ်လာတာလဲဆိုတော့ အမျိုးသားတွေ ကြီးစိုးတဲ့ လူ့အသိုင်းအဝိုင်းကြောင့်လို့ အက်ဒမင်ကတော့ စွပ်စွဲချင်ပါတယ်။ ဒီလိုပြောလို့ ယောက်ျားတွေနဲ့ မိန်းမတွေ အခွင့်အရေး တူတူရှိနေပြီလို့ မပြောသေးခင်၊ မိန်းမဝါဒီသမားလားလို့ မမေးခင် အက်ဒမင်ပြောခဲ့တဲ့စကားကို အက်ဒမင်ပဲ တာဝန်ယူရှင်းပြပါ့မယ်။ (အက်ဒမင်က feminist လို့ခေါ်တဲ့ မိန်းမဝါဒီပါ။ ဒါပေမဲ့ မိန်းမဝါဒီဆိုတာ ယောက်ျားတွေကို မုန်းတာမဟုတ်ပါဘူးနော်။)

စကတ်အတို၊ အင်္ကျီအဟိုက်ဝတ်တယ်။ ဒီလိုဝတ်ရင်တော့ မုဒိမ်းအကျင့်ခံရလိမ့်မယ်လို့ လူတွေ ပြောကြတယ်။ ဒီလိုဝတ်တဲ့ မိန်းကလေးတွေ အစော်ကားခံရရင် နည်းတောင် နည်းသေးတယ်လို့ ပြောကြတယ်။ ဒါက rape culture ပါပဲ။ ယောက်ျားတွေမှာ မလုံမခြုံဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို မုဒိမ်းကျင့်ခွင့်၊ စော်ကားခွင့်ရှိတယ်ဆိုတဲ့ သဘောဖြစ်နေလို့ပါ။

မိန်းကလေးတစ်ယောက်တည်း ညဘက်လမ်းထွက်တာ၊ လူပြတ်တဲ့နေရာကို သွားတာ၊ ချစ်သူနဲ့ ဆိတ်ကွယ်ရာနေရာမှာ ချိန်းတွေ့တာ (ဒါအကုန်မဟုတ်သေးဘူးနော် အကင်းပဲရှိသေးတာ) စတဲ့ အကြောင်းပြချက်တွေဟာ မိန်းကလေးတစ်ယောက်ကို ယောက်ျားလေးတစ်ယောက်က မုဒိမ်းကျင့်ခွင့် ရစေတဲ့ အကြောင်းပြချက်တွေလို့ တို့တွေရဲ့ အသိုင်းအဝိုင်းက သတ်မှတ်ပါတယ်။ ဒါဟာ ယောက်ျားတွေကို မျက်နှာသာပေးတဲ့ ယောက်ျားတွေကြီးစိုးတဲ့ အသိုင်းအဝိုင်း (patriarchy) မဟုတ်ဘူးလား ယောင်းတို့ရဲ့။

ကဲ အခုတော့ ယောက်ျားလေးတွေဘက်ကနေ စဉ်းစားကြည့်ကြရအောင်။ ဟောဒီ rape culture ကြီးဟာ ယောက်ျားတွေဆိုတာ လိင်ကိစ္စကို အချိန်ပြည့်စဉ်းစားနေပြီးတော့ မိန်းကလေးတွေ အသားစိုင်များများပေါ်နေတာ၊ သူတို့ကိုဖိတ်ခေါ်သလို တစ်ယောက်တည်း ကူကယ်ရာမဲ့ရှိနေတာ မြင်လိုက်ရပြီဆို သူတို့ရဲ့လိင်ဆာလောင်မှုကို မထိန်းချုပ်နိုင်ဘူးလို့ ပြောပါတယ်။ ဒါကြောင့်ပဲ ညဘက်အပြင်ထွက်တဲ့ မလုံမခြုံဝတ်တဲ့ မိန်းကလေးတွေကို လိင်စိတ်မထိန်းနိုင်တဲ့ ယောက်ျားလေးတွေက မုဒိမ်းကျင့်တာ မိန်းကလေးတွေရဲ့ အပြစ်ပဲဖြစ်စေလို့ စီရင်ချက်ချပါတယ်။

တကယ်တော့ စဉ်းစားကြည့်ရင် ဘယ်လောက်မတရားလိုက်လဲနော်။ အက်ဒမင်ကတော့ မိန်းကလေးတစ်ယောက်အနေနဲ့ နင်တို့မိန်းကလေးတွေက သုတ်ပဲကြောင်နေတာ ကောင်လေးချောချောမြင်တာနဲ့ မုဒိမ်းကျင့်ချင်နေတာပဲလို့ လာပြောရင် စိတ်ဆိုးမှာပါ။ တို့မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ ခပ်တုံးတုံးတွေမဟုတ်ဘူး။ ငါတို့က ဦးနှောက်နဲ့ အသိဥာဏ်နဲ့ သိက္ခာနဲ့ လူလုပ်နေတာ ပေါင်ကြားထဲက လိင်အင်္ဂါနဲ့ လူလုပ်နေတာမဟုတ်ဘူးလို့ ပြန်ပြောမိမှာပါ။ အမျိုးကောင်းသားတွေလည်း ဒီလိုပဲ ခံစားရမယ်လို့ မျှော်လင့်ပါတယ်။

Related article >>> မုဒိန်းမှုကျူးလွန်သူ အပြစ်သား အယောက်တစ်ရာကို အင်တာဗျူးခဲ့တဲ့ အိန္ဒိယကျောင်းသူလေး

အဲ… တစ်ခုရှိတာက အဲ့လိုမခံစားရဘဲ ဦးနှောက်မရှိတဲ့…. ဦးနှောက်ထဲ သုတ်ပိုးဝင်နေတဲ့ တဏှာရူးတွေလို့ အထင်ခံရတာကို သာယာနေတဲ့ မုဒိမ်းကောင်လောင်းတွေက တယ်များပဲ ယောင်းတို့ရဲ့။ မုဒိမ်းမှုတို့ လိင်စော်ကားမှုတို့နဲ့ ပတ်သက်တဲ့ ပို့စ်တွေရဲ့ အောက်က ကွန်မန့်တွေကို ဖတ်ကြည့်ရင် သိနိုင်ပါတယ်။ ဒီလိုလူတွေကို အားပေးအားမြောက်လုပ်နေတဲ့ လူတွေကလည်း မနည်းဘူးနော်။

ဒါကြောင့် အက်ဒမင်ကတော့ ဒီလို rape culture ကြီးထဲမှာ နေရတာ ကျောချမ်းတယ်။ တို့မိန်းကလေးတွေ ဘဝကြီးဟာ မလုံခြုံဘူးလို့ ခံစားရပါတယ်။ တို့တွေဘဝလုံခြုံဖို့ဆိုတာ တို့မိန်းကလေးတွေရော၊ အမျိုးကောင်းသားတွေရော အားလုံးရဲ့ အင်အားနဲ့ ဒီ rape culture ကြီးကို တော်လှန်ပစ်မှရမှာပါ။ ဒီလိုတော်လှန်နိုင်ဖို့ တို့ယောင်းကလေးတို့ကိုရော For Her ပရိသတ်ထဲက အမျိုးကောင်းသား မတ်ကလေးတို့ကိုရော အားကိုးရမှာပါကွယ်။

Khine (For Her Myanmar)

No Comments Yet

Leave a Reply

Your email address will not be published.