ပတ်စ်ပို့ရုံးမှာ ထိုင်ငိုခဲ့ရသော ထိုတစ်နေ့

ဘာဖြစ်လို့ ထိုင်ငိုခဲ့ရလဲ သိချင်ရင်ဝယ်ဖတ်ပါ အဲ ဝင်ဖတ်ပါ 

အမိမြေကို ချစ်လွန်းလို့ ဝေးရပ်မြေခြားဆို ဘယ်နိုင်ငံမှ မသွားတဲ့ အက်ဒ်မင်တစ်ယောက် 😛 😛 ပထမဆုံးအကြိမ် နိုင်ငံခြားခရီးအဖြစ် ဘန်ကောက်ကို အလည်အပတ်သွားဖြစ်တော့မယ်ဆိုတော့ အရမ်းကို စိတ်လှုပ်ရှားခဲ့ရပါတယ်။ ဘန်ကောက်သွားမယ်ဆိုပြီး လေယာဉ်လက်မှတ်ဝယ်လိုက်တာ လက်မှတ်ကရပြီ ပက်စ်ပို့က မရှိသေးဘူး။ အဲဒီတော့ အချိန်မီ ပတ်စ်ပို့ ရဖို့လုံးပမ်းရပြီပေါ့။

အမှန်ပြောရရင် ပတ်စ်ပို့သွားလုပ်ရမယ်လို့ တွေးလိုက်ကတည်းက ခေါင်းမူးချင်သလိုလို၊ ခေါင်းကိုက်ချင်သလိုလိုဖြစ်တော့တာပဲ။ အရမ်းကြာတယ်၊ လူတွေအများကြီးတန်းစီရတယ် ဆိုတဲ့ သတင်းတွေကြားထားတာကိုး။ ဘာပဲဖြစ်ဖြစ် လုပ်စရာရှိတာ လုပ်ရမှာမို့ လိုအပ်တဲ့ပစ္စည်းတွေစု မိတ်ဆွေတွေ အကြံပေးထားတဲ့အတိုင်း ပတ်စ်ပို့ရုံးကို မနက်စောစောဒိုးရတာပေါ့…

ကိုယ်ရောက်တဲ့အချိန် ကိုယ့်ရှေ့မှာ လူတန်းရှည်ကြီးရှိပေမဲ့ ထင်သလောက် မများတာကြောင့် စိတ်နည်းနည်း အေးသွားရတယ်။ အဲဒီလိုနဲ့ တန်းစီပြီး မနက် ၈ခွဲလောက်ရောက်တော့ တာဝန်ရှိသူတွေက အထဲစဝင်ခွင့်ပေးပါတယ်။ ဒီတော့လည်း လူတန်းရှည်ကြီးကနေ တရွေ့ရွေ့လှမ်းရင်း၊ စစ်ဆေးမှုများစွာကျော်ဖြတ်ရင်းအထဲ ရောက်သွားရော..

အထဲရောက်တော့ မှတ်ပုံတင် မိတ္တူကူးတာ၊ ပုံစံစာရွက်မှာဖြည့်တာ၊ အိမ်ထောင်စုစာရင်း အစစ်အဆေးခံတာ အစရှိတဲ့ အဆင့်ပေါင်းများစွာကျော်ဖြတ်ပြီးသကာလ နောက်တစ်ဆင့် စစ်ဆေးမှုတစ်ခုထပ်ခံဖို့ပဲကျန်တော့တာပေါ့။ (ရဲမှူးလက်မှတ်ထိုးဖို့ဆိုလား ရေရေရာရာတော့မမှတ်မိ 🙁 )
ဒီအဆင့်ဖြတ်ဖို့ ကိုယ့်ရှေ့မှာ လူတန်းကြီးကလည်း အရှည်ကြီး လူအုပ်ကြီးကလည်း အများကြီးဆိုတော့ ချွေးပြိုက်ပြိုက်ကျအောင် တန်းစီရပြီလေ။ (ပန်ကာတွေဖွင့်ပေးထားလို့တော်သေးတယ်)။

အဲလိုနဲ့ လူတန်းကြီးက တဖြည်းဖြည်းလျော့လာ ကိုယ့်ရှေ့မှာ သုံးလေးယောက်ပဲကျန်လို့ ပျော်နေတုန်း ဗြုန်းဆို မီးပြတ်သွားပါလေရော။ စိတ်ညစ်လိုက်တာဆိုတာ ပြောစရာမရှိပါဘူး။ ဒီအဆင့်ထိရောက်နေတော့ စောစောပြီးတော့မယ်ဆိုပြီး ပျော်နေတာလေ။ အဲဒီမှာ ပူပူလောင်လောင်နဲ့ မီးပြန်လာဖို့ထိုင်စောင့်ရတော့တာပေါ့။

Related Article >>> မိန်းကလေးကျောင်းတက်ဖူးသူများသာ သိနိုင်တဲ့ခံစားချက်များ

စိတ်ညစ်ညစ်နဲ့ မီးပြန်လာဖို့စောင့်…. နာရီဝက်လောက်ကြာမှ ကိုယ်တော်ချောမီးက ပြန်လာလို့ ဝမ်းသာရသေးတယ်။ ဖြစ်ချင်တော့ စစ်ဆေးခံတဲ့အခါ အက်ဒ်မင့်စာရွက်တစ်ခုမှာ လိုအပ်တာရှိနေလို့တဲ့ အိမ်ထောင်စုစာရင်းစစ်တဲ့ဆီကို သွားပြန်ပြ.. အဲဒီမှာအချိန်ထပ်ကုန်သွားရော။ အိမ်ထောင်စုစာရင်းစစ်တဲ့ဆီကနေ ရဲမှူးလက်မှတ်ထိုးဖို့ ပြန်လာ ဒီအဆင့်မှာတော့ သေချာပြောထားလို့ တန်းစီစရာမလိုတော့ဘဲ လက်မှတ်ရလာခဲ့လို့ တော်သေး။

ပြီးတော့ ငွေစာရင်းဆီသွား တန်းစီ၊ ငွေသွင်းပြီး ပြေစာပြန်စောင့်ယူ အဲဒီအဆင့်ထိတော့ အဆင်ချောနေသေးတယ်။ နောက်ဆုံးအဆင့်ဖြစ်တဲ့ ပက်စပို့ ဓာတ်ပုံရိုက်ဖို့ပဲကျန်တော့တာဆိုတော့ ပျော်နေပြီလေ လူကလည်း… အချိန်က နေ့ခင်း ၁၂ ဝန်းကျင်ပဲ ရှိသေးတယ် ထင်တယ်။ အဲဒီထက်တော့ နောက်မကျဘူး။ ဓာတ်ပုံရိုက်မယ်ဆိုပြီး တန်းစီတော့မှ ပျော်စရာမဟုတ်တဲ့ ငိုစရာနဲ့တိုးတော့တာပါပဲ။ ပတ်စပို့ရုံးရဲ့ ဆာဗာကျနေလို့ ဓာတ်ပုံရိုက်လို့မရသေးပါဘူးတဲ့။ ဘယ်အချိန်ပြန်ရမလဲဆိုတာလည်း မပြောတတ်သေးပါဘူးတဲ့ 🙁 စိတ်ရှည်သည်းခံပြီး စောင့်ကြပါလို့ တာဝန်ရှိသူတွေက မေတ္တာရပ်ခံလေတော့ စိတ်ညစ်ညစ်နဲ့ ထိုင်စောင့်ရပြန်ရော…

နေ့ခင်းလောက်ဆို ပြီးမယ်ထင်ထားလို့ စားစရာသောက်စရာလည်း ဘာမှမယူလာဘူး မနက်ကလည်း စောစောထပြေးလာရတာဆိုတော့ ဘာမှသေချာမစားခဲ့ရ၊ ရာသီဥတုကပူတော့ ရေလည်းဆာ၊ ဗိုက်လည်းဆာပေါ့။

တော်သေးတယ်။ ထမင်းရောင်းတဲ့သူတွေက ဘေးပြတင်းပေါက်တွေကနေ ထမင်းတွေ၊ အအေးဘူးတွေ မှာလို့ရတယ်လို့ လာရောင်းလို့။ အဲဒါနဲ့ သူတို့ဆီကနေ အအေးဘူးနဲ့ ထမင်းဘူးနဲ့ မှာပြီး ဗိုက်ဖြည့်ရပြန်ရော…

အဲဒီလိုနဲ့ မနက် ဆယ့်နှစ်နာရီဝန်းကျင်လောက်က ကျသွားတဲ့ ဆာဗာဆိုတာ နေ့ခင်း တစ်နာရီလည်း မရ၊ သုံးနာရီလည်းမရ၊ လေးနာရီလည်းမရဘဲ ငါးနာရီလောက်မှ ပြန်ရ၊ ရတော့လည်းစောင့်နေတဲ့ လူအုပ်ကြီးကမနည်းဆိုတော့ ကိုယ့်အလှည့်ရောက်ဖို့ စိတ်ရှည်သည်းခံစွာနဲ့ စောင့်ဆိုင်းပြီးမှ ဓာတ်ပုံရိုက်ခွင့်ရပြီး ပတ်စ်ပို့လျှောက်ထားခြင်းလုပ်ငန်းစဉ်ဟာ ညမိုးစုန်းစုန်းချုပ်မှ ပြီးတော့သည်ပေါ့နော်။ သူ့တို့ရက်ချိန်းပြန်ပေးတဲ့နေ့မှာ ပတ်စ်ပို့သွားထုတ်ရတာကတော့ ဘာမှထွေထွေထူးထူးမကြုံခဲ့ရဘဲ အဆင်ပြေပြေနဲ့ ရခဲ့ပါတယ်။

သေမယ့်နှစ်မှ စစ်ထဲလိုက်ဆိုတာလိုပဲ ကိုယ်ပတ်စ်ပို့သွားလုပ်တဲ့နေ့မှာမှ မီးပြတ်လိုက်၊ ဆာဗာကျလိုက်ဖြစ်တာနဲ့ ကြုံခဲ့ရတာတော့ အမှတ်တရပါပဲ။ ပတ်စ်ပို့ မလုပ်ရသေးတဲ့ ယောင်းတွေ ပတ်စ်ပို့သွားလုပ်ကြတာပဲဖြစ်ဖြစ်၊ သက်တမ်းသွားတိုးမှာပဲဖြစ်ဖြစ် စောစောထသွားကြပါလို့ အကြံပေးလိုက်ပါရစေနော်။ အက်ဒ်မင့်တုန်းကလို ဆာဗာကျတာနဲ့ မတိုးပါစေနဲ့လို့လည်း ထပ်လောင်းဆုတောင်းပေးလိုက်ပါတယ်။  

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed