၁၉၉၀ ကျော်က ငယ်ဘဝလေးကို ပြန်သွားကြရအောင် (၂)

ငယ်ဘဝလေးတောင် ပြန်လွမ်းမိသွားတယ် ယောင်းတို့ရေ… 

ယောင်းတို့ရေ… ၂၀၀၀ နောက်ပိုင်းမွေးတဲ့ယောင်းလေးတို့တော့ မပြောတတ်ဘူးပေါ့နော်.. ဒါပေမဲ့ ၁၉၉၀လောက်က မွေးခဲ့တဲ့ ယောင်းယောင်းလေးတွေဆိုရင်တော့ ဒီကစားနည်းလေးတွေကို အမြဲ အမှတ်ရနေမယ်ထင်တယ်နော်.. ကစားနည်းမဟုတ်တောင်မှ ကလေးဘဝ အပြုအမူလေးတွေပေါ့.. ဥပမာ အရိုက်ခံရမှာ ကြောက်ရင် ဘာလုပ်တယ်ဆိုတာမျိုးလေးတွေလေ.. ယောင်းတို့လုပ်ဖူးတာလေးတွေ ရှိလည်း ပြောပြကြဦးနော်…

  • သားရေကွင်း

သားရေကွင်းဆိုရင် လက်တံတောင်ထိရောက်အောင် အမြတ်တနိုး ဆင်မြန်းခဲ့ဖူးတယ်။ ရွှေပေးတောင် မလဲဘူးဆိုတဲ့ထဲကပဲ 😀 သားရေကွင်းတွေကို ကွင်းပုံစံလေးတွေလုပ်လို့ ကြိုးတွေလည်း ခုန်ခဲ့ဖူးတယ်။ အနီဆိုအနီ အဝါဆိုအဝါ၊ တူရာတူရာစုပြီး ချည်ရတာလည်း အမောပေါ့။ သားရေပင်များရင် များသလို ခါးမှာချည်ပြီး ဂုဏ်ဆာခဲ့ဖူးတာလည်း အမှတ်တရပါ။ အဲ့အချိန်တုန်းက သရေပင် အစိမ်းရောင်က အရှားဆုံးအရောင် ကိုယ်ခရေဇီအဖြစ်ဆုံးအရောင်ပေါ့။

  • ကြိုးခုန်

10ပေအရှည်လောက်ရှိတဲ့ ကြိုးမာမာတွေကို ကြိုးစတစ်ဖက်ကိုတစ်ယောက်က ကိုင် နောက်တစ်စကို နောက်တစ်ယောက်ကိုင်ပြီး ကြိုးကိုမြှောက်၊ လှည့်ပေးပြီး ရမ်းရတယ်။ အရှင်ဝင် အသေဝင်ဆိုပြီး ရမ်းနေတဲ့ကြိုးတွေကြား ခြေစုံရပ် ခုန်ခဲ့ဖူးသလို ခန္ဓာကိုယ်ကို ထိသွားလို့ သေသွားတဲ့(ကစားတဲ့အခါ ရူံးသွားသူ) သူဖို့ပါ ကူပေးရတာမျိုး..

  • နာမည်ဝှက်

ဘယ်ကစားနည်းပဲ ကစား ကစားပါ ခေါင်းဆောင်ဆိုတာ ပါတယ်လေ။ အဖွဲ့ခွဲဖို့၊ ငယ်တဲ့သူတွေက ဘယ်သူ့ဘက်မှာ ပါရမယ်ဆိုတာကိုသိဖို့အတွက် နာမည်ဝှက်ပြီး ခေါင်းဆောင်ရွေးကြတာမျိုးလေ..  ကိုယ်တွေငယ်ငယ်က နှစ်ယောက်တစ်တွဲနာမည်ဝှက်မှည့် ရင် ”လိမ္မော်သီးနဲ့ပန်းသီး”က ထိပ်ဆုံးကပေါ့။

ဒီထဲမှာမှ အဖွဲ့ခွဲကြပြီတဲ့ဆို အစ်ကို အစ်မတွေက ကစားနေပြီး ကိုယ်က ငယ်သေးလို့မပါရသေးရင် ကိုယ်စိတ်ကျေနပ်အောင် (တကယ်က အမေ့ကို ကြောက်လို့ပါ 😀 ) သူ့တို့ကစားပွဲထဲ ပါခိုင်းတယ်။ သူတို့ခေါ်တာက ဘာတဲ့ ”ရေပေါ်စာ” ဆိုတဲ့ နာမည်လှလှလေးပေါ့။ တစ်ချို့နယ်ဘက်တွေမှာ ဘဲဥကြက်ဥ ဆိုလား ရှိသေး…  ဘာပြောပြော ခုခေတ်စကားအရဆို ”ဂျူနီယာ”ပေါ့။

  • ခေါ်မလားမခေါ်ဘူးလား မေးတဲ့အခါ

ငယ်ဘဝက မိန်းကလေးချင်းစိတ်ဆိုးရင် ပေါ်တင်ပြောကြတယ် ။ ကိုယ့်ကို ခေါ်မှာလား မခေါ်ဘူးလား ဆိုတာကို လက်ညှိုးနဲ့ လက်ခလယ်နဲ့ နှစ်ထပ်ပုံစံကွင်းလုပ်ပြီး ကိုယ်နဲ့ဆက်ခေါ်မယ်ဆို လက်နှစ်ချောင်းကို ဖိလိုက်ရုံ။ မခေါ်ရင်တော့ လက်နှစ်ချောင်းကြား လက်ညိုးထိုးထည့်ကာ မခေါ်ဘူးဟာ ပြတ်တယ်ဟာ ဆိုပြီး စိတ်ဆိုးကြခဲ့ဖူးတဲ့ ကလေးဘဝက ဆက်သွယ်ရေး သင်္ကေတလေးကိုရော မှတ်မိတဲ့သူတွေ ရှိပါ့မလား…

  • ကလိန်ကလောင်ကလက် ချဉ်ပေါင်ရွက်

”ကလိန်ကလောင် ကလက်ချဉ်ပေါင်ရွက် ”ဆိုပြီး လူနှစ်ယောက်က ခြေထောက်ကားပြီး နှစ်ယောက်သားခြေဖဝါးဆုံ တဲ့နေရာပေါ် အသားမထိအောင် ခုန်ကစားရတဲ့ ကစားနည်းမျိုးလေး မှတ်မိကြလား ယောင်းတို့.. ဆိုတဲ့ ကဗျာလေးတော့ ပြောင်းသွားမှာပေါ့နော်… အဲ့အချိန်တုန်းက ခြေသလုံးတက်နင်းမိရင် သေအောင်နာပေမယ့် ခြေထောက် အနာထက် ကိုယ်အလှည့်ရောက်လို့ သေအောင်ပျော်တဲ့ စိတ်က ကြီးစိုးနေတာမျိုးလေ…

Related Article >>> ၁၉၉၀ ကျော်က ငယ်ဘဝလေးကို ပြန်သွားကြရအောင်…

  • တူတူပုန်း ကစားနည်း ။

ခုခေတ်ကလေးတွေလည်း ကစားနေကြတော့ သိပ်တော့ မပပျောက်သေးတဲ့ ကစားနည်းပေါ့။

  • အိုးပုတ်ချိုးရုပ်

အကြော်တွေလုပ် အသုပ်တွေလုပ်ပြီး အိမ်ရှင်မလုပ်ရတဲ့ ကစားနည်း။ အိုးပုတ် ချိုးရုပ် အသွယ်သွယ်နဲ့ ကိုယ့်လောက် ဟင်းချက်ကောင်းတဲ့ စားဖိုမှူး ဒီကမ္ဘာမှာ ရှိမယ်မထင်ခဲ့ဘူး။ သုပ်ရတဲ့ အသုပ်ဆိုလည်း လက်မလည်ဘူး။ အိမ်နီးချင်းလည်း ဟင်းတွေ ပေးရသေးတယ်လေ။ ပျော်တော့ ပျော်စရာ…

  • အဝတ်အစားတွေ ချုပ်ကြမယ်

အရုပ်မတွေအစား စက္ကူချောချောတွေကို ကတ်ကြေးနဲ့ကိုက်ပြီး ဂါဝန်မျိုးစုံလုပ် ကစားနည်း။ ယောက်ျားလေးအရုပ်ဆို တိုက်ပုံ မိန်းကလေးအရုပ်ဆို များလိုက်တဲ့ ဒီဇိုင်းဂါဝန်ဆိုတာ စက္ကူတော့ တော်တော်ကုန်ခဲ့တယ် 😀 လုပ်ဖူးတယ်ဟုတ်?

  • အရောင်းအဝယ်တွေလည်း လုပ်ကြမယ်

ထီလက်မှတ်တွေကို ပိုက်ဆံလုပ် အချင်းချင်းရောင်းဝင်ကြတဲ့ ကစားနည်းပေါ့။ ငယ်ငယ်က ထီလက်မှတ်တွေ လိုက်သိမ်းရတာလည်း မနည်းပေါ့… တကယ်သာ ပိုက်ဆံဖြစ်ရင်တော့ ကိုယ်က မီလျံနာပဲလေ..

 

  • ကျောက်ကျောလေးလည်းထိုးဦးမယ်..

ဆီကြိတ်ရတာ အလုပ်တစ်ခုပေါ့.. ကျောက်ကျောရွက်လို့ခေါ်တဲ့ အရွက်တွေကို ခြေ၊ ကြိတ်ပြီး ရလာတဲ့အရည်တွေကို ဆီလုပ်ပြီး ရောင်း… ပိုသွားရင်တော့ ရှိထားတဲ့ အရည်တွေကို နေပူလှမ်း၊ ကျောက်ကျောတွေလုပ်လို့ ကျောက်ကျောထိုးကြတာလည်း ပျော်စရာပေါ့… အဲ့အရွက်တွေ ခုချိန်မြင်ရရင်တောင် မှတ်မိပါဦးမလား…

  • ပုံတူဆွဲကြမယ်ဆိုရင်

ငယ်ငယ်က ဖတ်စာအုပ်က ပုံတွေကို အောက်က မင်ကာခံပြီး ပုံတူကို ခဲတံထူထူနဲ့ဆွဲ၊ ပုံတူတွေယူပြီး အချင်းချင်းရဲ့ ဘယ်သူက ပုံထပ်တူ လိုက်ဆွဲနိုင်သလဲ ပြိုင်ကြတာမျိုးလေ..  ဖတ်စာအုပ်တွေ မင်တွေနဲ့ပြာနေလို့ အမေရိုက်တာလည်း ခံရဖူးတာပေါ့…

  • အရိုက်ခံရမှာ ကြောက်ရင်… 

မဟုတ်တာလုပ်ထားပြီး အိမ်ကိုကြောက်ခဲ့ရင် တစ်ယောက်နဲ့တစ်ယောက် အသက်ကိုအောင့် ကျောကို ခုနစ်ချက်ပုတ်ပြီး အိမ်အပြန် ရဲဆေးတင်လို့ ပြန်ခဲ့ဖူးတယ်။ ကျောပုတ်လည်း အမေကတော့ ရိုက်တာပါပဲ။ 😀 ဒါလည်း နောက်တစ်ခါ ဒါမျိုးဖြစ်လာရင် ဒီလိုပဲ လုပ်နေကြဆဲပါပဲ…

  • ကျောင်းပြန်တော့မယ်ဆိုရင်… 

ကျောင်းပြန်ရင် တစ်ယောက်နဲ့တစ်ယောက်ခွဲခံနီး ”အပြန်လက်ဆောင် မုန့်လက်ဆောင် အပြန်လက်သီး မုန့်လက်သီး ”ဆိုပြီး ရွတ်၊ သူငယ်ချင်းကျောကို တအုန်းအုန်းထုလို့ အချင်းချင်း ဦးသူက ဆော်ပြီး အချင်းချင်း လမ်းခွဲခဲ့ကြဖူးတာပေါ့။

ခုချိန်မှာတော့ ကစားနည်းတွေလည်းပြောင်းကုန်ပါပြီ။ ဒီကစားနည်းတွေကို သိချင်မှလည်း သိတော့မယ်။ ကစားချင်မှလည်းကစားတော့မယ်။ ဒါပေမဲ့ ဘယ်တော့မှ မေ့မယ်မထင်ဘူး။ ဒီသူငယ်ချင်းတွေ ရှိသ၍ ဒီကစားနည်းတွေကို ပြန်တွေ့တိုင်း စားမြှုံ့ပြန်နေဖြစ်ဦးမှာပါ။ ဒီထက် အသက်ကြီးလာရင်တော့ မေမေတို့ ငယ်ငယ်တုန်းကပေါ့ ဆိုတာမျိုးလည်း ဖြစ်သွားနိုင်တာပါပဲ..

ယောင်းတို့ကော အထက်က ကစားနည်းတွေကို ကစားခဲ့ဖူးလား.. လုပ်ခဲ့ဖူးလား။ ဒီဆောင်းပါးလေး ဖတ်နေရင်း ငယ်သူငယ်ချင်းတွေကို ပြေးမြင်လို့ ငယ်ဘဝကို ရုပ်လုံးဖော်လို့ မသိမသာလေးများ ပြုံးလိုက်မိသေးလား။  ဒါဆို ဘယ်ကစားနည်းတွေ ကျန်နေသေးလဲ ကွန်မန့်မှာ ရေးပေးခဲ့နော်။

Wai Zin (For Her Myanmar )

Wai Zin
Wai Zin

နာမည်ကတော့ ဝေဇင်ဦး ပါ။အသက်ကတော့ ၂၄ ။စာပေနဲ့ပတ်သက်ရင် ဝါသနာက တားမနိုင်စီးမရ မို့လို့ စာတွေရေးရမယ်ဆို ထမင်းမေ့ ဟင်းမေ့တတ်တဲ့သူပေါ့။ အမျိုးသမီးထု အတွက် တစ်တပ်တစ်အားဖြစ်ရမယ် ဆိုတဲ့ ခံယူချက်ကို လက်ကိုင်ထားရင်း စာတွေပိုရေးဖြစ်ပါတယ်။

error: Content is protected !!