ကြောင်လေးတွေကို အသည်းကွဲစေတဲ့အပြုအမူတွေ

ခေးတို့ အသည်းက တကယ်တော့ နုနုလေးပါ… :'(

မင်္ဂလာပါ ယောင်းတို့ရေ။ ဒီနေ့တော့ Yukiက ကြောင်ချစ်သူ ယောင်းယောင်းတို့အတွက် ကြောင်လေးတွေအကြောင်းပြောပြမယ်နော်။ ဟိုတစ်ခေါက်ကတော့ ကြောင်လေးတွေရဲ့ အမူအရာတွေကနေ သိနိုင်မယ့် သူတို့ရဲ့ ဘာသာစကားလေးတွေကို ပြောပြပြီးပြီ။ ဒီတစ်ခါတော့ ယောင်းတို့ Yuki တို့ရဲ့ ဘယ်လို အပြုအမူလေးတွေဟာ သူတို့ စိတ်လေးတွေ နှလုံးသားလေးတွေကို ထိခိုက်နာကျင်စေလဲ ဆိုတာပြောပြမယ်နော်။

(၁) ခေးကို မအော်ပါနဲ့။ 

မအော်ပါနဲ!!! ကောင်းကောင်းပြောလည်း နားလည်တယ်!

ကြောင်လေးတွေရဲ့ နားရွက်တွေဟာ အသံကျယ်ကျယ်တွေကို အရမ်း ထိခိုက်တုန့်ပြန်လွယ်ကြပါတယ်။ ဒီတော့ ကြောင်လေးတွေကို ဆူပူအော်ဟစ်တာဟာ တို့တွေထင်ထားတာထက်ပိုပြီး ကြောင်လေးတွေကို ထိတ်လန့်စေတတ်ပါတယ်။ ဒီတော့ သူတို့လေးတွေ ဆိုးလို့ ဆူမယ်ဆိုရင် အော်ဟစ်ပြီး မဆူမိဖို့ အရေးကြီးပါတယ်။ သူတို့လေးတွေဟာ အရမ်းအကင်းပါးတဲ့သူတွေမို့လို့ နည်းနည်းလေး လေးသံမာမာ ပြောရင်တောင် သူတို့မှားမှန်းသိကြပါတယ်။ သူတို့အပြစ်လုပ်ထားတာ တစ်ခုကိုပြပြီး နည်းနည်းလောက် လေသံမာမာနဲ့ ဆုံးမလိုက်ရင် သူတို့သိပါတယ်။ ဒီလောက်ဆို လုံလောက်ပါပြီ။ အသံအကျယ်ကြီးအော်ပြီး ဆူပူတာမျိုးကိုတော့ လုံးဝမလုပ်ဖို့ သတိပေးချင်ပါတယ်ကွယ်။ ပြီးတော့ ဆူပူတာမှမဟုတ်ပါဘူး။ သူတို့လေးတွေနဲ့ တူတူနေပြီဆိုရင် ပုံမှန်ထက်ပိုကျယ်တဲ့ အသံတွေနဲ့ ရယ်တာ စကားပြောတာတွေကိုပါ အတတ်နိုင်ဆုံးရှောင်စေချင်ပါတယ်။ ဘာလို့ဆို သူတို့လေးတွေလည်း စိတ်ပူတတ်လို့ပါ။ တို့တွေက သာမန်ကျယ်ကျယ်ပြောနေကျထက် ပိုကျယ်ကျယ်အော်ဟစ်ပြောလိုက်မယ် အော်ရယ်မယ် သီချင်းအော်ဆိုမယ် ဆိုရင် သူတို့အတွက် စိတ်အနှောက်အယှက်ဖြစ်ရတဲ့အပြင် သခင်တွေများ တစ်ခုခုဖြစ်နေသလားလို့ စိတ်ပူတတ်ကြပါတယ်တဲ့…

Yuki ရဲ့ နှစ်တစ်ထောင်ကြောင်ဘွားဘွားဆို Yuki စိတ်ဖိစီးလို့ သီချင်းအော်ဆိုတာနဲ့ သာမန်သီချင်းဆိုတာ အရမ်းခွဲတတ်ပါတယ်။ စိတ်ညစ်လို့ သီချင်းအော်ဆိုမိပြီဆို ခံစားချက်တွေဖွင့်ထုတ်ပြီး အော်ဟစ်တဲ့ အသံကြောင့် ကြားရာအရပ်ကပြေးလာပြီး Yuki ဘေးမှာ မေးတဲ့ အသံလေးနဲ့ ပျာရိပျာယာ အော်တာ လက်တွေ ခြေထောက်တွေကို ဖွဖွလေးကိုက်တာမျိုး လုပ်တဲ့အပြင် Yuki မိဘတွေကိုပါ ပျာပျာသလဲသွား သတိပေးတတ်ပါတယ်။ Yuki ငယ်ငယ်က ကြောင်မကြီးလည်း ဒီလိုပါပဲ။ Yuki များ စာကို အာခေါင်ခြစ်အော်ကျက်မိပြီဆိုရင် `ကလေး ဘာများဖြစ်လဲ´ ဆိုတဲ့ အမူအရာနဲ့ ပျာယာခတ်နေတဲ့ အပြင် လူကြီးတွေကိုပါ `မတားရကောင်းလား´ ဆိုတဲ့အမူအယာနဲ့ ကိုက်တတ်ပါတယ်။ ဒီအမူအယာလေးတွေက Yuki မှမဟုတ်ပါဘူး။ ကြောင်မွေးဖူးတဲ့ ယောင်းလေးတွေတိုင်း ကြုံဖူးကြမှာပါ။ ဒီအမူအရာလေးတွေဟာ အထူးသဖြင့် သားသားလေးတွေထက် မီးမီးကြောင်မလေးတွေမှာ ပိုသိသာတတ်ပါတယ်။ မိန်းကလေး သဘာဝကိုက စပ်စုတတ် စိုးရိမ်တတ် စိတ်ပူတတ်ကြတာကိုး။

(၂) ခေး နေမကောင်းဘူး။ မသိချင်ယောင်ဆောင်မနေနဲ့။

ခေးကျန်းမာရေးကို ဂရုစိုက်ပေးပါနော်။

ကြောင်လေးတွေဟာ နာကျင်မှုကို အောင့်အည်းသည်းခံပြီး ဖုံးကွယ်နိုင်တဲ့နေရာမှာ ဆရာကြီးတွေပါတဲ့။ `ကြောင်ရိုက် မနာ´ ဆိုတဲ့ စကားကို ယောင်းတို့ကြားဖူးကြမှာပေါ့။ တကယ်တော့ ကြောင်က မနာတတ်တာမဟုတ်ပါဘူး။ သူလည်း သွေးနဲ့ သားနဲ့ ဖွဲ့စည်းထားတဲ့ သက်ရှိပဲ အရုပ်မှမဟုတ်တာ။ နာတာပေါ့။ ဒါပေမဲ့ သူတို့နာတယ်ဆိုတာကို မဖော်ပြကြတာပါ။ ဒီတော့ တို့တွေက သူတို့လေးတွေ နေမကောင်းတဲ့အခါ ပိုဂရုစိုက်ပေးရမှာပေါ့။ တိရစ္ဆာန်လေးတွေမို့ စကားမပြောတတ်ရတဲ့ အထဲ နာကျင်မှုကို ဖုံးထားကြတော့ ပိုဆိုးတာပေါ့။ ဒီတော့ သူတို့လေးတွေနေမကောင်းချိန် တစ်နေရာရာမှာဒဏ်ရာရနေချိန်တွေမှာ ဒဏ်ရာလေးကို ပုံမှန်ထက်ပိုလျက်နေတာတို့ နားရွက်ကို ခါတိုင်းထက်ပိုကုတ်နေတာတို့ တွေ့တဲ့အခါ သူတို့လေးတွေကို အာရုံစိုက်ပေးသင့်ပါတယ်။ ဆေးခန်းပြပြီးသား ဆေးထည့်ပြီးသား ဆိုရင်လည်း သူ့လည်ပင်းလေး ခေါင်းလေးကိုပွတ်ပြီး နှစ်သိမ့်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးရမှာပါ။ အဲ့လိုမလုပ်ဘဲ `အို ဆေးခန်းပြပြီးသားပဲ ကောင်းသွားမှာပါ´ ဆိုပြီးပစ်ထားလိုက်ရင် သူတို့စိတ်ထဲမှာ ဝမ်းနည်းနာကျင်သွားတတ်ပါတယ်။ ဘာလို့ဆို ယောင်းတို့ကို သူတို့က မိသားစု အဖြစ်သတ်မှတ်ထားတာလေ။ မိသားစုဆိုတာ မိသားစုဝင်တစ်ယောက်နေမကောင်းချိန် နှစ်သိမ့်ပေးရမယ် လုံခြုံနွေးထွေးမှုပေးရမယ် မဟုတ်လား။

(၃) ခေးကြောက်တယ်။ မထားခဲ့ပါနဲ့။

အမှောင်ကြောက်လို့ဟုတ်ပါဘူး။ ပစ်သွားမှာကြောက်တာပါ။

ဒီအချက်လေးကိုတော့ ခြံနဲ့ဝင်းနဲ့နေတဲ့ ယောင်းတို့ထက် တိုက်ခန်းနဲ့နေတဲ့ ယောင်းတို့က ပိုသတိထားသင့်ပါတယ်။ ကြောင်တွေဆိုတာ ကျားကြီးတွေလို အမှောင်ထဲမှာ အမဲလိုက်တတ်ကြတဲ့ သတ္တဝါလေးတွေလို့ တို့ သိထားကြတယ် မဟုတ်လား။ တကယ်တော့ အိမ်မွေးကြောင်လေးတွေက အမှောင်မကြောက်ပေမဲ့ အထီးကျန်ရမှာကိုတော့ တကယ်ကြောက်တတ်ကြပါတယ်။ ညဘက် ယောင်းတို့ အပြင်ထွက်သွားတဲ့အခါ ပူတူတူးလေးကို မီးတွေမှောင်နေတဲ့ အိမ်မှာတစ်ကောင်တည်း ထားခဲ့ရင်တော့ သူတို့အသည်းကို ခွဲသလိုဖြစ်သွားမှာပါပဲ။ ဘာလို့ဆို အဲ့လိုအချိန်တွေမှာ သူတို့ကို စွန့်ပစ်သွားပြီလို့ထင်ပြီး အထီးကျန် ဝမ်းနည်းတတ်ကြလို့ပါပဲ။ ဒီတော့ တစ်အိမ်သားလုံး ညဘက်အပြင်သွားကြမယ်ဆိုရင် မိန်းခလုတ်တွေချခဲ့ရင်တောင် အလင်းအားကောင်းတဲ့ ဘတ်ထရီမီးလုံးလေးတစ်လုံးလောက်တော့ ထွန်းပေးခဲ့ဖို့လိုပါတယ်။ ပြီးရင် လေဝင်လေထွက်ကောင်းတဲ့ လုံခြုံရေးလည်း စိတ်ချရတဲ့ ပြူတင်းပေါက်တစ်ပေါက်လောက် ဖွင့်ပေးခဲ့ပါနော်။ သဘောကတော့ `မီးထွန်းထားတယ် ပြူတင်းပေါက်လည်းဖွင့်ခဲ့တယ် ပြန်လာခဲ့မှာ မကြောက်နဲ့´ ပေါ့။

Related Article >>> ယောင်းတို့ မသိသေးတဲ့ ပူစီလေးတို့ရဲ့ လျှို့ဝှက်ချက်

(၄) ခေးအိမ်သာ ညစ်ပတ်နေတယ်!

သန့်နေမှ ပါလို့ ပေါက်လို့ ကောင်းမှာပေါ့။မေမေရဲ့!

ယောင်းတို့ရေ တစ်နေရာကို အလည်သွားလို့ အန္တရာယ်မလွယ်နိုင်တဲ့အခါ အဲ့နေရာက အိမ်သာတွေ ညစ်ပတ်နေရင် ယောင်းတို့ဘယ်လိုခံစားရမလဲ။ ကြောင်လေးတွေလည်း ဒီလိုပဲပေါ့။ သူတို့ အိမ်သာဖြစ်တဲ့ ကြောင်သဲဗန်းလေးတွေ ပြာဗန်းလေးတွေမှာ လက်နဲ့ ယက်ဖုံးလို့မရလောက်အောင် ရှူရှူးတွေ အီအီးတွေ ပြည့်နေရင် စိတ်ညစ်တတ်ကြပါတယ်။ သူတို့ကိုယ်တိုင်လည်း လဲမှမလဲ တတ်တာနော်။ ကြောင်လေးတွေ သူတို့အိမ်သာမှာ မသွားပဲ ကုတင်အောက်တွေ ကုလားထိုင်အောက်တွေမှာ အီအီးတွေ ရှူရှူးတွေပါထားရင် သူတို့သတ်မှတ်နေရာလေး မသန့်ရှင်းလို့ဖြစ်နိုင်ပါတယ်။ (ဒီအကြောင်းကို ကြောင်လေးတွေရဲ့ ဘာသာစကားမှာ ပြောပြဖူးပါတယ်) ဒီတော့ သူတို့အတွက် သန့်ရှင်းတဲ့ ကိုယ်ပိုင်အိမ်သာလေးဖြစ်အောင်လို့ ဂရုစိုက်ပေးလိုက်ရင် သူတို့လည်းစိတ်ချမ်းသာ ကိုယ်လည်း အီးနံ့ ရှူးနံ့ မနံတော့ဘူးပေါ့။

(၅) ခေးကို လာမစပါနဲ့!!!

စနဲ့နော်! ကြိုက်ဘူး!!!

ယောင်းတို့ အစ်ကိုတွေ ချစ်ချစ်တွေက ယောင်းတို့ကို အရမ်းစရင် ယောင်းတို့ ဘယ်လိုခံစားရမလဲ။ ချစ်ကလည်းချစ် မခေါ်ပဲလည်းမနေနိုင် ဝမ်းကလည်းနည်း စိတ်ကလည်းညစ် ခံရခက်ကြီးနော်။ ကြောင်လေးတွေလည်း ဒီလိုပါပဲ။ အလွန်အကျွံ စနောက်တာမျိုးတွေကို မကြိုက်ပါဘူး။ သူတို့ အမြီးကိုဆွဲတာ အိပ်နေတုန်း အတင်းနှိုးတာ အစာကျွေးမယ်လုပ်ပြီးမှ မကျွေးတော့တာ အမွေးတွေပြောင်လက်နေအောင် လျက်ပြီး သ,နေချိန်မှာ လက်နဲ့ကိုင်တာ လက်ညှိုးငေါက်ငေါက်ထိုးပြီး စကားပြောတာ သူတို့ခန္ဓာကိုယ်ကို လေနဲ့မှုတ်တာတွေကို လုံးဝ မလုပ်သင့်ပါဘူး။ သူတို့လေးတွေ စိတ်ပင်ပန်းတာ ကနေ စိတ်ဓာတ်ကျတာထိဖြစ်သွားတတ်လို့ပါတဲ့။ ငါမွေးထားတဲ့ ငါကျွေးထားတဲ့ ကြောင် ငါလုပ်တာခံရမယ် ဆိုတဲ့စိတ်မျိုးကတော့ လုံးဝကို မထားသင့်တဲ့စိတ်ပါပဲ။ မသိနားမလည်တဲ့ ကလေးတွေ ကြောင်မချစ်တဲ့ တခြားသူတွေကိုလည်း ကိုယ့်ကြောင်ကို အလွန်အကျွံ မစနောက်အောင် တားပါ ယောင်းတို့ရေ… လူတိုင်းမှာ ကိုယ်ချင်းစာစိတ်လေးမွေးဖို့ လိုတယ်လေ ယောင်းတို့ရယ်။ သူတို့နေရာမှာ ကိုယ်သာဆိုကြိုက်မလားလို့ တွေးကြည့်ကြသင့်တာပေါ့။

(၅) ရေဆာတယ် မေမေ။ ခေး ရေတွေ ညစ်ပတ်နေတယ်!!!

ဒီရေတေမသောက်ချင်ပု !

ရေဟာ သတ္တဝါတိုင်းအတွက် မရှိမဖြစ်ဆိုတာ ယောင်းတို့သိထားပြီးသားပါနော်။ ခုလိုပူတဲ့ ရာသီဆို ရေကိုပိုလိုအပ်တာပေါ့။ ကိုယ့်ပူတူတူးတွေရဲ့ ရေခွက်လေးတွေထဲမှာ ရေရှိမရှိ။ ရှိတဲ့ရေ ကရော သန့်ရဲ့လား။ အကောင်တွေ ကျသေနေလား။ အမှုန်တွေ ဆံပင်ချည်တွေဝင်နေလာ အမြဲ ဂရုစိုက်ပေးသင့်ပါတယ်။ တို့တွေ ရေမသန့်ရင် မသောက်ချင်သလို သူတို့လည်း ဖုန်တွေ ဆံပင်ချည်တွေနဲ့ ညစ်ပတ်နေတဲ့ရေ ဘယ်သောက်ချင်ပါ့မလဲ။ ကြောင်လေးတွေဟာ သူတို့ရဲ့ အသင့်စား ကြောင်စာတွေကြောင့် ကျောက်ကပ်ရောဂါ အသည်းရောဂါ ဖြစ်လေ့ရှိတာမို့ ပိုသတိထားပေးသင့်ပါတယ်။ တစ်ခါက Yuki ကြောင်ဘွားဘွားဆို ညဘက်အိပ်ခါနီး သောက်ရေလဲပေးထားတာကို ဘာတွေလာပြောနေမှန်းမသိဘူး။

တညောင်ညောင်နဲ့ သူရေသောက်တဲ့နေရာပဲ အတင်းခေါ်နေတာ။ Yuki လည်း ခုပဲ လဲပေးခဲ့တာဆိုတော့ ထမကြည့်မိဘူး။ နောက်အော်လွန်းမက အော်လို့ ထကြည့်မိတော့ အံမယ်လေး သူ့ရေခွက်ထဲမှာ သူခုတ်ထားတဲ့ အိမ်မြှောင်က ပက်လက်မျောနေပါရော။ ဒီတော့ သူတို့ရေခွက်လေးတွေကို အမြဲဂရုစိုက်ပြီး ရေဖြည့်ပေး အသစ်လဲပေးသင့်တာပေါ့ကွယ်။ အဲ မေ့လို့ ရေထည့်တဲ့ခွက်လေးတွေကိုလည်း အနည်းဆုံး နှစ်ရက်တစ်ခါလောက် သုံးရက်တစ်ခါလောက် တိုက်ချွတ်ဆေးကြောပေးပါဦးနော်။

Related Article >>> ယောင်းတို့ မသိသေးတဲ့ ပူစီလေးတို့ရဲ့ လျှို့ဝှက်ချက်

(၆) ခေးတို့ကို မရိုက်ပါနဲ့.. 

ရိုက်နက်နော်

ကိုယ်ချစ်လို့ မွေးထားတဲ့ ကြောင်လေးတွေကို မရိုက်ပါနဲ့ ယောင်းတို့ရေ။ ကြောင်လေးတွေ ခွေးလေးတွေလည်း ကလေးတွေလိုပါပဲ။ မသိနားမလည်တာလေးတွေရှိတဲ့ အပြင် အသည်းနှလုံးလေးတွေလည်း နုနယ်ကြပါတယ်။ ရိုက်နှက်ဆုံးမလိုက်မယ်ဆိုရင်တော့ အရိုက်ခံရလို့ နာတာထက်ကို သူတို့လေးတွေရဲ့ အသည်းနှလုံးလေးတွေက ပိုနာကျင်တတ်ကြပါတယ်။ သတ်မှတ်နေရာမဟုတ်ဘဲ အညစ်အကြေးစွန့်ထားတဲ့အခါ ဆိုဖာတွေ ထိုင်ခုံတွေကို ကုတ်ခြစ်ထားတာဟာ သူတို့ လိုအပ်ချက်တစ်ခုခုရှိနေလို့ သူတို့ဆန္ဒလေးတွေကို ပြောပြနေတာပါ။ ဒါမှမဟုတ် ကျန်းမာရေးပြဿနာ တစ်ခုခုရှိနေလို့ပေါ့။ ဒါကိုရိုက်နှက်ဆုံးမလိုက်မယ် လိုတာထက် ပိုပြီးဆူပူလိုက်မယ်ဆိုရင်တော့ သူတို့စိတ်လေးတွေ ဝမ်းနည်း နာကျင်သွားတတ်ပါတယ်။ ဆူပူအော်ဟစ်တာ အခန်းထဲ ထည့်ပိတ်ထားတာ အစာမကျွေးတာ စတဲ့တခြား အပြစ်ပေးနည်းတွေလည်း အတူတူပါပဲ။ သူတို့ တစ်ခုခုလုပ်လို့ အပြစ်ပေးတယ် လို့ မတွေးမိဘဲ ငါ့သခင်က ငါ့ကိုရက်စက်လိုက်တာလို့ ပဲ တွေးမိကြမှာပါ။ တိရစ္ဆာန်လေးတွေဆိုတာ မသိနားမလည်တဲ့ ကလေးလေးတွေနဲ့ အတူတူကိုး။

(၇) အသေးစိတ်လေးတွေ ဂရုမစိုက်တော့လည့်း ဝမ်းနည်းတယ် လို့…

ဝမ်းနည်းတယ်

Yuki အပေါ်အချက်တွေမှာ ပြောခဲ့သလိုပါပဲ။ သူတို့လေးတွေဟာ နာကျင်မှုကို သည်းခံနိုင်စွမ်းရှိတဲ့အပြင် သူတို့လိုတာကို ထုတ်မပြောတတ်ကြပါဘူး။ ဒီတော့ တို့တွေက ဂရုစိုက်ပေးသင့်တာပေါ့။ နားရွက်ကို အရမ်းကုတ်နေတဲ့အခါ ခေါင်းတခါခါ လုပ်နေတဲ့အခါ နားရွက်ထဲမှာ အနာတွေများရှိနေလား။ အစားနည်းသွားတဲ့ အခါ အစားကိုမဝါးဘဲ မြိုချတဲ့အခါ သွားဖုံးလေးတွေများနာနေလား။ မျက်လုံးမှာရော မျက်ဝတ်လေးတွေပိတ်နေလား။ တခြားကြောင်တွေဆီက သန်းတွေများကူးလာပြီလား စသည်ဖြင့် အသေးစိတ်လေးတွေကအစ ဂရုစိုက်ပေးသင့်ပါတယ်။ တကယ်တော့ ကြောင်လေးတွေဟာ ဂရုစိုက်တာ အာရုံစိုက်တာ သိပ်ခံချင်ကြတဲ့သူတွေပါ။ ယောင်းတို့ အလုပ်တွေလုပ် စာတွေကျက်နေတုန်း စာအုပ်ပေါ် ဝပ်ချတာ ကွန်ပျူတာပေါ်ဖိထိုင်တာမျိုးတွေဟာ ဂရုစိုက်ခံချင်လို့ပါ။ ဒီအပြုအမူလေးတွေကို မသိချင်ယောင်ဆောင်လိုက်ရင်တော့ ခေးတွေအသည်းကိုခွဲသလို ဖြစ်သွားပါလိမ့်မယ် ယောင်းတို့ရေ။

ကဲ ယောင်းတို့ရေ Yuki ကတော့ လူမှန်းသိကတည်းက ကြောင်တွေနဲ့ နေလာသူမို့ ပြောမရဆိုမရ ရိုက်မရအောင် ဆိုးလွန်းတဲ့ ကြောင်ကြီးတွေကနေ နည်းနည်းလေး လေသံမာ သွားတာနဲ့ သိသိသာသာ မျက်နှာငယ်သွားတတ်တဲ့ ကြောင်တွေထိ မျိုးစုံကြုံဖူးပါတယ်။ ဒါပေမဲ့ သေချာပြန်စဉ်းစားတဲ့အခါ ပြောမရဆိုမရ ရိုက်မရအောင် ဆိုးလွန်းတဲ့ ကြောင်ကြီးတွေဟာ တကယ်ပဲ ဆိုးလွန်းတာလား။ Yuki တို့လူတွေကများ သူတို့ပြောချင်တာကို သဘောမပေါက်ကြလို့ ဆန္ဒပြတာလားလို့ တွေးမိပါတယ်။ တစ်ခါတလေလည်း ဈေးကဝယ်လာတဲ့ ကြက်သားထုပ်ကို အရိုက်ခံ ဆွဲတတ်ပေမယ့် `သားကြီးရေ´ လို့များ ခေါ်မိရင် အိပ်ပျော်နေတာတောင် နှုတ်ခမ်းမွေးကြီးတွေထောင်လာအောင် ထူးတဲ့ ကြောင်ကြီးတွေအကြောင်းကိုလည်း စဉ်းစားမိပါတယ်။

ဒီတော့ အကောင်းနဲ့ အဆိုးဒွန်တွဲနေတဲ့ တို့လူသားတွေကိုတောင် သည်းခံပေါင်းသင်းရသေးတာပဲ။ ကလေးတွေ မလိမ္မာရင်လည်း သေချာနားလည်အောင် ပြောဆိုဆုံးမရသေးတာပဲ။ ကိုယ်ချစ်လို့ မွေးထားတဲ့ ကြောင်လေးတွေကို ဘာလို့များ ဝမ်းနည်းအောင် စိတ်ထိခိုက်အောင် လုပ်ကြမှာလဲနော်။ သူတို့လေးတွေလည်း ခံစားချက်လေးတွေ အသိဥာဏ်လေးတွေနဲ့မို့ ကိုယ်က သူတို့အကြောင်းနားလည်ထားရင် သူတို့လည်းစိတ်ချမ်းသာ ကိုယ်လည်း ပျော်ရွှင်ရမယ် မဟုတ်လားကွယ်။

ယောင်းတို့နဲ့ ပူတူတူးတို့ ကျန်းမာပျော်ရွှင်ကြပါစေ။

Miyuki(For Her Myanmar)

Reference : Purr World , Cat Behavior Associates

No Comments Yet

Leave a Reply

Your email address will not be published.