ရန်ကုန်မိုးနှင့်ကျွန်မ

ရန်ကုန်မိုးရာသီကို ဒီလိုမှတ်ချက် ချမိတယ် ယောင်းတို့ရေ

ရာသီဥတု သုံးမျိုးရှိတဲ့ထဲ မိုးရာသီကို အရမ်းချစ်ပါတယ်နော်။ ဟိုးအဝေးကြီးကနေ ခပ်ကျဲကျဲတစ်မျိုး ခပ်စိပ်စိပ်တစ်ဖုံ ရေပေါက်တွေကျလာတယ် ဆိုတာကို ကြိုက်တာ။ သဘောကျတာ။ မြန်မာနိုင်ငံမှာ အလယ်ပိုင်း မိုးခေါင်ရပ်ဝန်းဒေသမှာ ကြီးပြင်းလာတဲ့ စာရေးသူကတော့ မရွာရင် မရွာဘူး ရွာပြီဆိုလည်း မစဲတဲ့ အညာမိုးကို နှစ်တိုင်းမျှော်တယ် ရွာတိုင်းလည်းပျော်ပါတယ်။

မြို့ပြရန်ကုန်ရောက်လာတော့ မိုးကိုချစ်တဲ့စိတ်က လျော့လာတယ်။ အညာမှာဆို မိုးရွာမယ်ဆို မိုးရွာမယ့် အရိပ်အယောင်က ပြသေးတယ်လေ။ ရန်ကုန်မှာတော့ မိုးက ဘာမပြောညာမပြော ရွာချတယ်။ မိုးသံလေသံမပေး တအုံးးးအုံးးးး နဲ့ ရွာချတယ်။မိုးမချိမ်း လျှပ်စီးမလက်လည်း သည်းနေအောင်ရွာတဲ့ရန်ကုန်မိုး ကို လန့်လည်းလန့်တယ် ။

ကိုယ့်အရပ်ဒေသမှာတော့ ထီးတွေ ဦးထုပ်တွေကို လုံးဝမဆောင်ထားဘူး မှန်တာပြော ကိုင်တောင်မကြည့်ပါဘူး။ ရန်ကုန်ရောက်တော့ ဘယ်သွားသွား ခေါက်ထီးလေးတော့ ဆောင်ရတယ်။ လေးလည်းပဲ အလေးခံသယ်ရတယ် ။ မသယ်ရင် သူရွာချင်ရင် နေပူနေလည်း ရွာချနေတဲ့ ကိုကိုရန်ကုန်မိုးကို ကြောက်တယ်လေ။ရန်ကုန်မိုးက ကြောက်ပေမယ့် ခေါက်ထီးကိုပဲ ဆောင်ထားတတ်ပါသေးတယ်။ ရန်ကုန်သူ ရန်ကုန်သား (ရန်ကုန်အထာကျနေသူတွေ)ကတော့ ထီးကောက်ကြီးတွေကို ပခုံးမှာချိတ်လိုက်၊ လွယ်ထားတဲ့အိတ်မှာချိတ်လိုက် ၊ လက်ကောက်ဝတ်မှာ ချိတ်လိုက် နဲ့ တဝီဝီ ခရီးသွားတတ် လမ်းလျှောက်တတ်ပါတယ်။ စာရေးသူကတော့ ရန်ကုန်မိုးကိုကြောက်ပေမယ့် တစ်ကိုယ်ရည်မလုံတဲ့ ခေါက်ထီးလေးကိုပဲ ဆောင်ရဲသေးတယ်။

ရန်ကုန်မိုး ကို ရန်ကုန်သူတွေအတွက် မဆန်းပေမယ့် ခုမှ ရန်ကုန်အထာကျသူတွေကတော့ မနည်းလိုက်ယူနေရပါတယ်။ရန်ကုန်မိုးက အချိုးမကျသေးတဲ့ စာရေးသူကို ဒီလိုနှိပ်စက်တယ်?

၂၄နာရီ ရွာချင်ရွာနေတယ်
တစ်မိနစ်လောက်ရွာလိုက်တယ် ရွှဲကနဲစိုသွားတယ် တစ်နေ့လုံး မိုးတိတ်သွားပြန်တယ်။ နေပူနေတယ် မိုးရွာချတယ် လူက နှာရောဂါထလာပြန်တယ်။
မွေးကတည်းက မိုးရွာရင် ညဘက်သာရွာတာများတယ်လို့မှတ်နေပေမယ့် အလုပ်သွားခါနီးမှ ခဏခဏရွာတဲ့ ရန်ကုန်မိုးပေါ့။
မိုးမခြိမ်း လျှပ်စီးမလက်လည်း ၂၄နာရီလုံးရွာနေတဲ့ ရန်ကုန်မိုးပေါ့။
မိုးရွာလိုက်ရင် မြောင်းရေထဲ ဆင်းကူးရတဲ့ အဆင့် ရန်ကုန်မိုးပေါ့။
မိုးရွာရင် ဓာတ်ကြိုးတွေကိုကြောက်ရတဲ့ ရန်ကုန်မိုးပေါ့။
မိုးဘယ်လောက်ရွာနေပါစေ အလုပ်သွားမပျက် လူသွားမပြတ်တဲ့ ရန်ကုန်မိုးပေါ့။
မိုးဘယ်လောက်ရွာနေပါစေ စီးပွားရေးအလုပ်မပျက်တဲ့ ရန်ကုန်လူနေမူပေါ့။
မိုးဘယ်လောက်ရွာနေပါစေ ဈေးဝယ်ရောင်းမပြတ်တဲ့ ရန်ကုန်ဈေးသည်တွေပေါ့။
ရန်ကုန်မိုးကြောင့် ထီးဆောင်ဖို့ မမေ့တော့ဘူး။
ရန်ကုန်မိုးကြောင့် အလုပ်ဆိုတာ မိုးရွာလည်းမပျက်ရဘူးဆိုတာ သိသွားတယ်။
ရန်ကုန်မိုးကြောင့် မြောင်းရေကို ကူးရဲလာတယ်။
ရန်ကုန်မိုးကြောင့် အသံမပေးဘာမပေးလည်း လူကိုကြွက်စုတ်ဖြစ်စေတယ်ဆိုတာ သိသွားတယ်။
ရန်ကုန်မိုးကြောင့် စားဝတ်နေရေးက မိုးရာသီလည်း မနားရတာ သိသွားတယ်။
ရန်ကုန်မိုးကြောင့် လိုင်းကားတိုးစီးပြီး လိုင်းကားပေါ် မိုးယိုတာ ဒါပါလားလို့ တရားပေါက်တတ်လာတယ်။
ရန်ကုန်မိုးကြောင့် မိုးရာသီဆိုတာ ရန်ကုန်မိုးမှ အစစ်လို့ တွေးမိလာတယ်။
ရန်ကုန်မိုးကို မချစ်ပေမဲ့ ရန်ကုန်မှာနေ နေရင်တော့ ရန်ကုန်မိုးကို ချစ်ရဦးမှာပေါ့။
ထီးကို တစ်လက်ကနေ နှစ်လက် ဆောင်ထားဖို့ သတိထားတတ်လာတယ်။
မိုးရွာတာ မဆန်းပေမယ့် မိုးရာသီအစစ်ကြီးနဲ့တွေ့လိုက်တော့ ရှော့ခ်ရသွားတဲ့ အခိုက်အတန့် ကျော်တို့လို မိုးနည်းရပ်ဝန်းက လာသူတိုင်းမှာ ရှိတယ်။

No Comments Yet

Comments are closed