သမိုင်းတစ်လျှောက်က အဆိုးရွားဆုံး ကလေးခိုးမှုကြီး

အမလေး… သိန်းနဲ့ချီတယ်တဲ့.. :'(

ယောင်းတို့ကို ခုတစ်ခေါက်မှာ “Ninos Robados”လို့ ခေါ်တဲ့ စပိန်နိုင်ငံရဲ့ ကြောက်စရာအကောင်းဆုံး မှုခင်းတစ်ခု အကြောင်းကို ဝေမျှပေးချင်ပါတယ်။ ဝေဿန္တရာဇာတ်ထဲက သားပျောက်မိခင် မဒ္ဒီဒေဝီကို ယောင်းတို့ အားလုံး သိကြမှာပါ။

ဝေဿန္တရာဇာတ်ထဲက မဒ္ဒီဒေဝီက ကံကောင်းချင်တော့ နောက်ဆုံးမှာ သူမ သားသမီးနဲ့ ပြန်ဆုံခဲ့ရပေမဲ့ စပိန်နိုင်ငံက သိန်းနဲ့ချီတဲ့ မိခင်တွေကတော့ သူတို့သားသမီးတွေကို ဘယ်တော့မှ ပြန်မတွေ့နိုင်ခဲ့ကြပါဘူး။

သိန်းနဲ့ချီတဲ့ စပိန်အမျိုးသမီးတွေဟာ ယုတ်မာကမ်းကုန်လှတဲ့ နိုင်ငံရေးကျင့်ထုံးရဲ့ အောက်မှာ သားကောင်တွေဖြစ်ခဲ့ကြပြီး သူတို့ကလေးတွေဟာ မီးဖွားပြီးပြီးခြင်းမှာပဲ ခိုးခံခဲ့ရပါတယ်။

ဒီဖြစ်ရပ်ကို စပိန်ဘာသာစကားအရ ” Spain’s ninos robados” လို့ လူသိများပြီး အဓိပ္ပာယ်ကတော့ “အခိုးခံခဲ့ရတဲ့ စပိန်ကလေးငယ်တွေ” ပါတဲ့။ အစုလိုက်အပြုံလိုက် ကလေးခိုးမှုကြီးဟာ စပိန်အာဏာရှင် ဖရန်ကိုရဲ့ ခေတ်မှာ ဖြစ်ခဲ့တာ ဖြစ်ပြီး ကြောက်စရာအကောင်းဆုံး ပြစ်မှုစာရင်းထဲ ဝင်ခဲ့ပါတယ်။

မွေးကင်းစကလေးကို သွေးနုသားနုမိခင်ဆီကနေ လုယူပြီး မအေ မသိအောင် တခြားကို ရောင်းစားပစ်တယ်ဆိုတဲ့ လုပ်ရပ်ဟာ မတွေးရဲလောက်အောင်ကို ရက်စက်လွန်းတဲ့ လုပ်ရပ်ဖြစ်ပေမဲ့ စပိန်အာဏာရှင်အစိုးရကတော့ သွေးအေးအေးနဲ့ နှစ်ပေါင်းများစွာကြာသည်ထိ ကျူးလွန်ခဲ့ပါတယ်။

Related Article >>> Aoikigahara တောအုပ် သို့မဟုတ် လူတွေ သတ်သေဖို့ စဉ်းစားကြတဲ့ နေရာတစ်ခု

ဗိုလ်ချုပ်ကြီး ဖရန်ကို ဦးဆောင်တဲ့ အမျိုးသားရေးဝါဒီတွေဟာ ၁၉၃၉ခုနှစ်မှာ စပိန် ပြည်တွင်းစစ်ကို အနိုင်ရခဲ့ပါတယ်။ ဒါကြောင့်လည်း ဖရန်ကိုဟာ သူသေသွားတဲ့ ၁၉၇၅ခုနှစ်အထိ စပိန်ကို အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့ပါတယ်။ စပိန်မှာ ကလေးတွေ ပျောက်ဆုံးသွားတဲ့ ပြဿနာဟာ အဲဒီကာလမှာ စခဲ့တာပါပဲ။

ဖရန်စစ် ဖရန်ကို

အာဏာရှင်အစိုးရရဲ့ ဘက်တော်သားအုပ်စု ဖြစ်တဲ့ ဆရာဝန်တွေ၊ နာ့စ်တွေ၊ ဘုန်းတော်ကြီးတွေ၊ မယ်သီလရှင်တွေဟာ အာဏာရှင်အစိုးရကို မထောက်ခံတဲ့ ဆင်းရဲသား မိဘတွေ၊ single mother (တစ်ဦးတည်း မိခင်) တွေ၊ သမ္မတစနစ်လိုလားတဲ့ မိဘတွေဆီကနေ ကလေးတွေကို ခိုးယူခဲ့ကြပါတယ်။

သူတို့ဟာ ခိုးယူလာတဲ့ကလေးတွေကို စစ်ဗိုလ်ချုပ်ကြီး ဖရန်ကို ကို ထောက်ခံတဲ့ ပြည်သူတွေထဲက ကလေးမရှိတဲ့သူတွေ၊ ကလေးလိုချင်တဲ့သူတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ ပေးခဲ့ပါတယ်။ တချို့ကတော့ ကလေးတွေကို ငွေနဲ့ရောင်းချခဲ့ပါတယ်။

လက်ဝဲယိမ်းတဲ့ ပြည်သူ (သူ့ကို ဆန့်ကျင်တဲ့သူ)တွေဟာ လက်ယာယိမ်းတဲ့ ပြည်သူတွေ (သူ့ကို ထောက်ခံတဲ့သူ)လောက် မမြင့်မြတ်တဲ့သူတွေ၊ နိမ့်ကျတဲ့သူတွေလို့ အာဏာရှင်အစိုးရ ဖရန်ကို က ယူဆခဲ့သူပါ။

ဒါကြောင့် ဒီလုပ်ရပ်ဟာ “လက်ယာယိမ်း ဝါဒီတွေက လက်ဝဲယိမ်းဝါဒီတွေ အပေါ် လုံးဝ လွှမ်းမိုးအုပ်စိုးနေရမယ်” ဆိုတဲ့ ဖရန်ကိုရဲ့ အစွန်းရောက် ကိုယ်ပိုင်အယူဝါဒကနေ ပေါ်ပေါက်လာတာဖြစ်ပြီး သူ့ကို မထောက်ခံတဲ့ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်တဲ့နည်းဆိုလည်း မမှားပါဘူး။

ရက်စက်လှတဲ့ ဒီကလေးခိုးမှုကြီးဟာ ၁၉၃၉ကစပြီး ၁၉၉၀ခုနှစ်အထိ နှစ်၅၀ကြာတောင် ဖြစ်ပွားခဲ့ပါတယ်။ စုစုပေါင်း စပိန်ကလေးငယ် ၄၀၀၀၀ (လေးသောင်း) ကနေ ၃၀၀၀၀၀ (သုံးသိန်း)လောက်ဟာ မိဘအရင်းတွေဆီကနေ လုယူခံခဲ့ရပြီး သူစိမ်းတွေဆီ ရောင်းစားခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဘယ်လို ခိုးခဲ့လဲဆို မိခင်တွေကို မီးမဖွားခင်မှာ မေ့ဆေး၊ ထုံဆေးအတော်များများပေးလိုက်ပြီး စိတ်အာရုံကို ထွေပြားအောင် လုပ်လိုက်တာမို့ သတိရလာတဲ့အခါ ကလေးအသေလေး မွေးတယ် လို့ အလွယ်တကူ လိမ်ညာပြောလိုက်တာမျိုး၊ ဆေးရုံမှာရှိနေတဲ့ ကလေးအသေအလောင်းတစ်ခုယူလာပြီး ပြလိုက်တာမျိုး စတဲ့ ပုံစံတွေနဲ့ ကလေးခိုးယူခဲ့ကြပါတယ်။

ကလေးသေဆုံးတယ်လို့ လှည့်စားခံခဲ့ရတဲ့ အမေတွေတော်တော်များများမှာ တူညီတာတစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ ဆေးရုံက ကလေးအသေလေးကို မြှုပ်နှံပေးပါ့မယ်လို့ ပြောခဲ့တာပါပဲ။

ဒီအမှုကို စုံစမ်းတဲ့သူတွေက ဆေးရုံကလုပ်ပေးထားတဲ့ ကလေးအသေတွေရဲ့ အုတ်ဂူကို ဖွင့်ကြည့်တဲ့အခါမှာတော့အထဲမှာ တိရစ္ဆာန်အရိုးတွေ၊ အရွယ်ရောက်တဲ့သူရဲ့ အရိုးတွေကို သာ မြင်ခဲ့ရပါတယ်။

ဒါကြောင့် ခုချိန်မှာ ဒီအမှုကို နောက်တစ်ခါ ပြန်လည်စစ်ဆေးပေးဖို့ ခိုးခံလိုက်ရတဲ့ ကလေးတွေနဲ့ အဲဒီတုန်းက ဆေးရုံဆေးခန်းမှာရှိခဲ့တဲ့ မျက်မြင်သက်သေတွေက အင်တိုက်အားတိုက် ဦးဆောင်ကူညီလာခဲ့ကြပါတယ်။

ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ကြသူများ

ဒီကလေးတွေကိုလည်း သူတို့မွေးစားမိဘတွေက အဖြစ်မှန်ကို ပြောပြခဲ့တာဖြစ်ပြီး အမှုကို စစ်ဆေးနိုင်တဲ့ကာလ ကျော်သွားပြီမို့ အခက်အခဲတွေ ကြုံခဲ့ကြရပါသေးတယ်။

ဒါပေမဲ့ “မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ” ဆိုတဲ့အတိုင်း လူထုတစ်ရပ်လုံးက တောင်းဆိုခဲ့တာမို့ ပြီးခဲ့တဲ့လမှာတော့ အမှုရဲ့ အဓိက တရားခံတစ်ယောက်ဖြစ်တဲ့ သားဖွားဆရာဝန် ဒေါက်တာဗယ်လာကို ပထမဆုံး ရုံးချိန်းခေါ်နိုင်ခဲ့ပါပြီ။

ဒေါက်တာ ဗယ်လာ

ဒေါက်တာဗယ်လာဟာ သူတို့အတွက် မွေးစားဖို့ ကလေးတွေ ယူလာပေးခဲ့သူလို့ မွေးစားမိဘတော်တော်များများက ဝန်ခံခဲ့ပါတယ်။

ဒီဖြစ်ရပ်ဆိုးကြီးစခဲ့တာ ၁၉၄၀လောက်တည်းကမို့ ခုချိန်မှာ ကလေးခိုးခံရတဲ့ မိဘတော်တော်များများနဲ့ ရောင်းစားခံခဲ့ရတဲ့ ကလေးတွေ တော်တော်များများ မရှိလောက်တော့ပါဘူး။ ဒါပေမဲ့ ခုထိ အသက်ရှိနေတဲ့ မိဘတွေနဲ့ ကလေးတွေကတော့ သူတို့ မိဘရင်း၊ သားသမီးရင်းနဲ့ ပြန်ဆုံစည်းနိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေကြတုန်းပါပဲ…

ပျောက်သွားတဲ့ ကလေးကိုများ ပြန်တွေ့မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အမျိုးသမီး တစ်ယောက်ကတော့ ” ၁၉၇၆ခုနှစ် cardizမှာ မွေးခဲ့တဲ့ ကျွန်မရဲ့ ကလေးကို ရှာဖွေနေပါတယ်” လို့ တီရှပ်မှာရေးပြီး တရားရုံးရှေ့ရောက်လာခဲ့ပါတယ်။

အမှုက ခုမှအစပဲ ရှိသေးတာမို့ အမှန်တရားနဲ့ တရားမျှတမှုကို ဖော်ထုတ်ဖို့ဆို ရှေ့ကို အတော်လေး ခက်ခက်ခဲခဲဆက်သွားရဦးမှာပါ….

တရားကို နတ်စောင့်ပါစေလို့ ဆုတောင်းမိရင်း….

By
Mia( For Her Myanmar)
Reference links: allthatsinteresting.com cnn.com

No Comments Yet

Comments are closed