Knowledge

အမျိုးသမီးနှင့် နိုင်ငံရေး

ယောင်းတို့ရေ…အမျိုးသမီးနဲ့ နိုင်ငံရေး မသက်ဆိုင်ဘူးဆိုတဲ့ အတွေးကို အခုပဲ ခေါင်းထဲက ထုတ်လိုက်ရအောင်…

နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသား တစ်ယောက်ရယ်လို့ အသိအမှတ်ပြုခံရတာနဲ့ နိုင်ငံသား အခွင့်အရေးဆိုတာ ရပိုင်ခွင့်ရှိပြီးသားပါ။ အခွင့်အရေးနဲ့အတူ တာဝန်နဲ့ ဝတ္တရားဆိုတာလည်း ပါလာပါတယ်။ လူတော်တော်များများဟာ အခွင့်အရေးတော့ လိုချင်ကြပါလျက် တာဝန်တွေပါလာပြီဆိုရင်တော့ အခြေခံလေးကိုတောင် တာဝန်ယူဖို့ ဝန်လေးကြတယ်။ နိုင်ငံရေးဆိုတာ တကယ်တမ်းတော့ အုပ်ချုပ်ရေးပိုင်းတွေမှာ သိသိသာသာ ပါဝင်နေတာမျိုးကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ စိတ်မဝင်စားဘူးဆိုရင်တောင် သိသင့် သိထိုက်တာလေးတွေ သိထားကာမှ ကိုယ့်အခွင့်အရေး ဘာတွေရှိလဲ၊ ကိုယ် ဘာတွေ လုပ်ပေးနိုင်လဲဆိုတာကို သဘောပေါက် နားလည်နိုင်မှာပေါ့။ ယောင်းတို့ ဘာတွေ လုပ်နိုင်သလဲ။ အနည်းဆုံးတော့ အခြေခံ အခွင့်အရေး (သို့) တာဝန်တစ်ရပ်ဖြစ်တဲ့ မဲပေးခြင်းကနေ စနိုင်ပါတယ်။

Related Article>>>Wonder Womanထံမှ စွန့်ဦးတီထွင်သူတို့ သင်ယူနိုင်မယ့် စီးပွားရေးသင်ခန်းစာ (၈)ခု

နောက်ပြီး မြန်မာနိုင်ငံဟာ လက်ရှိ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ရောက်နေတော့ အမျိုးသမီးတွေရဲ့ ကိုယ်စားပြုမှုဟာလည်း အရေးပါလာတယ်။ အမျိုးသမီး ကိုယ်စားလှယ်တွေပါဝင်ခြင်းဖြင့် အမျိုးသမီးတွေရဲ့ အသံပိုမို ကျယ်ပြန့်လာပါတယ်။ ဒီနေရာမှာ တစ်ခုလိုတာက ရှေးအစဉ်အလာတွေအရ အမျိုးသမီး ကိုယ်စားလှယ်ဆိုရင် အမျိုးသား ကိုယ်စားလှယ်လောက် ယုံကြည်မှု မရခြင်းပါပဲ။ ဒါကြောင့် မဲဆန္ဒရှင်တွေ အနေနဲ့ ကျား၊ မ မခွဲခြားပဲ အရည်အချင်းကိုသာ ကြည့်ပြီးမဲပေးဖို့ လိုပါတယ်။ အမျိုးသမီးတွေရဲ့ အရည်အချင်းကို တန်းတူ အသိအမှတ်ပြုမှသာ အမျိုးသမီးတွေ အနေနဲ့ မိမိ အရည်အချင်းကို အကျိုးရှိရှိ ထုတ်ဖော် အသုံးချခွင့် ရရှိမှာပါ။ နောက်တစ်ခုက အခွင့်အရေးဆိုတာ တောင်းနေရမယ့် အရာ တစ်ခု မဟုတ်ပါဘူး။ ဖော်ဆောင်ရမယ့် အရာပါ။ မိမိရသင့်သော အခွင့်အရေးကို မည်သူ တစ်ဦးတစ်ယောက်ဆီကမှ တောင်းစရာ မလိုအောင် အရည်အချင်းတွေ ဖြည့်ဆည်းဖို့က ကိုယ့်တာဝန်ပါ၊ အမျိုးသမီးတွေ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်တာနဲ့ ပတ်သက်ပြီး ဘယ်လို အကျိုးတွေ ရနိုင်တယ်ဆိုတာတွေကလည်း ပညာရှင်တွေ ဖော်ထုတ်ထားပြီးသားပါ။ ဒီတော့ ယောင်းတို့ကနေစပြီး နိုင်ငံ့တာဝန်တွေကို နိုင်သလောက် ပိုးကြရအောင်။

၂၀၁၃ခုနှစ် အောက်တိုဘာလ ၁၈ရက်နေ့မှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်အရ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို တွန်းအားပေးထားတာကို တွေ့မြင်နိုင်ပါတယ်။ “အမျိုးသမီးတွေဟာ တရားဥပဒေစိုးမိုးရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း အဆင်ဆင့်မှာ ပါဝင်ရမယ်။ အမျိုးသမီးတွေရဲ့ လုံခြုံမှုနဲ့ တရားမျှတမှုတို့အတွက် လိုအပ်ချက်တွေဟာ ဖြေရှင်းဖို့ လိုအပ်တယ်။ သူတို့ရဲ့ အသံတွေကို နားထောင်ရမယ်၊ သူတို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်ရမယ်’’ လို့လည်း မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။ မိန့်ခွန်းအပြည့်အစုံကို ဒီမှာကြည့်နိုင်ပါတယ်နော်..

 Related Article>>>ကမ္ဘာကြီးကိုပြောင်းလဲစေနိုင်ခဲ့သူအမျိုးသမီးများ

အခုလက်ရှိအစိုးရဟာ ပြည်သူနှင့် အတူဆိုတဲ့ ဆောင်ပုဒ်ကို သုံးလာတာ ယောင်းတို့အားလုံးအသိပါ။ ပြည်သူနှင့်အတူဆိုရာမှာ အမျိုးသမီးထုရဲ့ ပါဝင်မှုက ပိုလို့ လိုအပ်လာပါတယ်။ အမျိုးသမီးတွေဟာ ရှေးအစဉ်အဆက် နိုင်ငံရေးပိုင်းမှာ ထဲထဲဝင်ဝင်ပါဝင်ခွင့် မရှိခဲ့တဲ့ ဖိနှိပ်မှု၊ ခွဲခြားမှုတွေနဲ့ နေသားကျနေခဲ့ကြတာ ကိုယ်နဲ့ မဆိုင်တဲ့ အရေးလို့တောင် သတ်မှတ်လုနီးနီး ဖြစ်နေကြတာပါ။ နိုင်ငံရေးကို စိတ်မဝင်စားဘူးဆိုတာက  ကိုယ့်အခွင့်အရေးကို ကိုယ်ကိုယ်တိုင် လက်လွှတ်လိုက်တာပါပဲ။ ကိုယ်ဟာ ကိုယ့်တာဝန်ကိုယ် မကျေပြွန်လိုက်တာပါပဲ။ နိုင်ငံသားတစ်ယောက်ဖြစ်လျက် နိုင်ငံအနေအထား ဘာတွေ ဖြစ်ဖြစ် မသိဘူးဆိုရင် ကိုယ်ဟာ နိုင်ငံသားဖြစ်ထိုက်ရဲ့လား၊ နိုင်ငံသားအခွင့် အရေး ရသင့်သလားဆိုတာ မေးခွန်းထုတ်ဖို့  လာပါလိမ့်မယ်။ မိမိတို့ ကျွမ်းကျင်ရာနယ်ပယ်မှာ မိမိနှစ်သက်ရာကို လုပ်ကိုင်ရင်းနဲ့ နိုင်ငံ့အကျိုးပြုဖို့ရာ နည်းသည်များသည် ပဓာနမထားဘဲ စဉ်းစားဖို့လိုပါတယ်။ ပါဝင်အားဖြည့်ဖို့ လိုပါတယ်။ ဒါမှသာ ယောင်းတို့ ချစ်တဲ့ နိုင်ငံတော်ကြီးက လူထုပါဝင်မှုအပြည့်၊ အားမာန်အပြည့်နဲ့ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းတွေကို ဖော်ဆောင်နိုင်ပါလိမ့်မယ်….။     ။

ဓာတ်ပုံကို မေတ္တာဖြင့် အသုံးပြုခွင့်ပေးပါသော ကို ဥာဏ်ဝင်းရှိန်အား အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်..

Myat Lay ( For Her Myanmar )

Myat Lay
မြတ်လေးသည် ဒဂုံတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာနှင့် BARS လူမှုရေးပညာ ကျောင်းသူတစ်ဦး ဖြစ်ပြီး နိုင်ငံရေးနှင့် အမျိုးသမီး စွမ်းအားမြှင့်တင်ရေးကို စိတ်ဝင်စားသူ ဖြစ်ပါသည်။ For Her Myanmar Page တွင် ဗဟုသုတနှင့် စိတ်ဓာတ်ခွန်အား စာပေများ ရေးသားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *