ကလေးငယ်တွေကို အချစ်တော်တိရိစ္ဆာန်မွေးခွင့် ပေးလိုက်ပါ

အထီးကျန်တဲ့ ကလေးတွေထက်၊ အချစ်တွေအများကြီးနဲ့ ကြီးပြင်းလာရတဲ့ကလေးတွေဟာ ပိုပျော်ရွှင်ကြပါတယ်တဲ့…

ဒီတစ်ခါတော့ မေမေယောင်းတို့နဲ့၊ မေမေဖြစ်တော့မယ့် ယောင်းတို့အတွက် ဗဟုသုတလေးတစ်ခု မျှဝေပါ့မယ်။ ယောင်းတို့ရေ တို့ဆီမှာက မေမေဖြစ်တော့မယ်ဆိုတဲ့ သတင်းကြားတာနဲ့ အိမ်မှာမွေးထားတဲ့ အချစ်တော် တိရစ္ဆာန်လေးတွေကို သူများပေးပစ်တာတို့၊ ဘုန်ကြီးကျောင်းမှာ သွားပစ်တာတို့တွေ လုပ်ကြတာ ကြားဖူးနေပါတယ်။ များသောအားဖြင့်ကတော့ မဗိုက်ကလေးတွေနဲ့ နောက်ပိုင်းမှာ မွေးလာမယ့် သားသားမီးမီးလေးတွေအတွက် တိရစ္ဆာန်အမွှေးလေးတွေနဲ့ သူတို့ကိုယ်မှာရှိနေနိုင်တဲ့ ပိုးမွှားကလေးတွေက ရောဂါဖြစ်စေမှာကို ကြောက်လို့ ပေးပစ်ကြတာပါ။

တကယ်ကတော့လေယောင်းရယ် အချစ်တော်ပါပီလေးတွေ၊ ညောင်ကလေးတွေက သားသားမီးမီးတို့အတွက် အန္တရာယ်ဖြစ်စေတာထက် အကျိုးပြုတာများတယ်တဲ့။ တိရစ္ဆာန်လေးတွေချစ်တဲ့ မေမေယောင်းတို့ ဝမ်းသာစရာပေါ့နော်။ တိရစ္ဆာန်လေးတွေ မွေးထားတာဟာ သားသားမီးမီးလေးတွေအတွက် ဘယ်လိုအကျိုးတွေပေးလဲဆိုတော့ –

Related article >>> ခွေးလေးတွေနဲ့စကားပြောခြင်းက ဥာဏ်ရည်တိုးတက်နိုင်

၁) အိမ်မှာ ချစ်စရာတိရစ္ဆာန်လေးတွေ မွေးထားပေးတဲ့ သားသားမီးမီးတို့ကတော့ သာမာန်ကလေးတွေထက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုမြင့်ကြပါတယ်။

၂) မေမေနဲ့ဖေဖေဆူလိုက်လို့၊ မောင်နှမတွေအချင်းချင်းရန်ဖြစ်လို့၊ သားသားမီးမီးတို့ ဝမ်းနည်းတဲ့အခါ အချစ်တော် တိရစ္ဆာန်လေးတွေက ဝမ်းနည်းနေတဲ့ ချစ်တုံးလေးတွေအတွက် ရင်ဖွင့်စရာအဖော်ကောင်း တစ်ယောက်ဖြစ်မှာပါ။

၃) တစ်ဦးတည်းသော ကလေးတွေဆိုရင် တိရစ္ဆာန်အဖော်လေးတွေ ရှိနေတဲ့အခါ အထီးကျန်ဆန်တာတွေ၊ တစ်ကိုယ်ကောင်းဆန်တာတွေ မရှိတော့သလို၊ တာဝန်သိစိတ်နဲ့ ကိုယ်ချင်းစာစိတ်လဲ ပိုလို့တိုးလာနိုင်ပါတယ်။ သူငယ်ချင်းဖွဲ့တဲ့နေရာမှာလဲ အခက်အခဲမတွေ့တော့ဘူး။

၎) ဥာဏ်ရည်ချို့တဲ့မှုရှိတဲ့ ရတနာလေးတွေအတွက်လဲ အဖော်တိရစ္ဆာန်ကလေး မွေးပေးထားခြင်းအားဖြင့် သွေးတိုးနှုန်းမြင့်မှုလျော့ကျနိုင်ပါတယ်။ သူစိမ်းတွေနဲ့ ဆက်ဆံတဲ့နေရာမှာလဲ တိုးတက်မှုတွေ တွေ့လာပါလိမ့်မယ်။ နိုင်ငံခြားမှာဆို သူတို့လေးတွေအတွက် အထူးလေ့ကျင့်ပေးထားတဲ့ ခွေးကလေးတွေ ရှိပါတယ်။ ဒါကိုတော့ သူတို့အတွက် ကုထုံးအနေနဲ့ သီးသန့်အသုံးပြုတာပေါ့နော်..

Related article >>> ခွေး (သို့) ကြောင်မွေးခြင်း၏ကောင်းကျိုးများ

၅) ဆေးပညာဂျာနယ်တစ်ခုရဲ့ လေ့လာချက်အရ အသက်တစ်နှစ်မပြည့်ခင်မှာ ပါပီလေးတွေနဲ့ ထိတွေ့ခွင့်ရတဲ့ ကလေးလေးတွေက တခြားကလေးတွေထက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ဖို့ ၃၁ရာခိုင်နှုန်းလောက် နည်းသွားနိုင်ပါတယ်တဲ့။ ဒါအပြင်တခြားသော ဓာတ်မတည့်တဲ့ရောဂါတွေ ဖြစ်နိုင်ချေလဲ နည်းသွားနိုင်ပါတယ်

ကဲကြည့်စမ်း… တိရိစ္ဆာန်လေးတွေ မွေးထားတာဟာ သားသားမီးမီးတို့ကို အန္တရာယ်မဖြစ်စေ၊ ရောဂါမပေးစေနိုင်ရုံမက ရောဂါဖြစ်နိုင်ချေပါ နည်းသွားစေနိုင်တာပဲ။ သားသားမီးမီးတို့ကို ကြင်နာတတ်တဲ့သူလေးတွေ ဖြစ်အောင်လဲ အချစ်တော်လေးတွေက ကူညီပေးဦးမှာပါ။ တစ်ခုတော့ရှိတာပေါ့နော် ကိုယ့်အချစ်တော်လေးတွေကိုတော့ သန့်ရှင်းအောင် ရေချိုးပေး၊ အမွှေးရှည်လေးတွေရှိရင် ဘီးဖြီးပေးပေါ့။ ကာကွယ်ဆေးတွေ ထိုးပေးဖို့လဲ မမေ့နနဲ့ဦးနော်။ နောက်တစ်ခုက အချစ်တော်မွေးမယ်ဆို တန်ဖိုးကြီးပေးပြီး ဝယ်မယ့်အစား ဂေဟာက သနားစရာ ကလေးတွေကို သွားခေါ်ပြီး မွေးစားကြဖို့လဲ တိုက်တွန်းပါတယ် ယောင်းရေ။ သူတို့လဲ ချစ်ပေးမယ့် သခင်ရ၊ ကိုယ့်ကလေးလေးအတွက်လဲ အဖော်ရ။ အားလုံးပျော်ကြရတာပေါ့။

Khine (For Her Myanmar)

Ref:

http://www.onegreenplanet.org/animalsandnature/why-it-is-important-to-raise-kids-around-animals/

http://www.telegraph.co.uk/pets/if-you-have-children-you-should-get-a-pet/

No Comments Yet

Comments are closed