အနုပညာရှင်တွေ ဘာကြောင့် ဖိနပ်ဆိုဒ်ကြီးကြီး စီးကြလဲ?

ကိုယ့်ဆိုဒ်ထက် ပိုကြီးတဲ့ဖိနပ်ဝယ်မိလို့ စိတ်ညစ်နေတဲ့ ယောင်းတို့အတွက် 

Rinတို့ ချွန်ထက်တဲ့ဒေါက်မြင့်ဖိနပ်တွေ၊ ခုံထူဖိနပ်တွေ ဝယ်တဲ့အခါ ကိုယ့်ခြေထောက်နဲ့ ကွတ်တိဖြစ်တဲ့ ဆိုဒ်ကိုသာ ရွေးဝယ်လေ့ရှိပါတယ်။ တစ်ချို့ ဖိနပ်လေးတွေလှပေမယ့် ကိုယ့်ခြေထောက်နဲ့ ကြီးနေတာကြောင့် မဝယ်ဘဲ ထားခဲ့ရတာတွေ ကြုံဖူးမှာပါ။
ရှေ့ပိတ် နောက်ပိတ် ရှူးဖိနပ် ဒီဇိုင်းမျိုးဆိုရင်တော့ လူကြီးတွေက ကိုယ့်ဆိုဒ်ထက် တစ်ဆိုဒ်ပိုကြီးတဲ့ ဖိနပ်ကို ဝယ်ခိုင်းတတ်ပါတယ်။ ဖိနပ်ထိပ်မှာ ဂွမ်းလေးတွေခံပြီး စီးခိုင်းကြတယ်။
ဟုတ်တယ်ဟုတ်?

လူငယ်ဖြစ်တဲ့ ကိုယ်တွေကတော့ ဆိုဒ်ကြီးတဲ့ ဖိနပ်တွေ မစီးချင်ဘူးရယ်။ သက်တောင့်သက်သာ မရှိမှာရယ်၊ ချော်ထွက်မှာရယ်ကို စိတ်ပူတာကြောင့်လည်း ပါတာပေါ့။ အခုတော့ Rinတို့ရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲရမယ့် အချိန်ရောက်ပါပြီ။
အချိန်ကြာကြာ ပွဲတက်ရတဲ့အခါ ဒေါက်ဖိနပ်နဲ့ ဟန်မပျက်ဘဲ ရှိုးထုတ်နိုင်ဖို့ရာ ဆိုဒ်ကြီးတဲ့ ဖိနပ်တွေက ကူညီပေးနိုင်ပါလိမ့်မယ်တဲ့။
ယောင်းတို့ရေ ဒီအချက်ကို ဟောလိဝုဒ် အနုပညာရှင်တွေက သက်သေပြလိုက်ပါပြီ။


ဟောလိဝုဒ် အနုပညာရှင်တွေ ကော်ဇော်နီပေါ် လျှောက်လှမ်းလာတဲ့အခါ နဂိုထက်
တစ်ဆိုဒ်ပိုကြီးတဲ့ ဒေါက်မြင့်ဖိနပ်တွေ စီးထားလေ့ရှိပါတယ်။
တချို့တွေလည်း သတိထားမိကောင်း ထားမိပါလိမ့်မယ်။ တချို့လည်း မင်းသမီးတွေရဲ့
ပွဲတက်ဝတ်စုံတွေအပေါ် အာရုံရောက်နေလို့ သတိပြုမိမှာ မဟုတ်ဘူးပေါ့။

ဘာကြောင့် သူတို့ ဖိနပ်ဆိုဒ်ကြီးကြီး စီးကြလဲ?
ဖက်ရှင်ရေစီးကြောင်း အသစ်လား? ဒါမှမဟုတ် တခြား အကြောင်းကြောင့်လား?

တကယ်တော့ ဟောလိဝုဒ်ကြယ်ပွင့်တွေဟာ ကော်ဇော်နီပေါ်မှာ ကျက်သရေရှိရှိ လှနေစေဖို့ သူတို့ ခြေထောက်ထက် ပိုကျယ်တဲ့ ဖိနပ် (ဒါမှမဟုတ်) ပိုရှည်တဲ့ ဖိနပ်တွေကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်လေ့ရှိပါတယ်။ သူတို့ဟာ ရိုးရှင်းတဲ့ လျို့ဝှက်ချက်တစ်ခုကို အသုံးချသွားခြင်းသာ ဖြစ်ပါတယ်။ အခုလိုလုပ်ခြင်းအားဖြင့်
ခြေထောက်ရောင်ခြင်းနဲ့ အရည်ကြည်ဖုထွက်ခြင်း တို့ကို ကာကွယ်နိုင်ပါတယ်။

Related Article >>> ဒေါက်ဖိနပ်ကြောင့် နာကျင်မှုကို ဤနည်းလမ်းဖြင့်နှုတ်ဆက်ပါ။

အနုပညာရှင်တွေဟာ ဒေါက်မြင့်ဖိနပ်တွေကို နာရီပေါင်း ကြာမြင့်စွာ စီးထားရသူတွေပါ။ တစ်ခါတရံဆို ညလုံးပေါက်တောင် စီးထားရတာတွေ ရှိပါတယ်။ သက်တောင့်သက်သာမရှိမှုနဲ့ ခြေထောက်နာကျင်မှုတို့ကို ရှောင်ရှားရန်သာမက နောက်ပိုင်းခံစားရမယ့် ခြေဖဝါးနဲ့ပတ်သတ်တဲ့ ဆိုးရွားတဲ့ ဝေဒနာတွေကို တွေးပြီး အနုပညာရှင်တွေဟာ ပုံမှန်ထက် တစ်ဆိုဒ်ကြီးတဲ့ ဖိနပ်တွေကို စီးကြပါတယ်တဲ့။
ဒါ့အပြင် ဆိုဒ်ကြီးတဲ့ ကြိုးသိုင်းဖိနပ်တွေ၊ ခုံထူဖိနပ်တွေဟာ ခြေထောက်ရဲ့ နာကျင်လွယ်တဲ့ နေရာတွေကို အရမ်းဖိအားမပေးတဲ့အတွက် ခြေထောက်ပွန်းမှာတွေ ၊ညှစ်ထားသလိုဖြစ်နေမှာတွေကို တွေးလို့ စိတ်ပူနေစရာ မလိုတော့ဘူးပေါ့။ 

ဆိုဒ်ကြီးတဲ့ဖိနပ်တွေ ခြေထောက်ကနေ ချော်မထွက်သွားအောင် သူတို့ရဲ့ အလှဖန်တီးရှင်တွေဟာ ခုံထူဖိနပ်တွေထဲမှာ စီလီကွန်ပြားလေးတွေ ထည့်ပေးထားလေ့ရှိပါတယ်။ အခုလို ရိုးရှင်းတဲ့လှည့်ကွက်ကြောင့် ဖိနပ်ဟာ တင်းတင်းကြပ်ကြပ်ကြီးဖြစ်မနေဘဲ
ခြေထောက်မှာ အံဝင်ခွင်ကျ ဖြစ်နေမှာဖြစ်ပါတယ်။ သွေးလှည့်ပတ်မှုကို ထိခိုက်ခြင်းမရှိဘဲ ခြေထောက်ရောင်ယမ်းခြင်းကိုလည်း ရပ်တန့်စေမှာ ဖြစ်တယ်။

ဒီစီလီကွန်ပြားတွေကို အရွယ်အစားမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ ရရှိနိုင်ပါတယ်။
အရမ်းကြပ်တဲ့ ဖိနပ်တွေရဲ့ ရန်ကနေ ခြေချောင်းတွေကို ကာကွယ်ပေးမယ့် စီလီကွန်တွေတောင် ရှိပါတယ်။
အနုပညာရှင်တွေဟာ ဖောက်ထွင်းမြင်နိုင်တဲ့ စီလီကွန်ပြားတွေကို သူတို့ရဲ့
ဖိနပ်တွေထဲမှာ အသုံးပြုကြပါတယ်။ ဒါကြောင့် မတော်တဆ ချော်ထွက်သွားရင်တောင်
သူများတွေက အလွယ်တကူ သတိပြုမိမှာ မဟုတ်ဘူးပေါ့။


Double tapeတွေဟာလည်း အနုပညာရှင်တွေ အသုံးပြုတဲ့ နောက်ထပ် လျို့ဝှက်ချက်တစ်ခု ပါပဲ။ ဆိုဒ်အရမ်းကြီးတဲ့ ဖိနပ်တွေကို တစ်ညလုံး ခြေထောက်ပေါ်မှာ ဟန်မပျက်ရှိစေဖို့ ကူညီပေးနိုင်စွမ်း အပြည့်ရှိတဲ့ အရာတစ်ခုပါ။ 

ဒီနေ့ခေတ်မှာတော့ ထိုလှည့်ကွက်တွေဟာ ရေစီးကြောင်း တစ်ခုလို ဖြစ်လို့ နေပါပြီ။ များပြားလှတဲ့ ဟောလိဝုဒ် ကြယ်ပွင့်တွေဟာ သူတို့ရဲ့ သေးငယ်တဲ့ လျှို့ဝှက်ချက်တွေကို လူအများရှေ့ ချပြဖို့ ဝန်မလေးတော့တာလည်း တွေ့ရပါတယ်။

အရည်ကြည်ဖု ပေါက်လို့ နာကျင်နေတာထက် ဖိနပ်ဆိုဒ်ကြီးနေတာကမှ တော်ပါသေးတယ်။
မဟုတ်ရင် မျက်နှာကြီး ရှုံ့မဲ့ပြီး လမ်းလည်း လျှောက်နိုင်မှာ မဟုတ်ဘူးလေ။
ဒေါက်ဖိနပ် မစီးတတ်ဘူးဆိုပြီး လူရယ်လည်း ခံရဦးမယ်။
ဟောလိဝုဒ် ဆယ်လီတွေတောင် ဖိနပ်ဆိုဒ်ကြီးကြီး စီးနေတာပဲ ကိုယ်တွေလည်း
စီးကြည့်ရမှာပေါ့။ ဟုတ်တယ်ဟုတ်?

စာရေးသူတော့ ဖိနပ်ဆိုင်တွေမှာ double tapတွေ စီလီကွန်ပြားတွေ သွားမေးတော့မယ် ယောင်းတို့ရေ။ ဆိုဒ်ကြီးနေလို့ မစီးဖြစ်ဘဲ သိမ်းထားတဲ့ ဒေါက်ဖိနပ်လေးကို ပွဲထုတ်ဖို့ အချိန် ရောက်လာပြီလေ။

Stay Pretty!
Rin (For Her Myanmar)
Reference : Bright Side , Laughing Colours


No Comments Yet

Comments are closed