ဝေလမင်းသမီး ဒိုင်ယာနာ သို့မဟုတ် ဗြိတိန်ရဲ့ကြွေလွင့်ခဲ့တဲ့နတ်သမီး

လူတစ်ယောက်ရဲ့ ကောင်းခြင်းဆိုးခြင်းဆိုတာဟာ သူကိုယ်တိုင် ဂုဏ်ဖော်နေလို့မရပါဘူး။ တခြားသူတွေကသာ တံဆိပ်ကပ်တာပါ။ ဒါဆို ဒီမင်းသမီးလေးကရော ဘယ်လို တံဆိပ်ကပ်ခံရသတဲ့လဲ… 

မှတ်မှတ်ရရ ဒိုင်ယာနာအကြောင်းကို Amber စသိတာက ၁၀နှစ်သမီးအရွယ် အဘိုးအိမ်ကို သွားလည်တုန်းကပေါ့။ အဘိုးအိမ်ကို ရောက်ပြီဆိုရင် အရင်ဆုံးမွှေတာက စာအုပ်စင်။ အဲ့ထဲက မဂ္ဂဇင်းတစ်အုပ်ထဲမှာ ဆံပင်တိုလေးနဲ့ ချစ်စရာအပြုံးလေးနဲ့ မိန်းကလေးတစ်ယောက်က Amberကို တော်တော်ကို ဆွဲဆောင်နိုင်လိုက်လေရဲ့။ သူလေးနာမည်က ဒိုင်ယာနာ ဆိုတာနဲ့ သတင်းက သူသေဆုံးတဲ့သတင်းဆိုတာပဲသိတယ်။ ဒါပေမယ့် ဒိုင်ယာနာဆိုတဲ့ နာမည်လေးတစ်ခုက ရင်ထဲမှာ နေရာတစ်ခု ယူမှန်းမသိယူလာခဲ့တယ်ပေါ့။

ဒိုင်ယာနာရဲ့နာမည်ရင်းကတော့ ဒိုင်ယာနာဖရန့်စ်စပန်ဆာဖြစ်ပါတယ်။ စပန်ဆာမိသားစုရဲ့လေးယောက်မြောက်သားသမီးနဲ့ သုံးယောက်မြောက် သမီးဖြစ်ပြီးတော့ စပန်ဆာမိသားစုဟာ အချီးမြှောက်ခံ တော်ဝင်မိသားစုထဲပါပါတယ်။ စပန်ဆာမိသားစုဟာ ဗြိတိန်တော်ဝင်မိသားစုနဲ့ မျိုးဆက်ပေါင်းများစွာ မိတ်ဆွေကောင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒိုင်ယာနာ့အသက် ၇နှစ်အရွယ်မှာ မိဘနှစ်ပါးကွာရှင်းခဲ့ပြီး သူမကတော့ မိခင်နဲ့ပဲ ဆက်လက်နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒိုင်ယာနာ့အဖေက အုပ်ထိန်းခွင့်ကို တရားရုံးမှာအနိုင်ရပြီးနောက် သူမအဖေဆီမှာ ပြန်လာနေခဲ့ပါတယ်။ သူမအဖေဟာ ၁၉၇၅မှာ သူရဲကောင်းဘွဲ့ရပြီးတော့ သူမကလည်း လေဒီဒိုင်ယာနာဖြစ်လာခဲ့ပါတယ်။

Related Article >>> လူတိုင်းရဲ့ အားကျယုံကြည်ခြင်းခံရတဲ့ မိန်းကလေးဆိုတာ..

သူမဟာ အင်္ဂလန်နဲ့ ဆွစ်ဇာလန်မှာ ပညာဆည်းပူးခဲ့ပါတယ်။ ငယ်ငယ်တုန်းကတော့ သူမရဲ့အထိန်းတော်ကြီးအုပ်ထိန်းမှုနဲ့ အိမ်မှာပဲပညာသင်ကြားခဲ့ပါတယ်။ အသက်ကိုးနှစ်အရွယ်မှာ မိန်းကလေးကျောင်းကို တက်ရောက်ခဲ့ပါတယ်။ ဒီနောက်တော့ သူမအစ်မတွေတက်တဲ့ ကန့်ပြည်နယ်မှာရှိတဲ့ကျောင်းကို တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။ ပညာရေးမှာတော့ သူမကအရမ်းကြီးတော်တဲ့အထဲ မပါပေမယ့် ဥာဏ်ရည်ဥာဏ်သွေးထက်မြက်တဲ့ထဲ ပါပါတယ်။ သူမရဲ့စန္ဒယားစွမ်းရည်ကို လူတိုင်းက ချီးကျူးကြရပါတယ်။ ဒါ့အပြင် ရေကူးတာ၊ ဘဲလေးကတာအပြင် tap dance ကတဲ့နေရာမှာလည်း သူမတူအောင်ထူးချွန်သူတစ်ယောက်ပါ။ဆွစ်ဇာလန်မှာ ပညာသင်နေတဲ့အချိန်မှာ သူမဟာ အချိန်ပိုင်းအလုပ်တွေလည်း အများကြီးလုပ်ခဲ့ပါသေးတယ်။ သူမအမေက အသက်၁၈နှစ်ပြည့်မွေးနေ့လက်ဆောင်အနေနဲ့ တိုက်ခန်းတစ်ခန်းဝယ်ပေးခဲ့ပြီး သူမကျောင်းတက်စဉ်တစ်လျှောက်လုံး အဲ့ဒီမှာပဲ သူငယ်ချင်းတွေနဲ့နေခဲ့ပါတယ်။

Related Article >>> မိန်းမလှနဲ့ မိန်းမကောင်း

ဒိုင်ယာနာနဲ့ချားလ်မင်းသားတို့ တွေ့ကြချိန်မှာ သူမအသက် ၁၆နှစ်ပဲရှိပါသေးတယ်။ ဘယ်လိုတွေ့တာလဲဆိုတော့ အဲ့အချိန်မှာ ချားလ်က ဒိုင်ယာနာ့အစ်မ ဆာရာနဲ့တွဲနေတာ သူမကအကူလိုက်သွားပေးတုန်းကပါ။ နွေရာသီပိတ်ရက်မှာ ချားလ် ပိုလိုရိုက်တာကို ဒိုင်ယာနာလာကြည့်သလိုပဲ ချားလ်ကလည်း ဒိုင်ယာနာ့အပေါ် စိတ်ဝင်စားလာတဲ့အချိန်ပါ။ အဲ့ဒီနောက်မှာ ချားလ်က လှေလှော်ဖို့ ဒိုင်ယာနာကို တော်ဝင်ရွက်လှေပေါ်ကို ဖိတ်ခေါ်ပါတယ်။ ဒီ့နောက်မတော့ တော်ဝင်မိသားစုနဲ့ ၁၉၈၀ နိုဝင်ဘာလမှာ ပေးတွေ့ပေးပါတယ်။ ဒိုင်ယာနာ့အပေါ် အဲလီဇဘက်ဘုရင်မကြီးက တော်တော်သဘောကျချစ်မြတ်နိုးခဲ့ပါတယ်။ ချားလ်က ၁၉၈၁ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ လက်ထပ်ခွင့်တောင်းခဲ့ပြီးတော့ ဇူလိုင်လ ၂၉ရက်မှာ သူတို့လက်ထပ်ခဲ့ကြပါတယ်။ ဒိုင်ယာနာလက်ထပ်စဉ်က ၀တ်ဆင်ခဲ့တဲ့လက်စွပ်လေးကို သူမရဲ့ သားတော်မင်းသားဝီလီယန်ဟာ သူ့လက်ထပ်ပွဲမှာ သတို့သမီးကို ၀တ်ဆင်ပေးခဲ့ပါတယ်။

ချားလ်နဲ့ဒိုင်ယာနာမှာ သားတော်နှစ်ပါးထွန်းကားခဲ့ပါတယ်။ ဒိုင်ယာနာက သူမရဲ့သားနှစ်ယောက်ကို အရမ်းချစ်ပြီး နာမည်ပေးတာက အစ အ၀တ်အစားကိစ္စတွေအထိ အကုန်လုံး ကလေးထိန်းနဲ့လွှဲပေးရမယ့်အစား သူမတတ်နိုင်သလောက် လိုက်လုပ်ပေးခဲ့ပါတယ်။ အလှူအတန်း ပရဟိတ သံတမန်ကိစ္စအားလုံးကို မလစ်ဟင်းစေရအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဝေလမင်းသမီးတစ်ယောက်အနေနဲ့ ဒိုင်ယာနာဟာ လိုအပ်တဲ့နေရာတွေမှာ ဖြူစင်တဲ့စိတ်ထားနဲ့ အကူအညီတွေပေးခဲ့တာကြောင့် ဗြိတိန်သမိုင်းမှာ သူမလောက် လူချစ်လူခင်များတဲ့ မင်းသမီးမရှိသလောက်ပါပဲ။

နောက်ပိုင်းမှာတော့ အားလုံးသိတဲ့အတိုင်း ချားလ်နဲ့ဒိုင်ယာနာကြား အိမ်ထောင်ရေးအက်ကွဲကြောင်းတွေ ပေါ်ပေါက်လာပြီး ၁၉၉၆ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာ မင်းသားနှစ်ပါးရဲ့မိခင်ဖြစ်တာကြောင့် တော်ဝင်မိသားစုအဖြစ်ရှိနေဆဲပါ။ ၁၉၉၇ သြဂုတ်လ ၂၉မှာတော့ အားလုံးသိကြတဲ့အတိုင်း ပါပါရာဇီတွေကြောင့် မတော်တဆဖြစ်ခဲ့ပြီး ဒီဒဏ်ရာတွေနဲ့ပဲ သူမ သေဆုံးသွားခဲ့ပါတယ်။ သူမကို ချစ်မြတ်နိုးတဲ့ နိုင်ငံသားအားလုံးဟာ ယူကြုံးမရကြေကွဲကြပြီး မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ကြပါတယ်။ နှစ်ပေါင်းများစွာကြာခဲ့တာတောင်မှ သူမဟာ နိုင်ငံသားတွေရဲ့ ရင်ထဲ ရှိနေဆဲပါပဲ။

လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူသေဆုံးသွားတဲ့အခါ ဘယ်နှစ်ယောက်လောက်ဝမ်းနည်းပူဆွေးကြသလဲဆိုတဲ့ပေါ် မူတည်ပြီးဆုံးဖြတ်လို့ရနိုင်တယ်ဆိုတာကို ယောင်းတို့လက်ခံကြလားဟင်.. ဒီလိုသာ သတ်မှတ်ကြေးဆို ဒီ လေဒီဒိုင်ယာနာကတော့ တန်ဖိုးဖြတ်မရနိုင်တဲ့ တော်ဝင်ရတနာလေးတစ်ပွင့်ပါပဲယောင်းတို့ရေ.. သူမလုပ်ခဲ့တဲ့ ပရဟိတတွေ၊ သူမရဲ့ဖြူစင်တဲ့စိတ်ထားတွေနဲ့၊ ဟန်ဆောင်မှုကင်းပြီး ဟိတ်ဟန်မရှိ ရိုးသားတဲ့ အပြုအမူတွေက ဗြိတိန်နိုင်ငံသားတွေတင်မက တစ်ကမ္ဘာလုံးက အသည်းနှလုံးတွေကိုပါ သိမ်းကြံုံးထွေးပိုက်ထားနိုင်ခဲ့တာပါ။ တော်လည်းတော်၊ လှလည်းလှ စိတ်ထားလေးလည်းကောင်းတဲ့ မင်းသမီးလေးဆိုတာ ပုံပြင်ထဲမှာတင်မဟုတ်ဘဲ အပြင်လောကမှာလဲ ရှိတယ်ဆိုတာ သက်သေပြခဲ့တဲ့ အမျိုးသမီးတစ်ဦးပါနော်…

ယောင်းတို့လည်း ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အကျိုးမရှိတဲ့နေရာတွေမှာ မဖြုန်းတီးဘဲ အတ္တဟိတ၊ ပရဟိတ မျှမျှတတဆောင်ရွက်နိုင်ပြီး ဒိုင်ယာနာလိုပဲ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာလေးတွေ ဖြစ်နိုင်ကြပါစေ ယောင်းတို့ရေ…

Amber(ForHerMyanmar)

No Comments Yet

Comments are closed