Knowledge Women News

ရေနစ်သူဝါးကူမထိုးကြစေချင်

ရာဇဝတ်မှုတစ်ခုဖြစ်ပြီဆိုရင် ဘယ်သူ့မှာတကယ် အပြစ်ရှိပါသလဲ….

ဒီမေးခွန်းဟာ အဓိပ္ပါယ်မရှိတဲ့ မေးခွန်းတစ်ခုလို့ ယောင်းတို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမယ့် အခုလို မုဒိမ်းမှုတွေ ပေါများနေတဲ့ အချိန်၊ မုဒိမ်းကောင်တွေ (တော်တော်များများ) အပြစ်ပေးမခံရဘဲ လွတ်မြောက်နေတဲ့အချိန်ဟာ ဒီမေးခွန်းမေးဖို့ အကောင်းဆုံးအချိန်ပါပဲ။

မုဒိမ်းမှု၊ ကိုယ်ထိလက်ရောက်စော်ကားမှုနဲ့ ပါးစပ်သရမ်းကြတဲ့ အမျိုးမကောင်းသားတွေအကြောင်း ဆောင်းပါးတွေအောက်မှာ “မိန်းကလေးတွေက အတိုအပြတ်ဝတ်လို့ ယောက်ျားလေးတွေ စိတ်မထိန်းနိုင်တာပါ” ဆိုတာကတစ်မျိုး၊ “မိန်းမတွေမြှူဆွယ်ရင် ဈာန်ရရဟန်းတောင် ဈာန်လျှောတယ်” ဆိုတာကတစ်ဖုံ၊ “မင်းတို့က ပြချင်တိုင်းပြထားပြီး ငါတို့ကိုမထိနဲ့လို့ ပြောလို့ရမလား” ဆိုတာကတစ်ဘာသာ၊ ယောက်ျားသားတွေ၊ တစ်ခါတလေ မိန်းမတွေကိုယ်တိုင်ကိုယ်က ပြောကြတာတွေ့ရပါတယ်။ ယောင်းတို့တွေလဲတွေ့မှာပါ။ တကယ်တမ်းက မုဒိမ်းအကျင့်ခံရတဲ့၊ အစအနောက် အစော်ကားခံရတဲ့ မိန်းကလေးတိုင်းဟာ အတိုအပြတ်ဝတ်ထားတာမဟုတ်ပါဘူးနော်။ ထားပါတော့ ဒါတွေက မုဒိမ်းယဉ်ကျေးမှု ဆိုတဲ့ဆောင်းပါးထဲမှာ အက်ဒမင်တစ်ခါပြောခဲ့ဖူးပါတယ်။

Related Article >>> လိင်အကြမ်းဖက်မှုဆိုတာ

အခုအက်ဒမင်ပြောပြချင်တာက မုဒိမ်းယဉ်ကျေးမှုနဲ့ ခွဲမရအောင်တွဲနေတဲ့ (victim blaming) နစ်နာသူကို အပြစ်ဖို့ခြင်း အကြောင်းပါ။ နစ်နာသူကို အပြစ်ဖို့ခြင်းဆိုတာကတော့ ရာဇဝတ်မှုတစ်ခုဖြစ်တဲ့အခါမှာ ခံရတဲ့သူဘက်က မှားတာမို့ ဖြစ်တာနည်းတောင်နည်းသေး၊ ဒီလိုလုပ်ရင် ဒီလိုဖြစ်မှာပဲလို့ ပြောတာပါ။ အက်ဒမင်ကတော့ အဖြစ်များနေတဲ့ မုဒိမ်းမှုအကြောင်းပြောချင်တာမို့ အခုဆောင်ပါးထဲမှာတော့ နစ်နာသူဆိုတာ အစော်ကားခံရတဲ့ မိန်းကလေးကို ဆိုလိုချင်တာပါ။ မုဒိမ်းမှုဖြစ်တဲ့အခါ – ဖြစ်မှာပေါ့ သူကအရက်တွေသောက်ထားတာကိုး။ ဖြစ်မှာပေါ့ သူကမလုံမခြုံဝတ်ထားတာကိုး။ ဖြစ်မှာပေါ့ သူက ယောက်ျားတစ်ယောက်တည်း နေတဲ့နေရာကို လိုက်သွားတာကိုး။ ဒီလိုတွေပြောတာဟာ အစော်ကားခံရတဲ့သူကို မဖေးမဘဲ ပိုပိုပြီး အပြစ်တွေဖို့တာမို့ လက်သင့်မခံနိုင်တဲ့ အမူအကျင့်ပါ။

နစ်နာသူကို အပြစ်ဖို့ခြင်းဟာ ဘာဖြစ်လို့ဖြစ်ရတာလဲဆိုတော့ မိန်းကလေးအချင်းချင်းမှာတော့ ကြောက်စိတ်ကြောင့် ဖြစ်ရတာလို့ဆိုပါတယ်။ သူကဒီနေရာကိုသွားလို့၊ ဒီလိုဝတ်ထားလို့၊ ဒီလိုပြုမူလို့ မုဒိမ်းအကျင့်ခံရတာ။ ငါကတော့ သူနဲ့မတူဘူး။ ငါကဒီလိုမိန်းကလေးမဟုတ်ဘူး။ ဒါကြောင့်ငါ့မှာ ဒီလိုကိစ္စမျိုး ဖြစ်မလာနိုင်ဘူးလို့ စိတ်ထဲကနေ ကိုယ့်ကိုယ်ကိုယ် အားပေးရာကနေ ဖြစ်လာတာပါ။ ယောက်ျားတွေကတော့ သူတို့မကောင်းတာ ဖုံးချင်လို့ပေါ့နော်။ တကယ့်တကယ် အမျိုးကောင်းသားတွေက victim blaming မလုပ်ပါဘူး။

Related Article >>> တွစ်တာအသုံးပြုသူ မိန်းကလေးတစ်ယောက်ပြောပြတဲ့ မုဒိမ်းမှုအကြောင်း

ကဲ… ဒီလိုဆိုတော့ victim blaming လုပ်တာ အန္တရာယ်ရှိလာပါတယ်။ ဘာလို့အန္တရာယ်ရှိလဲဆိုရင် မုဒိမ်းမှုဆိုတာ အဝတ်အစား၊ သွားတဲ့နေရာ၊ အပြုအမူပေါ်မူတည်နေတာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုအချက်တွေအပေါ်မူတည်နေရင် သက်ငယ်မုဒိမ်းမှုတွေဘာလို့ရှိနေလဲ။ ဆရာမလေးတွေ၊ အသက်ကြီးကြီး အမေကြီးတွေကို ကျူးလွန်တဲ့အမှုတွေ ဘာလို့ရှိနေလဲ။ တကယ်ကတော့ တရားဥပဒေစိုးမိုးမှုမရှိသေးသရွေ့၊ ယောကျာ်းလေးတွေဟာ မိန်းကလေးတွေကို လိင်စိတ်နဲ့ပဲကြည့်နေသရွေ့ကတော့ လူတိုင်းမှာအန္တရာယ်ရှိပါတယ်။ အက်ဒမင်လဲ အစော်ကားခံရနိုင်တယ်။ ယောင်းတို့တွေလည်း အစော်ကားခံရနိုင်တယ်။ ဆိုတော့ကာ victim blaming လုပ်နေတာဟာ ကိုယ့်မှာ မဖြစ်နိုင်ဘူးဆိုတဲ့ အတုအယောင် လုံခြုံမှုကိုပေးတာမို့ ကိုယ်တို့တွေ သတိလွတ်သွားတဲ့အချိန်မှာ မဖြစ်သင့်တာတွေ ဖြစ်လာနိုင်ပါတယ်။

နောက်အန္တရာယ်တစ်ခုကတော့ ဒီလိုမျိုး နစ်နာသူကို အပြစ်ဖို့ခြင်းအားဖြင့် အစော်ကားခံရသူ မိန်းကလေးတွေဟာ သူတို့အစော်ကားခံရတာကို မတိုင်ကြားရဲတော့တာမျိုးဖြစ်လာပါလိမ့်မယ်။ သူတိုင်လိုက်မှ တစ်ရှက်ကနှစ်ရှက်ဖြစ်မယ်လေ။ ဒီလိုဖြစ်လာရင် မုဒိမ်းကောင်တွေက ဟက်ပီးပေါ့ကွယ်။ ငါလုပ်လိုက်လဲ သူတို့မတိုင်ရဲပါဘူးဆိုပြီး ပိုအတင့်ရဲကုန်ကြမှာလေ။ ဆိုတော့ကာ.. အက်ဒမင်တို့က နစ်နာနဲ့သူကို အပြစ်တွေတင်မနေဘဲ ဒီလိုအမှုတွေ ဖြစ်မလာအောင် ကိုယ့်ကိုယ်ကိုယ်လဲကာကွယ် ပတ်ဝန်းကျင်က တခြားမိန်းကလေးတွေကိုလဲ ဖေးမပေးရမှာပေါ့။

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ –

လူတစ်ယောက်က အဝတ်အစား သားသားနားနားဝတ်ထားတယ်။ ကဲ အဲ့လူအသတ်ခံရပါပြီတဲ့၊ ပိုက်ဆံတွေအလုခံရပါပြီတဲ့။ နည်းတောင်နည်းသေးတယ်။ အဝတ်အစား သားသားနားနား ဝတ်ထားတာကိုး။  သူသာစုတ်တီးစုတ်ပဲ့ဝတ်ထားရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူး။ အဲ့လောက်သားနားနေမှတော့ ဓားပြက စိတ်ဘယ်ထိန်းနိုင်လိမ့်မလဲ။ အဲ့လိုတွေပြောကြမှာလား။ ဒီလိုနေရာမှာကျ victim blaming ဖို့ စဉ်းတောင် စဉ်းစားမိမှာ မဟုတ်ဘူး။

အဲဒီတော့… အမျိုးသမီးတွေ ဝတ်စားဆင်ယင်မှုကြောင့်..အနေအထိုင်မတတ်မှုကြောင့်…ဆိုတဲ့ victim blaming…. ရပ်တန်းက ရပ်သင့်ပြီ မဟုတ်လား။

Khine (For Her Myanmar)

Ref: https://www.cambridgeforconsent.com/victim-blaming

http://www.southernct.edu/sexual-misconduct/facts.html

Khine
အသက်သာကြီးလာတယ် လူကြီးစိတ် ကောင်းကောင်းမပေါက်သေးတဲ့ အပျိုကြီးမမပါ။ အိုပါးတို့ခေတ်က ကြိုက်လာလိုက်တဲ့ ကေပေါ့ကို အခုသားသားတို့ ခေတ်ထိ ကိုယ့်အသက်ကိုယ်မေ့ပြီး ကြိုက်နေဆဲပါ။ Knowledge, English learning, career နဲ့ relationship အပိုင်းတွေ အရေးများပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *