Knowledge

သံလွင်ဆီရဲ့မယုံနိုင်ဖွယ် အသုံးဝင်ပုံ

သံလွင်ဆီကို ဟိုးရှေးခေတ်အခါတုန်းက “ရွှေအရည်”လို့ တင်စားခေါ်ခဲ့ကြပါတယ်တဲ့။ ဟုတ်တာပေါ့ သံလွင်ဆီဟာ ဟင်းချက်ရာမှာ အသုံးဝင်တဲ့အပြင် အသားအရေထိန်းသိမ်းတဲ့နေရာမှာလည်း ဆရာတစ်ဆူလေ။ သံလွင်ဆီရဲ့ အံ့သြဖွယ်အစွမ်းကတော့  ပြောလို့တောင် ကုန်မယ်မထင်ပါဘူး။  ခန္ဓာကိုယ်ဝိတ်ချဖို့အတွက်သုံးမလား။ သွေးထဲ သကြားဓာတ်များနေလို့လား။ သွေးတိုးလား။ ကိုလက်စထရောကြောင့် စိတ်ညစ်နေရတာလား။ ကင်ဆာရောဂါကြောင့် စိတ်ပိန်နေရလား။ လေးဖက်နာရောဂါကြောင့် သောကရောက်နေရလား။

ဒါဆိုရင်တော့ အောက်က စာလေးတွေကို ဖတ်ဖို့ အသင့်ပြင်ထားနော်။

အသားအရေအတွက်ဆိုရင်တော့ အသားရေကို အစိုဓာတ်ထိန်းထားပေးတယ်။ အရေပြားကျန်းမာရေးကိုလည်း တိုးမြှင့်ပေးတယ်။ မိတ်ကပ်ဖျက်တဲ့နေရာမှာလည်း သုံးလို့ရသေးတယ်။ အသက်အရွယ်အိုမင်းရင့်ရော်မှာကြောက်ရင်လည်း သုံးလို့ရတယ်။ နှုတ်ခမ်းသားလေးတွေကို scrub လုပ်ချင်ရင် သံလွင်ဆီကို သုံးလို့ရသေးတယ်။ ဆံသားကိုလည်း ပိုမိုကောင်းမွန်စေတယ်။

ဒါ့အပြင် ခေါင်းမလျှော်ခင် ဆံသားထိန်းသိမ်းမှုအနေနဲ့လည်း သံလွင်ဆီကို သုံးပေးလို့ရသေးတယ်။ လက်သည်းလေးတွေကို ပိုမိုကျန်းမာစေတယ်။ ရင်သားကင်ဆာကို ကာကွယ်ပေးတယ်။ ဆီးချိုရောဂါကို တွန်းလှန်ပေးတယ်။ အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးတယ်။ စိတ်ဓာတ်ကျဆင်းမှုအတွက်လည်း ကောင်းတယ်။ ကိုလက်စထရောလယ်ဗယ်ကို ညှိပေးတယ်။ လေဖြတ်ခြင်းကိုလည်း ကာကွယ်ပေးတယ်။ ကာမဆက်ဆံရာမှာလည်း ပိုမိုတက်ကြွစေတယ်။ နာကျင်မှုသက်သာဆေးအဖြစ်လည်း ဆောင်ရွက်နိုင်တယ်။

သံလွင်ဆီကိုမှန်မှန် သုံးစွဲတဲ့သူတွေဟာ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါနှင့် လေဖြတ်နိုင်ချေ နည်းတယ်လို့ သုတေသနစာတမ်းတစ်ခုက ဆိုပါတယ်။ ဗီတာမင်အီးနှင့် အင်တီအောက်စီးဒင့် ပမာဏ လုံလောက်စွာ ပါဝင်တဲ့ သံလွင်ဆီရဲ့ နူးညံ့တဲ့အထိအတွေ့က အခြား Moisturizer တွေနဲ့မတူ မစေးကပ်တဲ့အပြင် အကြာကြီးခံပြီးတော့ အသားအရေအားလုံးနဲ့လည်း သင့်လျော်ပါတယ်။ သံလွင်ဆီရဲ့ အသုံးဝင်ပုံအသေးစိတ်ကို အောက်မှာဖတ်ကြည့်ကြရအောင်။

 

သံလွင်ဆီကို Moisturizer အဖြစ် သုံးကြမယ်

သံလွင်ဆီစစ်စစ် တစ်ဇွန်း လိုပါတယ်။ ရေချိုးပြီးတဲ့အခါမှာ ရေစင်အောင်အကုန်မသုတ်ဘဲ နည်းနည်းစိုစိုချန်ထားပြီး သံလွင်ဆီနဲ့ မျက်နှာကို နှိပ်နယ်ပေးပါ။ ၁၅မိနစ်လောက်ထားပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးချပါ။ သင်က  အသားရေခြောက်သွေ့တတ်တယ်ဆိုရင်တော့ ညအိပ်ရာမဝင်ခင်မှာ သံလွင်ဆီကို လိမ်းအိပ်ပါ။ နောက်နေ့မနက်ကျမှ ရေနွေးလေးနဲ့ ဆေးချပါ။ (ကြက်သီးနွေးရေဆိုတာ ရေနွေးနွေးလေးဖြစ်နေတဲ့ရေကိုပြောတာပါ)

အသားအရေအတွက် သံလွင်ဆီတစ်စက်

ဗီတာမင်အီးကြွယ်ဝစွာ ပါဝင်တာကြောင့် ရောင်ရမ်းမှုတွေ၊ ဝက်ခြံတွေနဲ့ အရေပြားကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီတစ်ခါတော့ ဒိန်ချဉ်လေးနှင့် ပျားရည်လေးပါ ပေါင်းထည့်လိုက်မယ်နော်။ ဒိန်ချဉ်ခွက် သုံးပုံတစ်ပုံ ပျားရည်ခွက် လေးပုံတစ်ပုံ သံလွင်ဆီ လဘက်ရည်ဇွန်း၂ဇွန်း ဒိန်ချဉ်၊ ပျားရည်နဲ့ သံလွင်ဆီတို့ကို ရောပြီး မျက်နှာပေါ်လိမ်းပေးပါ။ မိနစ်၂၀ခန့်ထားပြီးမှ  ကြက်သီးနွေးရေနဲ့ ဆေးကြောပေးပါ။ တစ်ပါတ်တစ်ကြိမ်ခန့်အသုံးပြုနိုင်ပါတယ်။

သံလွင်ဆီနဲ့ မိတ်ကပ်ဖျက်ကြမယ်

ဂွမ်းကို သံလွင်ဆီထဲနှစ်ပြီး မိတ်ကပ်ဖျက်ပါ။ သံလွင်ဆီဟာ မိတ်ကပ်ဖျက်ပေးနိုင်ရုံသာမက မျက်လုံးနားတဝိုက်မှာရှိတဲ့ နေရာလေးတွေကိုပါ နူးညံ့စေပါတယ်။

အသက်အရွယ်အိုမင်းမှုကို သံလွင်ဆီနဲ့ တွန်းလှန်ကြမယ်

သံလွင်ဆီ စားပွဲတင်ဇွန်း (၂) ဇွန်း သံပယိုရည် စားပွဲတင်ဇွန်း (၁) ဇွန်း ဆား အနည်းငယ် ပထမဆုံး သံလွင်ဆီအစက် အနည်းငယ်လောက်နဲ့ မျက်နှာကို နှိပ်နယ်ပေးပါ။ ကျန်တဲ့ဆီတွေကို ဆားနဲ့ ရောပြီး သံပယိုရည်ကို ပေါင်းထည့်ပါ။ ထိုအရောကို ခြောက်နေတဲ့နေရာတွေ၊ ကြမ်းနေတဲ့နေရာတွေမှာ လိမ်းပေးပါ။

နှုတ်ခမ်းသားလေးကို သံလွင်ဆီနဲ့ ပေါင်းတင်ကြမယ်

မျက်နှာလေးလှဖို့အပြင် နှုတ်ခမ်းလေးပါ လှနေဖို့ အရေးကြီးတယ်နော်။ ကြိတ်ထားတဲ့ သကြားညို၊ သံလွင်ဆီအနည်းငယ်နဲ့ သံပယိုရည်တို့ကိုရောပြီး နှုတ်ခမ်းသားလေးကို ငါးမိနစ်ခန့် ပွတ်ပေးပါ။ ညအိပ်ရာမဝင်ခင် ပြုလုပ်ပါ။ သံလွင်ဆီက ခြောက်ပြီးကွဲနေတဲ့နှုတ်ခမ်းသားကို နူးညံ့စေပြီး သကြားနဲ့ သံပယိုရည်တို့ကတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ခြေထောက်ကွဲတာတွေကို သံလွင်ဆီနဲ့ကာကွယ်ကြမယ်

ဖိနပ်လှလှလေးတွေစီးတဲ့အခါမှာ ခြေဖိနောင့်လေးတွေက ကွဲနေရင် ကြည့်လို့မလှဘူးလေနော်။ ဒါကြောင့် ကွဲနေတဲ့ ( ပက်ကြားအက်) ခြေထောက်လေးတွေကို သံပယိုရည်နွေးနွေးလေးနဲ့ ချေးချွတ်ပေးပါ။ ပြီးရင် သံလွင်ဆီလေးကို ခပ်ရွှဲရွှဲလေးလိမ်းပေးပါ။ ပိုပြီးတော့ မြန်မြန်သက်သာစေချင်ရင် ခြေအိတ်လေးစွပ်ထားပေးပါ။

ဆံပင်ပိုသန်စွမ်းလာစေဖို့ မှန်မှန်သုံးသင့်တဲ့ သံလွင်ဆီ

သံလွင်ဆီ တစ်ဝက်ခန့် (ကော်ဖီခွက်)၊ ပျားရည် စားပွဲတင်ဇွန်း(၂) ဇွန်း၊ ကြက်ဥအနှစ် (ကြက်ဥတစ်လုံး)၊ တို့ကို နှံ့နှံ့စပ်စပ်ရောပြီး ဆံသားကို လိမ်းပေးပါ။ မိနစ် (၂၀)ခန့်ထားပြီး ကြက်သီးနွေးရေလေးနဲ့ ဆေးကြောပေးပါ။ ပြီးတော့မှ ပျော့ဆေးလေးသုံးပြီး ခေါင်းလျှော်ပေးပါ။ မှန်မှန်လေးလုပ်သွားမယ်ဆိုရင် အရင်ကထက် ဆံပင်ပိုသန်စွမ်းလာမှာ အသေချာပါပဲ။

ခေါင်းမလျှော်ခင် သံလွင်ဆီနဲ့ ဆံသားထိန်းသိမ်းကြမယ်

သံလွင်ဆီ (၁)ခွက်ကို အပူပေးပါ။ ထို့နောက် ခေါင်းမလျှော်ခင် သံလွင်ဆီရွှဲနေအောင် လိမ်းပေးပါ။ ဦးရေပြားနဲ့ ဆံပင်အဖျားတွေကို သံလွင်ဆီလိမ်းပေးဖို့လည်း မမေ့နဲ့ဦးနော်။ မိနစ်(၂၀)ခန့်ထားပြီး ကြက်သီးနွေးရေနဲ့ ဆေးချပါ။

လက်သည်းလေးတွေလှပနေစေဖို့ သံလွင်ဆီ

သံလွင်ဆီကို ဝါဂွမ်းလေးနဲ့တို့ပြီး ခြေချောင်းလက်ချောင်းလေးတွေကို ပွတ်ပေးပါ။ ပွတ်ပေးပြီးရင် မိနစ်(၃၀)ခန့်ထားပြီး ရိုးရိုးရေနဲ့ ဆေးလို့ရပါတယ်။

ကျန်းမာရေးအတွက် သံလွင်ဆီ

ဟင်းချက်တဲ့အထဲမှာ သံလွင်ဆီထည့်ချက်ခြင်းဟာ သွေးထဲသကြားဓာတ် ပါဝင်မှုကို ညှိပေးပါတယ်။ ကဲခုဆိုရင်တော့ သံလွင်ဆီရဲ့ အသုံးဝင်ပုံတွေကို ပြောခဲ့ပြီးပြီနော်။ ချွင်းချက်မရှိ အလှတရားကို ပိုင်ဆိုင်နိုင်ဖို့ ခေါင်းကနေ ခြေအဆုံးထိအသုံးဝင်တဲ့ သံလွင်ဆီကို ပြေးဝယ်လိုက်နော်။

Leave a Reply

Your email address will not be published. Required fields are marked *