လူမှုပတ်ဝန်းကျင်မှာ မပြောဘဲ သိနေရမဲ့ ယဉ်ကျေးမှုတွေ

တန်းစီနေတဲ့လူအုပ်ကြား ကြားဖြတ်တာကို အချိန်ကုန်သက်သာတယ်ဆိုပြီး ပျော်နေတုန်းလား?

တစ်ချို့အပြုအမူလေးတွေက ကိုယ့်အနေနဲ့ ရိုင်းတယ်လို့မယူဆပေမဲ့ ပတ်ဝန်းကျင်အတွက် အနှောင့်အယှက်ဖြစ်စေတာမျိုး ရိုင်းသွားတာမျိုး ဖြစ်တတ်တယ်လေ။ ဒါကို ဘယ်တစ်ဦးတစ်ယောက်ကမှ ‘သြော် တစ်ခါတလေ မှားတာပါ’ ဆိုပြီး နားလည်ပေးမှာမဟုတ်လို့  သိထားသင့်တယ်ထင်တာတွေကို နှင်းကပြောပြပေးမယ်နော်။

စကားပြောကြပြီဆိုရင်

ဆွေမျိုးတွေနဲ့ စကားပြောတော့မယ်ဆိုရင် အတတ်နိုင်ဆုံး အင်္ဂလိပ်စကားလုံးကိုရှောင်ပေးပါ။ လူကြီးတွေက သူတို့အရှေ့မှာ သူတို့နားမလည်တဲ့စကားနဲ့လာလာပြောနေတာ မကြိုက်ပါဘူး။ သူတို့ပြောတဲ့စကားဆုံးမှ ကိုယ်က ဝင်ပြောပါ။ လေသံကိုလည်း သေချာ ဂရုစိုက်ရမယ်နော်။ လူငယ်ချင်းပြောမယ်ဆိုရင်လည်း ကိုယ်ပြောချင်တာကို အတင်းပြောနေတာထက် သူပြောတဲ့အကြောင်းအရာကို သေချာနားထောင်ပြီး သူတို့စကားဆုံးကာမှ ကိုယ့်အတွေးကိုယ့်အမြင်ကို အေးအေးဆေးဆေးဝင်ပြောတာ ပိုအဆင်ပြေပါတယ်။ 

Related Article >>> လုပ်ငန်းခွင်က အပေါ်ယံနှမ်းဖြူးသမားတွေနဲ့ ဘယ်လိုဆက်ဆံကြမလဲ

အလုပ်ခွင်ထဲမှာ

အလုပ်ခွင်မှာဆိုရင်လည်း ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မလုပ်ဖို့သေချာဂရုစိုက်ရပါလိမ့်မယ်။ ဒါကသူများတွေကို အရမ်းစိတ်အနှောက်အယှက်ဖြစ်စေတေယ်လေ။ တကယ်လို့ မဖြစ်မနေပြောရမယ်ဆိုရင်လည်း တိုးတိုးသာသာနဲ့ အခန်းအပြင်ထွက်ပြောတာမျိုး လုပ်သင့်ပါတယ်နော်။ အဝတ်အစားကိုလည်း ရုံးနဲ့သင့်တော်တာမျိုး ဝတ်စားသင့်ပါတယ်။ ကိုယ့်အဝတ်အစားကြောင့် သူများ စိတ်အနှောက်အယှက်ဖြစ်မယ်ဆို မကောင်းဘူးလေ။

ဘတ်စ်ကားပေါ်မှာတော့

ဘတ်စ်ကားပေါ်မှာဆိုရင်လည်း ဖုန်းပြောတဲ့အခါ ဘေးကားပေါ်ကနေကြားလောက်တဲ့အထိ ဆူဆူညံညံမပြောသင့်ပါဘူး။ ဒါမျိုးက ကိုယ့်အနားထိုင်နေတဲ့လူ တော်တော်စိတ်တိုစေတဲ့ အပြုအမူမျိုးပါ။ နောက်တစ်ခုက တစ်ဦးတစ်ယောက်ကို မတော်တဆတိုက်မိ ပြုမိတဲ့အခါမှာ တေမိမင်းသား (နှုတ်ဆိတ်နေတာ) လုပ်နေတာက အရမ်းရိုင်းပါတယ်။ ဆောရီးတစ်လုံးလောက်နဲ့ ကိုယ်လည်း မဆင်းရဲသွားဘူးလေ။

တန်းစီရမဲ့ နေရာမျိုးမှာ

တန်းစီနေတဲ့အချိန် ကြားဖြတ်တဲ့အပြုအမူကလဲ နိုင်ငံကြီးသား လုံးဝမပီသတဲ့အပြုအမူပါ။ ဦးသူစားစတမ်း ဝင်စတမ်းဆိုရင် ဘာလို့တန်းစီနေတော့မှာလဲ? အကုန်တိုးဝှေ့နေမှာပေါ့။ လူအများက စည်းနဲ့ကမ်းနဲ့ တန်းစီနေတဲ့အချိန် ဖြတ်ခုတ်သွားတဲ့အခါ ကိုယ့်ရည်းစားကိုဖြတ်လုသွားသလို အရမ်းစိတ်ဆိုးရပါတယ်။ (ဖေ့ဘုတ်ပေါ်တော့တင်လို့မရဘူးပေါ့လေ။)

Related Article >>> နှစ်ဘက်မြင်တတ်ကြပါစေ

အကြည့်တွေ၊ မျက်လုံးတွေ

လမ်းလျှောက်နေတဲ့အချိန်မှာ တစ်ယောက်ယောက်ရဲ့ ဝတ်စားဆင်ယင်ပုံက သူများနဲ့ကွဲထွက်နေတဲ့အချိန်တွေမှာ မျက်လုံးကြီးတွေပြူးပြီး လိုက်ကြည့်တဲ့အကြည့်ကသိပ်ရိုင်းပါတယ်။ သဘောကျလို့ဖြစ်စေ၊ ထူးခြားနေလို့ဖြစ်စေ ကြည့်တဲ့အပြင် ဘေးကလူကိုပါ တို့တို့ပြီးလက်ညှိုးထိုးတဲ့အကျင့်က ဘာလဲတော့မသိပေမဲ့ တစ်ဘက်လူကအရမ်းစိတ်ရှုပ်ရပါတယ်။ (နှင်းလိုပေါက်ကရတွေ ထထဝတ်တတ်တဲ့ လူမျိုးတွေ အဲ့ဖီးလ်ကိုကောင်းကောင်းသိကြမှာပါ။) နောက်ပြီး တစ်လမ်းလုံးကိုသူ့အပိုင်လို့သဘောထားပြီး လှုပ်လီလှုပ်လဲ့နဲ့ လျှောက်တဲ့လူတွေအနေနဲ့လည်း လမ်းလေးနည်းနည်းတော့ချန်လျှောက်ကြပါလို့။ တစ်လမ်းလုံးကို ယူတို့ပိုင်ထားတာမဟုတ်ဘူးလေ နော်.. 

စားပွဲထိုးလေးတွေ ခေါ်တဲ့အခါ

စားသောက်ဆိုင်မှာ စားပွဲထိုးကိုခေါ်တဲ့အခါ တစ်ချို့ဆိုတချွတ်ချွတ်နဲ့ တစ်ချို့ဆို လက်ဖျောက်တီးခေါ်တာ။ အင်မတန်ရိုင်းတဲ့ အပြုအမူပါ။ သူတို့သည် ကိုယ့်ကို ဝန်ဆောင်မှုပေးနေတဲ့လူတွေပါ။ လူလူချင်း နှိမ်သလို အပြုအမူမျိုးဖြစ်သွားတာမို့ သတိထားရှောင်စေချင်ပါတယ်။ တတ်နိုင်သလောက် အသက်အရွယ်ကိုလိုက်ပြီး အစ်ကိုရေ၊ ညီရေ၊ မောင်လေးရေ၊ အစ်မရေ၊ ညီမရေ စသည်ဖြင့် လေးစားသမှုနဲ့ခေါ်ပေးစေချင်ပါတယ်။ (အဲ့လို တချွတ်ချွတ်ခေါ်တာမျိုးကလည်း အကျင့်တွေဖြစ်ကုန်ကြတော့ ရိုင်းတယ်လို့မထင်တော့ဘူးလေ။)

ဓာတ်လှေကား၊စက်လှေကားနဲ့ ရိုးရိုးလှေကားတွေမှာဆိုရင်

ဓာတ်လှေကားစီးတဲ့အခါမှာ ကိုယ်ကခလုတ်အရှေ့မှာပိတ်ရပ်နေပြီး သူများအတွက်မနှိပ်ပေးတဲ့အပြုအမူကလည်း ရိုင်းပါတယ် ယောင်းရေ။ ကိုယ်လည်း သိပ်အပန်းကြီးတာမဟုတ်ဘဲနဲ့ အဲ့လိုကြီးလုပ်တာက သူများအတွက်လည်း အဆင်မပြေဘူးလေ။ စက်လှေကားစီးရင်လည်း ပုံမှန်ဆိုအမြဲ ညာဘက်ကပ်စီးရပါတယ်။ ဒါမှ တစ်ခုခုအရေးပေါ်ဖြစ်ရင် ဘယ်ဘက်ကနေ မြန်မြန်တက်လို့ရအောင် ချန်ထားရပေးရတယ်လေ။ အခုက တစ်ခုခုအရေးပေါ်ဆိုလည်း မနည်းတိုးပြီး တက်နေရတော့ တော်တော်စိတ်ညစ်ဖို့ကောင်းတာပါ။ လှေကားပေါ်တွေမှာလည်း အဲ့လိုပါပဲ.. တစ်ချို့အတွဲတွေဆို လက်လေးတွေတွဲ၊ လှေကားပေါ် ရိုဆန်ဆန်လေး တက်နေကြတော့ သူတို့နောက်ကလိုက်တဲ့ အလျင်လိုသူတွေမှာ ဒုက္ခရောက်ကြရပါတယ်။ ပုံမှန်အချိန်မှာတော့ အချစ်ငှက်လေးတွေ ကြည်နူးကြတယ်လို့ မြင်ပေးနိုင်ပေမဲ့ အဲ့လို အချိန်တွေမှာတော့ ငှက်စုတ်တွေပါပဲ.. -_-

Related Article >>> လုပ်ငန်းခွင်အတွင်းမှာ လိုက်နာသင့်တဲ့ ကိုယ်ကျင့်တရားလေးတွေ

လိပ်စာကဒ်တွေနဲ့ ပတ်သက်လာရင်

နောက်တစ်ခုကတော့ သူများက လိပ်စာကတ် (Business Card) ပေးတဲ့အခါ လက်ကောက်သုတ်ပစ်တာ၊ အပေါ်မှာ စာတစ်ခုခုကောက်ချရေးလိုက်တာမျိုး လုံးဝ (လုံးဝ) မလုပ်ရပါဘူး။ ဒါကသူရဲ့ ကိုယ်ရေးအကျဉ်းလို့ပြောလို့ရတာမို့ တလေးတစားသိမ်းပေးရမယ်နော်။ 

ဒါတွေက နှင်းတို့ကိုယ်တိုင်တောင် အရင်ကရိုင်းတယ်လို့မထင်ခဲ့တဲ့ အချက်တွေလေ။ အခု လူတွေနဲ့ပိုဆက်ဆံလာတဲ့အခါ ပိုသိတာတွေထဲကတစ်ချို့ပေါ့။ ကိုယ်ကသာမန်လောက်သဘောထားပြီးနေလိုက်ပေမဲ့ တစ်ဘက်လူတွေအတွက် အရမ်းစိတ်အနှောင့်အယှက်ဖြစ်ရတဲ့ အပြုအမူမျိုးတွေပါ။ ဒီထဲက အချို့အချက်တွေကို နှင်းကိုယ်တိုင်လည်း မသိလိုက်ဘဲမှားခဲ့ဖူးပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပေါ့.. ကိုယ့်ပတ်ဝန်းကျင်က လူတွေအားလုံးကလည်း ဒီလိုပဲဆိုတော့ ကိုယ်လည်း ဒါကို ရိုင်းတယ် မထင်တော့တာမျိုးတွေလေ.. ဒါကြောင့် ယောင်းတို့ကိုသတိထားမိစေဖို့ ရည်ရွယ်ရင်း ဒီဆောင်းပါးကိုရေးလိုက်ပါတယ်။ ပြင်ရခက်တာသိပေမဲ့လည်း လူမှုရေးအရရော၊ ကိုယ့်ရဲ့ ဂုဏ်သိက္ခာအတွက်ရော ပြင်သင့်တာပြင်လို့ အများအလယ် တင့်တယ်တဲ့ ယောင်းလေးတွေ ဖြစ်နိုင်ကြပါစေ ယောင်းတို့ရေ… 

Hnin Ei Oo ( For Her Myanmar )

No Comments Yet

Leave a Reply

Your email address will not be published.